ဒုက္ခသည်အရေး သြစတြေးလျနဲ့ အင်ဒိုနီးရှားဆွေးနွေး

သြစတေးလျှဝန်ကြီးချုပ် Tony Abbott နဲ့ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono (စက်တင်ဘာ ၃၀၊ ၂၀၁၃)

သြစတေးလျှဝန်ကြီးချုပ် အသစ် Tony Abbott (တိုနီ အဘော့တ်) ဟာ အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ခရီးအဖြစ် တနင်္လာနေ့မှာ ရောက်ရှိလာပါတယ်။ သြစတေးလျှနိုင်ငံမှာ ခိုလှုံခွင့်တောင်းဖို့ တောင်းခံသူတွေအပေါ် သူ့ရဲ့တင်းမာတဲ့ မူဝါဒနဲ့ပတ်သက်တဲ့ အကြောင်းအရာဟာ သူ့ရဲ့အခုခရီးစဉ်ကို လွှမ်းမိုးနေဖွယ်ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာပြီးတဲ့နောက် ဝန်ကြီးချုပ်ဟာ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono( ဆူဆီလိုဘန်ဘန် ယူဒိုယိုနို) နဲ့ မတွေ့ဆုံခင် နာရီပိုင်းအလိုမှာ ဂျကာတာမြို့မှာရှိတဲ့ အမျိုးသားသချုႋင်းကိုသွားရောက်ပြီး စစ်အတွင်းက ကျဆုံးခဲ့တဲ့ အင်ဒိုနီးရှား သူရဲကောင်းတွေကို ပန်းခွေချ အလေးပြုခဲ့ပါတယ်။

သြစတေးလျှနိုင်ငံမှာ ခိုလှုံခွင့်ရှောက်ထားဖို့ ကြိုးပမ်းသူတွေ စီးနင်းလာတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားရေပိုင်နက်အတွင်း တိမ်းမှောက်နစ်မြုတ် ခဲ့တဲ့အတွက် လူပေါင်း ၃၆ ယောက်ထက်မနည်း သေဆုံးခဲ့မှုဖြစ်ပွားခဲ့အပြီး ရက်အနည်းငယ်အကြာမှာ အခုလို ၂ နိုင်ငံ ခေါင်းဆောင် ၂ ဦး တွေ့ဆုံကြတာပါ။

သြစတေးလျှ ဝန်ကြီးချုပ်အသစ်ဟာ အင်ဒိုနီးရှားနိုင်ငံကနေ ရေကြောင်းကတဆင့် ဝင်ရောက်လာပြီး ခိုလှုံရဖို့ ကြိုးပမ်းသူတွေအရေးကို အဆုံးသတ် ပစ်မယ်လို့ ကြွေးကြော်ပြီး အခုလဆန်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိလာသူဖြစ်ပါတယ်။

သူ့ရဲ့မူဝါဒအသစ်ကြောင့် လှေစီးပြေးလာသူတွေ ကမ်းကိုမကပ်နိုင်အောင် ဟန့်တားဖို့နဲ့ ခိုလှုံခွင့်ရဖို့ ကြိုးစားသူတွေ လာရာအရပ်ကို နှင်ထုတ်ဖို့ သြစတေးလျှရေတပ်ကို မိန့်ပေးထားပါတယ်။ အဲဒီမူဝါဒ အသစ်ကြောင့် အင်ဒိုနီးရှား အာဏာပိုင်တွေ စိတ်ဆိုးဒေါသဖြစ်စေပြီး အင်ဒိုနီးရှားရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောနေတာပါ။