မလေးရှားနဲ့ သြစတြေးလျ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ် စတင်

မလေးရှားနဲ့ သြစတြေးလျ ဒုက္ခသည် ဖလှယ်ရေး အစီအစဉ် စတင်

သြစတြေးလျနဲ့ မလေးရှား နှစ်နိုင်ငံ သဘောတူညီချက်အရ ပထမအသုတ်အဖြစ် မြန်မာဒုက္ခသည် ၁၃ ယောက် သြစတြေးလျကို ရောက်ရှိလာပါတယ်။ သြစတြေးလျ နိုင်ငံတွင်း လူမှောင်ခို တင်သွင်းမှု လျှော့ချရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သြစတြေးလျက မလေးရှားမှာရှိတဲ့ ဒုက္ခသည် ၄,၀၀၀ ကို ခေါ်ယူမှာဖြစ်ပြီး သြစတြေးလျက တရားမဝင် ခိုးဝင်လာသူ ၈၀၀ ကို မလေးရှားကို ပြန်ပို့မယ်ဆိုပြီး သဘောတူခဲ့တာပါ။ ဒီသဘောတူစာချုပ် နောက်ပိုင်း သြစတြေးလျကို လှေတွေနဲ့ ပင်လယ်ဖြတ်ကျော် ဝင်ရောက်လာသူ သိသိသာသာ လျော့သွားတယ်လို့လည်း ပြောဆိုကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

သြစတြေးလျနိုင်ငံက ၄ နှစ်အတွင်း မလေးရှားမှာ ရှိနေတဲ့ နိုင်ငံတကာက ဒုက္ခသည်တွေထဲက ၄,၀၀၀ ခေါ်ယူမယ့် အစီအစဉ် ပထမအသုတ် အဖြစ်နဲ့ မြန်မာဒုက္ခသည် ချင်းတိုင်းရင်းသား ၁၃ ယောက် အခု သြစတြေးလျကို ရောက်ရှိလာပါတယ်။ သြစတြေးလျနိုင်ငံက မြန်မာ့အရေး ဆောင်ရွက်နေသူ ဒေါက်တာ မြင့်ချိုက ရောက်လာသူတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဟိုတလောက ၁၃ ယောက် ရောက်လာတယ်ဗျ။ ၁၃ ယောက်က မဲလ်ဘန်းရယ်၊ ဘရစ်စ်ဘိန်းရယ်၊ အဲဒီ ၂ မြို့မှာ အများအားဖြင့် ရောက်သွားတယ်။ ပထမသုတ်အဖြစ် ရောက်လာတယ်။ ချင်းလူမျိုးတွေလို့ ပြောတယ်။ ဒုက္ခသည်အဖြစ်နဲ့ လာတဲ့သူတွေ အကုန်လုံးကတော့ တပုံစံတည်းပဲ၊ အစိုးရက ထောက်ပံ့ကြေး ပေးတာတွေ၊ ဒီရောက်လာတဲ့အခါ နေသားကျသွားအောင် ကူညီပေးတဲ့ ကိစ္စတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံး အတူတူပါပဲဗျ။”

မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ရပြီး တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ရဖို့ စောင့်ဆိုင်းနေသူ သောင်းနဲ့ချီပြီး ရှိနေတာပါ။ ဒီထဲကနေ အခု သြစတြေးလျကို ခိုလှုံခွင့် ရသွားတဲ့ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသား ဘဝိ ဟုမ် မူလန် (Bawi Hum Mualhlun) ကတော့ သြစတြေးလျကို မထွက်ခွာခင် သူ့မိသားစု ရှေ့ရေးနဲ့ ပတ်သက်ပြီး ချင်းဘာသာစကားနဲ့ အခုလို ပြောပါတယ်။

“သြစတြေးလျကို ရောက်ပြီ ဆိုတာနဲ့ အလုပ် စလုပ်ချင်ပါတယ်။ ပြီးတော့ ကျနော် အင်္ဂလိပ်စာလည်း မြန်မြန် သင်ချင်ပါတယ်။ အထူးသဖြင့်ဗျာ ဗမာပြည်မှာ ကျန်နေခဲ့တဲ့ ကျနော့်သမီးလေး သြစတြေးလျကို လိုက်လာပြီး ကျနော်တို့နဲ့ အတူနေနိုင်ဖို့ ကျနော် မျှော်လင့်ထားပါတယ်။”

ချင်းတိုင်းရင်းသား ဘဝိ ဟုမ် မူလန်က ဇနီးဖြစ်သူနဲ့ ၁ နှစ်သမီးလေးတို့နဲ့အတူ အခု သြစတြေးလျမှာ ခိုလှုံခွင့် ရသွားပါတယ်။ ၅ နှစ်အရွယ် သမီးငယ်ကတော့ မြန်မာပြည်မှာ ကျန်နေခဲ့တာပါ။ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရေး အတွက် မလေးရှားနိုင်ငံမှာ ၇ နှစ်ကြာ စောင့်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းတုန်းက သြစတြေးလျက သူ့ကို ခိုလှုံခွင့်ပေးတော့ ပြောမပြတတ်လောက်အောင် ဝမ်းသာရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့လက သြစတြေးလျနဲ့ မလေးရှား နှစ်နိုင်ငံ ဒုက္ခသည် ခေါ်ယူရေးဆိုင်ရာ သဘောတူညီချက်က မလေးရှားမှာ ရှိနေတဲ့ ဒုက္ခသည်တွေအတွက် အခွင့်အလမ်းတွေ ပိုပြီး ထွက်ပေါ်လာစေတယ်လို့ ပြောသူကတော့ မလေးရှားနိုင်ငံ ချင်းဒုက္ခသည်များဆိုင်ရာ တာဝန်ခံ ပက်ထရစ် ဆန် ဘဝိ ဟင်း (Patrick Sang Bawi Hnin) ဖြစ်ပါတယ်။

“ဒီသဘောတူညီချက်အရ မလေးရှားက ဒုက္ခသည်တွေ သြစတြေးလျမှာ ခိုလှုံခွင့်ရဖို့ အခွင့်အလမ်း ပိုပြီး ရှိလာပါမယ်။ ကျနော်တို့အတွက်တော့ သတင်းကောင်းပါပဲဗျာ။ သိတဲ့အတိုင်းပဲ၊ ကျနော်တို့ အားလုံးလည်း စိတ်လှုပ်ရှားနေကြတယ်။ ဒါပေမဲ့ဗျာ သြစတြေးလျကနေ ပြန်ပို့ခံရမယ့် လူ ၈၀၀ အတွက်တော့ ကျနော်တို့ စိတ်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခ အခက်အခဲတွေကို သူတို့ ရင်ဆိုင်ကြရမှာမို့ပါ။”

လတ်တလောမှာတော့ သြစတြေးလျက တရားမဝင် ဝင်ရောက်လာတဲ့ ဒုက္ခသည် ၈၀၀ ကို မလေးရှားကို ပြန်ပို့ရေး၊ မပို့ရေးအတွက် သြစတြေးလျ တရားခုံရုံးက မဆုံးဖြတ်ရသေးပါဘူး။

သြစတြေးလျနဲ့ မလေးရှား နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ထိုးပြီး နောက်ပိုင်းမှာတော့ သြစတြေးလျကို ခိုးဝင်တဲ့ လှေတွေ သိသိသာသာ လျော့ကျသွားတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူ ဒေါက်တာ မြင့်ချိုက ပြောပါတယ်။

“ခါတိုင်းလို ခိုးဝင်လာတဲ့ လှေ၊ သင်္ဘောတွေ တော်တော် အဝင်ကျဲသွားတာကို တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ခိုးဝင်လာတဲ့ သူတွေကလည်း ပိုက်ဆံတွေ ဒေါ်လာ ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ လူပွဲစားကို ပေးရတယ်။ လူပွဲစားကလည်း ပိုက်ဆံတွေ အများကြီး ယူပြီးတော့ ပင်လယ်ကို ဖြတ်ပြီးတော့ သေချာပေါက် ဒီမှာရမယ် ဆိုပြီးတော့ ခေါ်လာတာကိုး။

“အဲတော့ အခုလို ပိုက်ဆံတွေ အကုန်ခံပြီးတော့ သက်စွန့်ဆံဖျား ရောက်လာပြီးတော့ သြစတြေးလျက လက်မခံဘဲ မလေးရှားကို ပို့မယ် ဆိုတဲ့အခါကြတော့ ဒီကိုလာသမျှ အလကား၊ ခဲလေသမျှ သဲရေကျပဲ ဆိုပြီးတော့ တချို့ကလည်း အဲဒီလို စဉ်းစားသွားနိုင်တယ်။”

မလေးရှားနိုင်ငံမှာ မြန်မာ အပါအဝင် နိုင်ငံတကာ ဒုက္ခသည်တွေဟာ တခြားနိုင်ငံတွေမှာ ခိုလှုံခွင့်ရရေး နှစ်နဲ့ချီပြီး စောင့်ဆိုင်းကြရတာပါ။ လူမှောင်ခို ပွဲစားတွေကို အခကြေးငွေ အမေရိကန်ဒေါ်လာ ထောင်သောင်းနဲ့ချီ ပေးပြီး သြစတြေးလျ နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်ပြီး ခိုလှုံခွင့်ရဖို့ ကြိုးစားနေကြ သူတွေလည်း ရှိပါတယ်။ လတ်တလောမှာတော့ မလေးရှားနိုင်ငံမှာ UNHCR ဒုက္ခသည် လက်မှတ်နဲ့ မှတ်ပုံတင် နေထိုင်သူ ၉၅,၀၀၀ လောက် ရှိနေတာမှာ မြန်မာနိုင်ငံသားက ၈၅,၀၀၀ လောက် ရှိနေတာ ဖြစ်ပါတယ်။