Australia အမျိုးသမီးတင်းနစ် Azarenka ဗိုလ်စွဲ

Australian Open Tennis ပြိုင်ပွဲရဲ့ အမျိုးသမီးတဦးချင်း ချန်ပီယံဆု ဆွတ်ခူူးသွားသူ ဘယ်လာရုစ်နိုင်ငံက Victoria Azarenka။ (ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၃)။

သြစတြေးလျနိုင်ငံ မှာ ကျင်းပနေတဲ့ Australian Open Tennis ပြိုင်ပွဲရဲ့ အမျိုးသမီးတဦးချင်း ချန်ပီယံဆုကို ဘယ်လာရုစ်နိုင်ငံက၊ ကမ္ဘာ့နံပါတ် (၁) ဗစ်တိုးရီးယား အာဇာရန်းကား (Victoria Azarenka) က အနိုင်ရပြီး ၂ နှစ်ဆက်တိုက် ဗိုလ်စွဲသွားပါတယ်။ မဲလ်ဘုန်းမြို့မှာ မနေ့က ကစားတဲ့ ဖိုင်နယ်မှာ အာဇာရန်းကားက တရုတ်နိုင်ငံက ကမ္ဘာ့အဆင့် (၆) လီးနား (Li Na) ကို ၄-၆၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရသွားတာပါ။
မနေ့က ဖိုင်နယ်ပွဲကစားနေစဉ်အတွင်း လီးနားဟာ ၂ ခါတောင် ခြေထောက်ခေါက်ပြီး လဲခဲ့သလို၊ နောက်ဆုံး set မှာ ဒုတိယ တခေါက်လဲတဲ့အခါမှာလည်း သူခေါင်းနဲ့ ကစားကွင်းကြမ်းပြင် နဲ့ ခပ်ပြင်းပြင်းဆောင့်ခဲ့မိပါတယ်။ အဲဒီလိုမျိုး ဒဏ်ရာကြောင့် ပွဲကို ၂ ခါတောင် ရပ်ပစ်ခဲ့ရသလို၊ မနေ့စနေနေ့တုန်းက သြစတြေးလျနိုင်ငံမှာ သြစတြေးလျအမျိုးသား နေ့ အခမ်းအနား ကျင်းပပြီး မီးရှုးမီးပန်းတွေ ပစ်ဖောက်ခဲ့တာကြောင့် ပွဲကို ၁၀ မိနစ်လောက် ရပ်နားပစ်ခဲ့ရပါတယ်။

အခုပွဲဟာ အာဇာရန်းကာအတွက်တော့ ဒုတိယမြောက် ဂရန်းစလမ်းဖလားဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်ကလည်း သူဟာ ဒီ Australian Open ကို အနိုင်ရထားတာပါ။ အာဇာရန်းကာဟာ လီးနားနဲ့ နောက်ဆုံး ၆ ပွဲ ကစားတာမှာ သူက ၅ ပွဲ နိုင်ခဲ့ပါတယ်။ အာဇာရန်းကာဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် ကမ္ဘာ့နံပါတ် (၁) အဖြစ် ဆက်ပြီးတော့ ရှိသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အမျိုးသား တဦးချင်းဖိုင်နယ်ကို ဆာဗီးယားနိုင်ငံက ကမ္ဘာ့နံပါတ် (၁) ဂျိုးကိုဗစ်ချ် နဲ့ ဗြိတိန်နိုင်ငံက ကမ္ဘာ့နံပါတ် (၃) အန်ဒီမာရီတို့ ကစားကြမှာဖြစ်ပါတယ်။