အမေရိကန်ခေါင်းဆောင်မှုအပေါ် သြစတြေးလျ ယုံကြည်မှုကျဆင်း

်အိမ်ဖြူတော်မှာကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှ သမ္မတ Donald Trump (ဇွန် ၂၁၊ ၂၀၁၈)

အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ခေါင်းဆောင်နိုင်ငံတခုအဖြစ် Australia ပြည်သူတွေရဲ့ ယုံကြည်မှုက စံချိန်တင်အောင် ကျဆင်းနေသလို သမ္မတ Donald Trump ဟာ Australia နိုင်ငံရဲ့ အကျိုးစီးပွားကို အကြီးအကျယ် ခြိမ်းခြောက်နေသူဖြစ်တယ်လို့ မြင်နေကြကြောင်း နောက်ဆုံးကောက်ခံတဲ့ စစ်တမ်းတခုမှာ တွေ့ရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာ့ခေါင်းဆောင်အနေနဲ့ တာဝန်သိဆောင်ရွက်နေ တယ်လို့ Australia ပြည်သူတွေရဲ့ ယုံကြည်မှုက ၂၀၁၁ ခုနှစ်တုန်းက ၈၃ % အထိ မြင့် တက်ခဲ့ပေမဲ့ အခု၂၀၁၈ ခုနှစ်မှာ ၅၅% သာရှိတယ်လို့ မူဝါဒပိုင်းဆိုင်ရာ သီးခြား လွတ်လပ်တဲ့ တတ်သိပညာရှင်များအဖွဲ့ Lowy Institute ရဲ့ နှစ်စဉ်စစ်တမ်းမှာ ဖော်ပြပါတယ်။ စစ်တမ်းထဲမှာ ပါဝင်သူ ၅ ယောက်မှာ ၂ ယောက်က အမေရိကန်သမ္မတ Trump ဟာ Australia နိုင်ငံရဲ့ အကျိုးစီးပွားကို အကြီးအကျယ်ခြိမ်းခြောက်နေသူအဖြစ် မြင်ကြပါတယ်။

တရုတ်နဲ့ အမေရိကန်အပေါ် Australia ယုံကြည်မှုက အတူတူပဲဆိုတာကိုလည်း စစ်တမ်း မှာ တွေ့ရှိခဲ့ပါတယ်။ တရုတ်ရဲ့ လာရောက်ရင်းနှီးမြှုပ်နှံမှုကို အစိုးရက အလွန်အမင်း ခွင့်ပြုနေတယ်လို့လည်း အရွယ်ရောက်ပြီးတဲ့ Australia ပြည်သူ ၄ ပုံ ၃ ပုံနီးပါးက ပြောကြပါတယ်။

ဒါ့အပြင် နိုင်ငံထဲမှာ နိုင်ငံရွှေ့ပြောင်းအခြေချမှုတွေ သိပ်များနေသလို ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို အစိုးရက လျှစ်လျှူရှုထားတယ်လို့ အများရဲ့ လေးစားယုံကြည်မှုရတဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။ Australia ပြည်သူတွေရဲ့ ယုံကြည်မှုကို ၂ နှစ်ဆက်တိုက် အမြင့်မားဆုံးရတဲ့ နိုင်ငံကတော့ ဗြိတိန်နိုင်ငံဖြစ်ပါတယ်။

နိုင်ငံအတွက် အဓိကလုံခြုံရေးအန္တရာယ်က အကြမ်းဖက်မှုနဲ့ မြောက်ကိုရီးယား Nuclear အစီအစဉ်ဖြစ်တယ်လို့လည်း Lowy Institute ရဲ့ စစ်တမ်းမှာတွေ့ရှိပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ခေါင်းဆောင်မှုအပေါ် သြစတြေးလျ ယုံကြည်မှုကျဆင်း