ပြောင်းရွှေ့ ဝင်လာသူတွေကို ပိတ်ပင်မှု Austria ထောက်ခံ

ဂရိနိုင်ငံရောက် ရွှေ့ပြောင်းဒုက္ခသည်များ ( မတ် ၁၀၊ ၂၀၁၆)

ဘော်လကန်ဒေသ နိုင်ငံ ၄ နိုင်ငံက သူတို့ရဲ့ နယ်စပ်ဒေသတွေ ကို ရွှေ့ပြောင်း ဒုက္ခသည် အားလုံးလိုလို အတွက် ဒီသီတင်းပါတ်ထဲမှာ ပိတ်ပစ်ဖို့ ဆုံးဖြတ်ချက်ကို Austria နိုင်ငံက ထောက်ခံလိုက်လိုက်ပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ လမ်းကြောကို လုံးဝဆက်ပိတ်ထားဖို့ လည်း တောင်းဆို လိုက်ပါတယ်။

ဘော်လကန် နိုင်ငံတွေကို ဖြတ်ပြီး ရွှေ့ပြောင်းဒုက္ခသည်တွေ ဥရောပမြောက်ပိုင်းကို ဝင်ရောက်ဖို့ ကြိုးစားမှုကို ကန့်သတ်ဖို့ သူ့အစိုးရအနေနဲ့ ထောက်ခံကြောင်း Austria ပြည်ထဲရေးဝန်ကြီး Johanna Mikl-Leitner က ပြောပါတယ်။Slovenia, Macedonia, Serbia နဲ့ Croatia နိုင်ငံ ၄ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံဖို့ လုပ်နေသူတွေမှအပ၊ကျန်ရွှေ့ပြောင်း ဒုက္ခသည် အားလုံးအတွက် ပိတ်ပင်ဖို့ သူတို့ ၄ နိုင်ငံက ဒီသီတင်းပါတ်ထဲမှာပဲ စတင်လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

နာရီဆိုတာ နောက်ပြန်မသွားဘူးလို့ ပြောပြီး၊ရွှေ့ပြောင်းဒုက္ခသည်တွေဝင်ရောက်နေတဲ့ ဘော်လကန်လမ်းကြောလို့ ခေါ်နေတဲ့ လမ်းကြောကို လုံးဝပိတ်ထားသင့်တယ် လို့ ပြည်ထဲရေးဝန်ကြီး Mikl-Leitner က Die Welt ဂျာမဏီ နေ့စဉ် သတင်းစာကို ပြောပါတယ်။

တချိန်ထဲမှာပဲ တူရကီအနောက်ဖက်ကမ်းလွန်ဒေသမှာ Lesbos ကျွန်းကနေ ဂရိနိုင်ငံကိုသွားတဲ့ လှေတစင်း နစ်မြုပ်ခဲ့တဲ့အတွက် ၃ လသားအရွယ် ကလေးငယ်တဦးအပါအဝင် ရွှေ့ပြောင်း ဒုက္ခသည် ၅ ဦး သေဆုံးခဲ့ရတယ်လို့ တူရကီ သတင်းဌာနက ပြောပါတယ်။ အာဖဂန်နဲ့ အီရန်နိုင်ငံသား ရွှေ့ပြောင်း ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ဒီလှေထဲက ၉ ဦးကို ကယ်တင်နိုင်ခဲ့ ပေမယ့် ၂ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂက ကန့်ကွက်မှုကို ရင်ဆိုင်နေရပေမယ့် ဥရောပ သမဂ္ဂနဲ့ တူရကီတို့ဟာ တူရကီကနေ ဂရိကို ရောက်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည် အားလုံးကို တူရကီ ပြန်ပို့ဖို့ အစီအစဉ် ကို အပြီးသတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေကြ ပါတယ်။ကုလသမဂ္ဂ လူ့အခွင့်ရေး ဆိုင်ရာ အကြီးအကဲ Zeid Ra'ad Al Hussein ကတော့ ဒီအစီစဉ်ဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။