ပြောင်းရွှေ့ ဝင်ရောက်သူတွေအတွက် သြစတြီးယားနဲ့ ဂျာမနီနယ်စပ်ဖွင့်

ဟန်ဂေရီနဲ့ သြစကြီးယားနယ်စပ်မြို့တမြို့မှာ ကလေးငယ်တဦးနဲ့အတူ နယ်စပ်ဖြတ်ကျော်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ တစ်ဦး။ (သြဂုတ် ၅၊ ၂၀၁၅)

သြစတြီးယားနိုင်ငံကိုဖြတ်ပြီးတော့ ဂျာမနီနိုင်ငံဆီ ခရီးဆက်ကြဖို့ ဘတ်စ်-ကား၊ ရထား ဒါမှမဟုတ် ခြေကျင်လျှောက် ဝင်လာကြတဲ့ ထောင် ပေါင်းများစွာသော ရွှေ့ပြောင်းဝင်ရောက်သူတွေကို သြစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေက သူတို့နယ်စပ်တွေကို စနေနေ့မှာ ဖွင့်ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ရွှေ့ပြောင်းဝင်သူတွေကို သြစတြီးယားနယ်စပ်ဆီ ဘတ်စ်ကားနဲ့ ပို့ပေးတာဟာ တကြိမ်တည်းပဲ လုပ်ပေးတာမို့ ဆက် လုပ်မပေးတော့ဘူးလို့ ဟန်ဂေရီရဲချုပ်က ပြောပါတယ်။

မကြုံဖူးလောက်အောင် များပြားလှတဲ့ အရေအတွက်နဲ့ ဝင်လာတဲ့ ရွှေ့ပြောင်းဝင်သူတွေအရေး ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတွေအကြား သဘောထားကွဲပြားနေတာပါ။ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားသူတွေ ဝင်လာတဲ့ကိစ္စဟာ အမြဲတမ်းဖြစ်နေမယ့်ကိစ္စ ဖြစ်ပြီး အဲဒါကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ဖို့ ဥရောပအနေနဲ့ တညီတညွတ်တည်း ချဉ်းကပ်ကြဖို့ EU နိုင်ငံခြားရေးရာ အကြီးအကဲ Federica Mogherini က သတိပေးပါတယ်။

ရွှေ့ပြောင်းဝင်သူတွေ ကြုံနေရတဲ့အခြေအနေနဲ့ အသက်ဆုံးရှုံးမှု တိုးလာနေတာဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းကဆိုရင် အကြီးမားဆုံး ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းဖို့ ဥရောပကို သတိပေးလိုက်တာဖြစ်တယ်လို့ သြစတြီးယား နိုင်ငံခြားရေး ဝန်ကြီး Sebastian Kurz ကပြောပါတယ်။

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့တော်က Keleti ဘူတာရုံမှာ ရက်အတော်ကြာ နှောင့်နှေးနေခဲ့ပြီးတဲ့နောက် ဒုက္ခသည်တွေနဲ့ ပြည့်နေတဲ့ ရထားတွေ ဂျာမနီနိုင်ငံကို စနေနေ့က ရောက်သွားကြပါတယ်။