AIDS ညီလာခံ ဖွင့်ပွဲ လေယာဉ်ပျက် ဆုံးပါးသူတွေကို ဂုဏ်ပြု

နိုင်ငံတကာ AIDS အသိုင်းအဝန်းဥက္ကဋ္ဌ Françoise Barre-Sinoussi ညီလာခံ အဖွင့်မိန်းခွန်း ပြောကြားစဉ်။ (ဂျူလိုင် ၁၉၊ ၂၀၁၄)

Australia နိုင်ငံမှာ ၆ ရက်တာကျင်းပမယ့် နိုင်ငံတကာ AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေးညီလာခံကို ကြေကွဲဝမ်းနည်းမှုတွေ ခိုင်မာတဲ့ သံဓိဌာန်တွေနဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်လိုက်ပါပြီ။ ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပျက်ကျသွားရတဲ့ မလေးရှားလေကြောင်း လေယာဉ်အမှတ် MH17 မှာ ပါသွားပြီး သေဆုံးသွားခဲ့ကြတဲ့ ညီလာခံကို လာသူ ၆ ဦးကို ထောင်ချီတဲ့ ညီလာခံ တက်ရောက်သူတွေ ဂုဏ်ပြုခဲ့ကြပါတယ်။ Melbourne မြို့မှာကျင်းပတဲ့ ဖွင့်ပွဲအခမ်းနားမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် တခဏတာ ငြိမ်သက်ကြဖို့ နိုင်ငံတကာ AIDS အသိုက်အဝန်းရဲ့ ဥက္ကဋ္ဌ Francoise Barre-Sinoussi က ပန်ကြားခဲ့ပါတယ်။

ဒီကို ရည်စူးပြီးလာခဲ့ကြပေမယ့် ရောက်မလာနိုင်တဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလုပ်ချင်တဲ့ ဆွေးနွေးမှုတွေ အခြေအတင်ပြောဆိုမှုတွေ နဲ့ လေ့လာမှုတွေကို လာမယ့်သီတင်းပတ်အတွင်းမှာ လုပ်သွားကြဖို့ ကျမတို့ ဒီမှာ ရောက်ရှိနေကြတာပါ။ ၂၀၁၄ AIDS ညီလာခံကို သူတို့အတွက် ရည်စူးကျင်းပချင်ပါတယ် လို့ ညီလာခံ ဥက္ကဋ္ဌ Francoise Barre-Sinoussi က ပြောသွားပါတယ်။

နိုင်ငံတကာ AIDS အသိုက်အဝန်းရဲ့ ဥက္ကဋ္ဌဟောင်းလည်းဖြစ် dutch နွယ်ဖွား ထင်ရှားတဲ့ သုတေသီလည်းဖြစ်တဲ့ Joep Lange နဲ့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ Glenn Thomas တို့ဟာလည်း ကမ္ဘာတလွှားက တက်ကြွလှုပ်ရှားသူနဲ့ သုတေသီပေါင်း ၁,၂၀၀၀ လာရောက်တဲ့ AIDS ညီလာခံကို တက်ရောက်ဖို့ ပျက်ကျ မလေးရှားလေယာဉ်နဲ့ လိုက်ပါလာကြတာဖြစ်ပါတယ်။

သူတို့အပါဝင် ခရီးသည်နဲ့ အမှုထမ်း ၂၉၈ ဦးဟာ Ukraine နိုင်ငံအရှေ့ခြမ်းမှာ အောက်ကနေ ဒုံးကျည်နဲ့ ပစ်ချခံရပြီး သေဆုံးသွားကြရပါတယ်။ အကြိမ် ၂၀ မြောက် နှစ်ပတ်လည် AIDS ညီလာခံမှာ AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းအခြေအနေတွေ၊ ဒီရောဂါနဲ့ပတ်သတ်လို့ လူ့အသိုင်းအဝိုင်းရဲ့ တုံ့ပြန်ပုံတွေနဲ့ ရောဂါ ကာကွယ်တားဆီးရေးအတွက် လျှင်မြန် ထိရောက်မယ့်နည်းလမ်းတွေကို ဆွေးနွေးကြမှာဖြစ်ပြီး လာမယ့်သောကြာနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။