ပုဂံဘုရား ၅ ဆူ ပစ္စယံအထိ တက်ခွင့်ပိတ်ပင်မှု ပြန်ရုပ်သိမ်း

ပြီးခဲ့တဲ့ ရက်ပိုင်းက မတ်လ ၁ ရက်နေ့ကစပြီး၊ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်းက ဘယ် ဘုရားပစ္စယံတွေပေါ်ကိုမှ တက်ရောက်ခွင့် မပြုတော့ဘူးဆိုတဲ့ ကြေညာချက်ကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ပြီး တရက်အကြာမှာပဲ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

မကြာသေးခင်က ဘုရားပစ္စယံအတွင်းမှာ ပွဲလမ်းသဘင်ကျင်းပပြီး ကပြတဲ့ ဗွီဒီယိုဖိုင်တခု လူမှုကွန်ယက်မှာ တက်လာမှုတွေကြောင့် အခုလို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပေမဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ ပြန်လည်ဆွေးနွေးပြီး အခုလို ကြေညာချက်ကို ရုပ်သိမ်းလိုက်တာပါ။ ရုပ်သိမ်းလိုက်တာကြောင့် မူလ တက်ရောက်ခွင့်ပြုထားတဲ့ ဘုရား ၅ ဆူမှာ အထက်ပစ္စယံထိ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက်က မမေခ က သတင်းပေးပို့ထားပါတယ်။

လက်ရှိ နောက်ဆုံးထုတ်ပြန်ချက်အရ ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံများအနက် နေဝင်ချိန် မြင်ကွင်း ကောင်းမွန်တဲ့ ရွှေဆံတော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီ စတဲ့ ဘုရား ၅ ဆူ ပစ္စယံများပေါ်ကို ပြည်တွင်းပြည်ပ ဧည့်သည်များကို တက်ရောက်ရန်အတွက် ခွင့်ပြုပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ က ယဉ်ကျေးမှုဝန်ကြီးဌာနက ဘုရားပစ္စယံများပေါ်တွင် တွယ်ဖက် ဓာတ်ပုံရိုက်ကူးမှုများကြောင့် စိန်တောင်များ၊ တံတိုင်း မုခ်တိုင်များ ထိခိုက်ရှနာမှုများ ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ဒီပြင် ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အဦးများဟာ နှစ်ပေါင်းကြာမြင့်ပြီး ခံနိုင်ရည် လျော့နည်းလာတဲ့အပြင် လူအင်အား အရေအတွက်များစွာ တက်ရောက်ခြင်းများကြောင့် ဘုရားများ ပျက်စီးမှုအန္တရာယ်၊ လူများ ထိခိုက်မှု အန္တရာယ်များ ဖြစ်လာနိုင်ဖွယ် ရှိနေတယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

ဒါတွေကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ဘုရားများ၊ ပစ္စယံများပေါ်ကို မတ်လ ၁ ရက်နေ့ကနေစပြီး တက်ခွင့်မပြုကြောင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာပေါ် မှာရော ဖေဖော်ဝါရီ ၂၃ ရက်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာ များတွင်ပါ ဖော်ပြ ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာခဲ့ပေမဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင် ကလည်း သူ့သဘောမပါကြောင်း သူ့ Facebook မှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ်မှာ ပြည်သူတချို့ကလည်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှုမှာ ခုတ်ရာတခြား ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။ ဒီလို ဝေဖန်မှုတွေ ထွက်ပေါ်ပြီး ဖေဖော်ဝါရီ ၂၃ ညပိုင်းမှာ ယဉ်ကျေးမှုဝန်ကြီးဌာန Facebook စာမျက်နှာပေါ်မှာ အခုလို ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်တာပါ။

လက်ရှိမှာ အစိုးရအနေနဲ့ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းမှုလုပ်ငန်းတွေကို ပိုမို ကြပ်မတ်လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့လည်း ပုဂံဒေသ ရှေးဟောင်း သုသေသနနဲ့ အမျိုးသားဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က အခုလို ပြောပြပါတယ်။

“ခရီးသွားဝန်ထမ်းတွေကိုလည်း အထောက်အပံ့ဖြစ်စေဆိုတဲ့ သဘောပေါ့နော်။ နောက်ပြီးတော့ ပြည်သူတွေလည်း အစကတည်းက တက်နေကြတော့ ဟုတ်တယ်မို့လား မတက်ရဘူးဆိုတော့ တောင်းဆိုတာပေါ့နော် ပြည်သူတွေကလည်း ဒီလိုမျိုးလေးတော့ ဖြစ်စေချင်တယ် ဆိုတဲ့အပိုင်းကြောင့် ဖြစ်မှာပါ။ ဒီပုဂံကို နောင်တချိန်မှာ ကမ္ဘာ့ World Heritage လုပ်မယ်ဆိုရင် စီမံခန့်ခွဲမှုအပိုင်းမှာပေါ့ Tourism တွေကို ဘယ်လို နေရာချထားမလဲ။ ဘုရားတွေကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲ ဆိုပြီးတော့ ကျနော်တို့ ရှေ့ဟောင်းသုတေသန တခုတည်းမဟုတ်ဘူး။ ဌာနပေါင်းစုံပါဝင်တဲ့ workshop ဘာတွေ ကျနော်တို့ လုပ်ပြီးတော့ပေါ့နော် အဲဒါကို ရေးဆွဲလျက်ရှိပါတယ်။ အဲဒါက နောက် ၁ နှစ် ၂ နှစ်လောက်ဆိုရင် ပြီးမယ်ပေါ့။ အဲလိုကျရင် အားလုံး အဆင်ပြေသွားမယ်ပေါ့။ စနစ်တကျဖြစ်အောင် ကျနော်တို့ လုပ်နေပါတယ်။”

ပုဂံဒေသ ဘုရားပုရဝုဏ်အတွင်းမှာ မလျော်ကန်တဲ့ ဝတ်စားဆင်ယင်မှု၊ ကခုန်သီဆိုမှု၊ ဘုရားပေါ်တွင် အိပ်စက်မှုတွေက ယဉ်ကျေးမှုဖြစ်စဉ်ကို ထိခိုက်ယိုယွင်းစေတဲ့ အပြုအမှုများ ပြုလုပ်မှုတွေ ရှိနေပေမဲ့ အစိုးရက ထိန်းသိမ်းမှုပိုင်းမှာ အားနည်းနေတယ်လို့ ဒေသခံပြည်သူတွေက မကြာခဏဆိုသလို ထောက်ပြ ဝေဖန်မှုတွေ ရှိနေပါတယ်။

ပုဂံဒေသခံလည်းဖြစ် ခရီးသွားလုပ်ငန်း လုပ်ဆောင်နေတဲ့ ဂရမ်းလွိုက်တက်စ်က လုပ်ငန်းရှင် ဦးကျော်စွာမင်းက ပုဂံဒေသ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျနော်တို့ လက်ရှိ ထိန်းသိမ်းနိုင်တဲ့ အနေအထားက ကျနော်တို့ ဒီပုဂံမြို့ရဲ့ အကောင်းဆုံး ဖြစ်သွားအောင် ထိန်းသိမ်းတဲ့ အနေအထားမျိုး မရှိဘူး။ အဲတော့ ကျနော်တို့ ရှေ့ဆက် ဘယ်လိုသွားမလဲဆိုတာ ပိုအရေးကြီးနေတယ်လေ ပုဂံက။ အဲတော့ ရှေ့ဆက် ဘယ်လိုသွားမလဲဆိုတော့ ခုနတုန်းကပြောသလို ထိန်းသိမ်းဖို့အတွက်က ပညာရှင်ပေါင်း ထောင့်စုံပေ့ါ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ဘက်နဲ့ ဒီဟာကို ထိန်းသိမ်းတဲ့အခါမှာ ဘယ်လိုထိန်းသိမ်းတယ်ဆိုတဲ့ဟာမျိုးကို တိတိကျကျ ပြကြဖို့ အရေးကြီးတယ်။ ကျနော်တို့ ခရီးသွားလုပ်ငန်းတွေကို ကျနော်ပြောလိုတာက အပြစ်ကြီးပဲ တင်နေလို့ မရသလို၊ လာတဲ့ ဒေသခံတွေကိုလည်း အပြစ်ကြီးပဲ တင်နေလို့တော့ မရဘူး။ Regulation မှန်လို့ရှိရင် ဒီလုပ်ရပ်တွေက ပြဿနာမရှိဘူး။”

လက်ရှိမှာ ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂံ၊ အင်းဝ၊ မြောက်ဦး စတဲ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဒေသ ၄၆ ဇုန်ကို ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ခဲ့ပြီး၊ ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က အသိအမှတ်ပြုနိုင်ဖို့ ကြိုးစားနေပေမဲ့ ခုချိန်ထိတော့ မလုပ်ဆောင်နိုင်သေးပါဘူး။