လစ်ဗျားမှာ အပစ်အခတ် ရပ်စဲကြဖို့ ဘန်ကီမွန်း ပန်ကြား

လစ်ဗျားမှာ အပစ်အခတ် ရပ်စဲကြဖို့ ဘန်ကီမွန်း ပန်ကြား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က လစ်ဗျားအစိုးရရဲ့ တိုက်ခိုက်နေတာတွေကို ရပ်တန်းကရပ်ပြီး အကူအညီ လိုအပ်နေတဲ့ အရပ်သားတွေကို ကယ်ဆယ်ရေး အကူအညီတွေ ပေးခွင့်ပြုပါရန် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ မီစ်ရာတာ (Misrata) ဆိပ်ကမ်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ လစ်ဗျား အတိုက်အခံတွေက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က လစ်ဗျားမှာ ချက်ချင်း အပစ်အခတ် ရပ်စဲရေး တောင်းဆိုလိုက်ပြီး မစ္စတာ ဘန်ကီမွန်းက လစ်ဗျားဝန်ကြီးချုပ် အယ်လ်-ဘက်ဂ်ဒါဒီ အလီ အယ်လ်-မာမူဒီ (al-Baghdadi Ali al-Mahmoudi) ကို တယ်လီဖုန်းဆက်ပြီး မေတ္တာရပ်ခံလိုက်တာလို့ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

လစ်ဗျား အတိုက်အခံတွေက ဂဒါဖီ တပ်ဖွဲ့တွေကို မီစ်ရာတာမြို့ကနေ ၁၀ မိုင် အကွာအဝေးအထိ မောင်းထုတ်နိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ မီစ်ရာတာ လေဆိပ်မှာ ခြေကုတ်ယူထားတဲ့ ဂဒါဖီ တပ်ဖွဲ့တွေကို ၂ ရက်ကြာ သဲသဲမဲမဲ တိုက်ခဲ့ကြရတယ်လို့ လစ်ဗျား အတိုက်အခံ တပ်ဖွဲ့က ဗိုလ်မှူးကြီး အာမက် ဘာနီ (Ahmed Bani) က ပြောပါတယ်။

မြေထဲပင်လယ်တွင်း ကူးလူး သွားလာနေကြတဲ့ ဥရောပ နိုင်ငံတွေက သင်္ဘောမာလိန်မှူးတွေ အနေနဲ့ လစ်ဗျား စစ်ပြေးဒုက္ခသည်တွေကို ပင်လယ်ထဲမှာ တွေ့ခဲ့ရင် ကူညီ ကယ်ဆယ်ကြပါရန် UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက အင်္ဂါနေ့က ပန်ကြားလိုက်ပါတယ်။ လစ်ဗျားကနေ မြေထဲပင်လယ်တွင်း ထွက်ခွာလာတဲ့ ဘယ်လို လှေသင်္ဘောမျိုးမဆို အကူအညီ လိုအပ်နေတာပဲလို့ သဘောထားပေးကြပါရန် UNHCR ပြောခွင့်ရပုဂ္ဂိုလ် မယ်လစ်ဆာ ဖလီးမင်း (Melissa Fleming) က မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ဥရောပနိုင်ငံ အစိုးရတွေနဲ့ သင်္ဘောမာလိန်မှူးတွေ အနေနဲ့ ပင်လယ်ထဲမှာ ဒုက္ခသည်တွေနဲ့ လှေကိုတွေ့ရင် အကူအညီ တောင်းမှာကို စောင့်မနေကြဘဲ ချက်ချင်း ကယ်ဆယ်ပေးကြပါရန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ သောကြာနေ့က ဒုက္ခသည် ၆၀၀ ကျော်ပါတဲ့ သင်္ဘောငယ်တစီး လစ်ဗျားကအထွက် မကြာခင်မှာ နစ်မြုပ်ခဲ့ရာမှာ လူသေ ၁၈ လောင်းသာ ပြန်တွေ့ခဲ့ရပြီးနောက် အခုလို တိုက်တွန်းလိုက်ပါ။