ဘန်ကောက်မြို့လယ် ရေကြီးနိုင်

ဘန်ကောက်မြို့ ကျောက်ဖယားမြစ်ရိုးတလျှောက် ရေကြီးမှုကလွတ်မြောက်ဖို့ မွေ့ယာကိုလှေလုပ် လှော်ခတ်နေရတဲ့ ထိုင်းအမျိုးသားတစ်ဦး (နိုဝင်ဘာလ ၃၊ ၂၀၁၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် စီးပွားရေးအချက်အချာကျတဲ့နေရာတွေ ရေမဝင်အောင် အကြီးအကျယ် အတားအဆီးတွေ လုပ်ထားပေမဲ့ ခဏတာ အနည်းအကျဉ်းတော့ ရေကြီးနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ရေမဝင်အောင် အစီအစဉ်အတိုင်း လုပ်ထားမယ်ဆိုရင် စီးပွားရေးဇုံမှာ ရေကြီးမှုကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် (Yinluck Shinawat) က နိုင်ငံတော် အပတ်စဉ်မိန့်ခွန်းမှာ ပြောကြားသွားခဲ့တာပါ။

ဘန်ကောက်မြို့တော်ရဲ့ တခြားနေရာတော်တော်များများ ရေကြီးနေချိန်မှာ မြို့လယ်ခေါင်ထဲ ရေမဝင်အောင် အစိုးရက အကြီးအကျယ် အတားအဆီးတွေ လုပ်ထားတာကြောင့် ရေကြီးမှုဒဏ်ရော၊ ရေလွှဲမှုဒဏ်ပါ ခံကြရတဲ့ မြို့ခံတွေဟာ ဒေါသထွက်နေကြပါတယ်။ အထူးသဖြင့် ဘန်ကောက်မြောက်ပိုင်းက စိတ်ဆိုးနေကြတဲ့ ဒေသခံတွေဟာ ကြီးနေတဲ့ရေတွေ စီးဆင်းသွားအောင် ရေလွှဲဂိတ်တွေကို ဖွင့်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရေမဝင်သေးတဲ့ ဘန်ကောက်မြို့ ရပ်ကွက်က ဒေသခံတွေဟာ သူတို့ရဲ့ နေအိမ်တွေ၊ စီးပွားရေး လုပ်ငန်းတွေထဲ ရေမဝင်နိုင်အောင် သဲအိတ်တွေနဲ့ အတားအဆီးတွေ လုပ်ထားကြပါတယ်။ အစားအသောက်တွေကိုလဲ ဝယ်ယူစုဆောင်းနေကြတဲ့အတွက် ဆူပါမားကက် တော်တော်များများမှာ ပစ္စည်းတွေ ပြတ်လပ်နေပြီး တချို့ဆိုင်တွေမှာ သောက်ရေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို ခွဲတမ်းနဲ့ ရောင်းချနေပါတယ်။

ထိုင်းနိုင်ငံဒေသ တော်တော်များများမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် သေဆုံးသူ ၄၅၀ လောက်ရှိသွားပါပြီ။