ရိုဟင်ဂျာပြဿနာကြောင့် စိတ်ကြွဆေးမှောင်ခိုမှု ကြီးထွား

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာသူများအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ လုံခြုံရေးယူထားစဉ်။

ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးလာတာနဲ့ အတူ စိတ်ကြွ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုလည်း တိုးလာတယ်လို့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။ အလုပ်အကိုင်မဲ့ ရိုဟင်ဂျာတွေက စိတ်ကြွဆေးပြား မှောင်ခိုကူးမှုကို အလုပ်အကိုင် တခုအနေနဲ့ လုပ်လာတယ်ဆိုပြီးလည်း ပြောဆိုကြပါတယ်။ AFP သတင်းတပုဒ်ကို မသိင်္ဂ ီထိုက် ပြန်ပြောပြမှာပါ။

ဘင်္ဂလားဒေရှ့် နိုင်ငံထဲက စိတ်ကြွဆေး ရာဘ တွေ အားလုံးနီးပါးက မြန်မာနိုင်ငံတွင်းကနေ နတ်မြစ်ကို ဖြတ်ပြီး ဝင်လာကြတာပါ။ မြန်မာနိုင်ငံ အရှေ့ပိုင်း က ဓာတ်ခွဲခန်းတွေကနေ ထုတ်တဲ့ ရာဘ စိတ်ကြွဆေးပြားတွေ လှေစင်းလုံး အပြည့်နဲ့ နတ်မြစ်ကို ဖြတ်လာကြတာပါ။

ဒီဆေးပြားတွေက ဘင်္ဂလားဒေရှ့် နိုင်ငံ တက္ကနဖ် ဒေသတဝိုက်ကိုရောက်ပါတယ်။ တက္ကနဖ်နဲ့ ကောဇ့်ဘဇားကို ဆက်သွယ်တဲ့ တခုတည်းသော လမ်းမကြီးမှာ စစ်ဆေးရေးဂိတ်တွေ ရှိပေမယ်လို့လည်း ဆင်းရဲလှတဲ့ ဒေသခံတွေ၊ ရိုဟင်ဂျာတွေကြားမှာတော့ စွန့်စားပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုးလာနေပါတယ်။

တနာရီလောက်ဘဲ ကြာအောင်မောင်းရတဲ့ လမ်းမကြီးပေါ်မှာ မူးယစ်ဆေးဝါး သိမ်းဆည်းရမိမှု နှစ်ခုကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက AFP သတင်းထောက်တွေ မျက်မြင်တွေ့ခဲ့ရပါတယ်။ ဘင်္ဂလားဒေရှ့် နယ်စပ်လုံခြုံရေး ဒုတိယ ဗိုလ်မှူးကြီး Asadud Zaman Chowdhury က အခုလို ပြောပါတယ်။

"ရိုဟင်ဂျာတွေက မှောင်ခိုကူးသူ ကယ်ရီတွေပါ။ လုပ်သူတွေ ပိုများလာပါတယ်။ အများစုကတော့ ရာဘ မှောင်ခိုကူးတာကို အလုပ်အကိုင် တခုအနေနဲ့ လုပ်လာကြတာပါ။"

ပြီးခဲ့တဲ့ တနလာၤနေ့ တုန်းကလည်း မြန်မာစစ်သားတဦးကို မောင်တောမြို့နယ်ထဲမှာ စိတ်ကြွဆေးပြား ၂ သိန်းနဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်ပြီး စစ်ဆေးမှုတွေ အရ ဆေးပြား တသိန်း၆ သောင်း ထပ်ပြီး ဖမ်းမိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရှိနေချိန်မှာဘဲ မြန်မာ စစ်သား နှစ်ဦးတို့ကို ဒေါ်လာ သုံးသန်းလောက် တန်ဖိုးရှိတဲ့ ရာဘ စိတ်ကြွဆေးပြား ၂ သိန်းလောက်နဲ့ မောင်တောမှာ ဖမ်းခံခဲ့ရတာပါ။ ဘင်္ဂလားဒေရှ့် နယ်စပ်လုံခြုံရေး ဒုတိယ ဗိုလ်မှူးကြီး Asadud Zaman Chowdhury ကတော့ ရိုဟင်ဂျာ ပြသနာကြောင့် စိတ်ကြွဆေးပြား မှောင်ခိုကူးမှုမှာ ပြသနာ ပိုကြီးလာစေတယ်လို့ ပြောပါတယ်။

"ဒီထဲက တချို့က စီးပွားရေး လုပ်ငန်းတွေ ရှိကြပါတယ်။ ကိုယ့်စီးပွားရေး အနေနဲ့ လုပ်လာပြီး အခုအချိန်ထိ ဆက်ပြီး ပတ်သက်နေကြပါတယ်။ဒါပေမယ့်လည်း ရိုဟင်ဂျာ ပဋိပက္ခကြောင့် ရာဘ ကူးတဲ့ ကိစ္စမှာ ပြသနာတွေ ထပ်ကြီးလာရတဲ့ အကြောင်းရင်းကတော့ ဒီကိစ္စမှာ ပါဝင် ပတ်သက်သူတွေ အများကြီး ရှိနေတာကြောင့်ပါ။"

"ဒီနေ့ဒီအချိန်မှာတော့ ဖမ်းဆီးရမိတဲ့ လူတွေလည်း ပိုများလာတယ်၊ အမှုတွေလည်း များလာပါတယ်။ တွေ့တာတွေလည်း များလာပါတယ်။"

"ဒီကနေ့ ဆိုရင် တက်ကနဖ် ကနေ ကော့ဇ်ဘဇားကို သွားတဲ့ ခရီးသည်တင် ကားတွေထဲက တစီးကို စစ်လိုက်တာ ရာဘ ဆေးပြားတွေ တွေ့ပါတယ်။ အထုပ်သုံးထုပ်ရပြီး အထဲမှာ ရာဘ ဆေးပြား ၁ သောင်း ၂ ထောင် သိမ်းဆည်းရမိပါတယ်။"

ပြီးခဲ့တဲ့ သြဂုတ်လ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက် စပြီး ထွက်ပြေးလာကြပြီး နောက်ပိုင်းကစလို့ မူးယစ်ဆေးဝါးမှုနဲ့ ရိုဟင်ဂျာ ၁၀၀ ကျော် ဘင်္ဂလားဒေရှ့်ဘက်မှာ ဖမ်းဆီးရမိခဲ့တာပါ။ ကောဇ့်ဘဇားမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုကလည်း ထိုးတက်လာပါတယ်။

မတ်လ ၁၅ ရက်နေ့က ကောဇ့်ဘဇားက ကမ်းခြေမှာ စွန့်ပစ်ထားခဲ့တဲ့ စိတ်ကြွဆေးပြား ၁ သန်း ၈ သိန်း တွေ့ခဲ့ရပြီး နောက်တနေ့ရောက်တော့ ပိုင်ရှင် မရှိတဲ့ စက်လှေထဲကနေ စိတ်ကြွ ဆေးပြား ၉ သိန်း ထပ်မိခဲ့ပါတယ်။ ဒီနှစ်ထဲမှာ စိတ်ကြွမူးယစ်ဆေးပြား သန်း ၂၅၀ - ကနေ သန်း ၃၀၀ လောက် အထိ ဘင်္ဂလားဒေရှ့်ဘက်ကို ဝင်လာမယ်လို့လည်း ဘင်္ဂလားဒေရှ့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဌာနက ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာပြဿနာကြောင့် စိတ်ကြွဆေးမှောင်ခိုမှု ကြီးထွား