ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Dhaka မြို့အပြင်ဘက်က စက်ရုံတခုမှာ မီးအကြီးအကျယ်လာင်ကျွမ်းခဲ့တာမှာ လူပေါင်း ၂၂ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရသွားပါတယ်။ စနေနေ့မနက်ပိုင်းက အထပ်လေးထပ်ရှိတဲ့ စက်ရုံရဲ့ ရေနွေးငွေ့ထားတဲ့အခန်းမှာ ပေါက်ကွဲမှုဖြစ်ပြီးတော့ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အများစုက မီးလောင်ဒဏ်ရာရသွားတာဖြစ်ပြီး အပြင်းအထန်ဒဏ်ရာရသွားသူတွေကို Dhaka ဆေးရုံကိုပို့ထားတယ်လို့ Tongi ပြည်နယ်ဆေးရုံကဆရာဝန် Parvez Mia ကပြောပါတယ်။
Tampaco Foils လီမိတက်စက်ရုံထဲ အလုပ်သမားတွေပိတ်မိနေသေးသလားဆိုပြီး ရဲတို့က စိုးရိမ်နေပါတယ်။မီးစတင် လောင်ကျွမ်းတဲ့အချိန် စက်ရုံထဲမှာ လူပေါင်း ၁၀၀ နီးပါးရှိနေခဲ့တာပါ။ ဒီစက်ရုံကနေ အာလူးကြော်နဲ့ အခြားအိမ်သုံးပစ္စည်းတွေကိုထုပ်ပိုးတဲ့ ပလပ်စတစ်အိတ်တွေကို ပုံနှိပ်ထုတ်လုပ်ပါတယ်။ စက်ရုံမြေညီထပ်မှာ ဓာတုပစ္စည်းတွေသိုလှောင်ထားတယ်ဆိုပြီး ပြောဆိုချက်တွေရှိနေတယ်လို့ ရဲအရာရှိ Sirajul Islam ကAFP သတင်းဌာနကိုပြောပါတယ်။ ခုချိန်ထိ မီးငြိမ်းသတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
မီးလောင်မှုကိုစုံစမ်းစစ်ဆေးဖို့ ကော်မတီတရပ်ကိုဖွဲ့စည်းလိုက်တယ်လို့လည်းဘင်္ဂလားဒေ့ရှ် စက်ရုံစုံစမ်းရေးဌာန အရာရှိတဦးကပြောပါတယ်။ မီးဘေးကာကွယ်ရေးစနစ်အားနည်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စက်ရုံတွေအတွင်း မီးလောင်းမှုတွေနဲ့ အခြားမတော်တဆမှုတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
Your browser doesn’t support HTML5
ဘင်္ဂလားဒေ့ရှ်စက်ရုံမီး လူ၂၂ ဦးသေဆုံး