ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ မီးလောင်မှု ပိုင်ရှင်တွေအဖမ်းခံ

လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံမီးလောင်မှုကြောင့် ဖမ်းဆီးခံရသူ ပိုင်ရှင်နှစ်ဦးအနက် တစ်ဦးဖြစ်သူ မစ္စတာ Delwar Hossain(ဖေဖော်ဝါရီ ၉၊ ၂၀၁၄)

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့တနှစ်ကျော်က လူပေါင်း ၁၁၀ ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံမီးလောင်မှုအတွက် လူသေမှုနဲ့ တရားအစွဲခံနေရတဲ့ ပိုင်ရှင် ၂ ဦးက အာဏာပိုင်တွေဆီမှာ လာရောက်အဖမ်းခံခဲ့ကြပြီး အာမခံရဖို့ ကြိုးစားနေကြပါတယ်။

သူတို့ ၂ ဦးဟာ တနင်္ဂနွေနေ့က ဒက်ကာမြို့မှာ လာရောက်အဖမ်းခံခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ဒီမီးလောင်ပြီး လူသေမှုအတွက် တရားအစွဲခံရသူက သူတို့အပါအဝင် ၁၃ ဦး ဖြစ်ပါတယ်။

မီးလောင်တဲ့ Tazreen ဖက်ရှင်စက်ရုံကထုတ်လုပ်တဲ့ အဝတ်အထည်တွေဟာ Walmart နဲ့ Disney အပါအဝင် အမေရိကန်နဲ့ဥရောပက ကုမ္ပဏီတွေ အတွက် ဖြစ်ပါတယ်။

ဒီစက်ရုံမီးလောင်ချိန်က လုပ်ငန်းခွင်အန္တရာယ်ကင်းကြောင်း ခွင့်ပြုတဲ့ လိုင်စင်သက်တမ်းကုန်ဆုံးနေသလို စက်ရုံမှာလည်း အရေးပေါ် ထွက်ပေါက်တွေ တပ်ဆင်မထားတဲ့အတွက် အခုလို အများအပြားသေဆုံးရတာလို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဘင်္ဂလာဒေ့ရှ်အစိုးရဟာ ပြည်ပကို အဝတ်အထည်ရောင်းချမှုကနေ နှစ်စဉ် ဘီလျံ ၂၀ လောက် ဝင်ငွေရှိပြီး ဒါဟာ နိုင်ငံ့ ပြည်ပပို့ကုန် အားလုံးရဲ့ ၈၀ % လောက် ရှိနေတာပါ။