ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina လက်ထက်က အများပြည်သူ ကြောက်ရွံ့ခဲ့ရတဲ့ လက်နက်ကိုင် အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းပစ်ဖို့ အရင်အစိုးရလက်ထက်က အာဏာအလွဲသုံးစား လုပ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ကော်မရှင်က အကြံပြုတင်ပြထားတဲ့အကြောင်း အကြီးတန်း စုံစမ်း စစ်ဆေးရေးအဖွဲ့ဝင်တဦးက ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် Hasina ဟာ ဒါကာမြို့မှာရှိတဲ့ ဝန်ကြီးချုပ်အိမ်ကို ဆန္ဒပြကျောင်းသားတွေ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ဝင်စီးတဲ့အချိန်မှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားခဲ့တာပါ။
ဝန်ကြီးချုပ် Hasina အစိုးရဟာ လူ့အခွင့်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်တာအပြင် ရာနဲ့ချီတဲ့ အတိုက်အခံအဖွဲ့ဝင်တွေကို ဥပဒေမဲ့ သတ်ဖြတ်တာ၊ တခြားရာနဲ့ချီတဲ့သူတွေလည်း ပြန်ပေးဆွဲ ဖမ်းဆီးပြီး ဖျောက်ပစ်တာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ (RAB) ရဲ့ လက်ချက်နဲ့ လူတွေ ရာနဲ့ချီ သေကျေပျောက်ဆုံးခဲ့တဲ့ ဖြစ်ရပ်တွေမှာ ဝန်ကြီးချုပ် Hasina နဲ့ အကြီးတန်း အရာရှိတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ ကနဦး အချက်အလက်တွေ ရရှိထားကြောင်း လက်ရှိ အိမ်စောင့်အစိုးရက ဖွဲ့ထားတဲ့ လူတွေ လက်စဖျောက်ခံရမှု စုံစမ်းစစ်ဆေးကော်မရှင်က ပြောပါတယ်။
၂၀၀၄ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ အထူးရဲတပ်ဖွဲ့ (RAB) ဟာ ဝန်ကြီးချုပ် Hasina အုပ်ချုပ်ခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့အတွက် အဲဒီအဖွဲ့နဲ့ အဖွဲ့ရဲ့ အကြီးတန်း အရာရှိ (၇) ဦးတို့အပေါ် အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ခုနှစ်မှာ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားပါတယ်။