နယ်စပ်လုံခြုံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဆွေးနွေး

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (ဇွန်၊ ၁၂၊ ၂၀၁၂)

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်မျဉ်းတလျှောက် လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေကို မြန်မာနိုင်ငံက အမြစ်ပြတ် သုတ်သင်ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဘယ်လို အကြမ်းဖက် အုပ်စုမျိုးကိုမဆို တခြား ဘယ်နိုင်ငံကိုမဆို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် သူတို့နယ်မြေကို အသုံးချခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၂ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား အဆင့်မြင့် အရာရှိကြီးတွေ အစည်းအဝေးအပြီး ဒီကနေ့ရက်စွဲနဲ့ ပူးတွဲ သတင်းထုတ်ပြန်ချက်ထဲမှာ အဲဒီလို ဖော်ပြထားတာပါ။ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေဟာ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ အတိအကျ ဖော်ပြမထားပါဘူး။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့အနေနဲ့ နယ်စပ်ဒေသတလျှောက် တက်ကြွနိုးကြားစွာ စိစစ်ကြပ်မတ်သွားမှာ ဖြစ်ပြီး အကြမ်းဖက်သမားတွေ ဖြတ်သန်းဝင်ရောက်လာတဲ့ သတင်းအချက်အလက် လက်ခံရရှိရင် တားဆီး ပိတ်ဆို့ရှာဖွေသွားမယ်လို့ ဖော်ပြ ထားပါတယ်။ နယ်စပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် ပစ်ခတ် တိုက်ခိုက်တာမျိုး ဖြစ်လာတယ်ဆိုရင် အကြောင်းရင်းမှန် ဖော်ထုတ်ဖို့အတွက် အရေးပေါ် အစည်းအဝေးတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် ဘင်္ဂလားဒေ့ရှ်တောင်ဘက်ခြမ်းက Saint Martin ကျွန်းပေါ်ကို လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အတော်များများကို ဘင်္ဂလားဒေ့ရှ်ဘက်က တနင်္ဂနွေနေ့မှာ လွှတ်လိုက်ပြီးတဲ့နောက် တနင်္လာနေ့မှာ နယ်ခြားစောင့် တပ်ဖွဲ့တွေကြား အစည်းအဝေး လုပ်တာပါ။ အစည်းအဝေးအတွင်း ဆွေးနွေးတဲ့ထဲမှာ အဲဒီလို တပ်ဖွဲ့တွေ လွှတ်တဲ့ ကိစ္စ ပါသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

St. Martin ကျွန်းဟာ ဘင်္ဂလားဒေ့ရှ်ပိုင်ဖြစ်ပြီး ဒီကျွန်းနဲ့ပတ်သက်လို့ နှစ်နိုင်ငံကြား သံတမန်ရေး တင်းမာမှုတွေ ဖြစ်ထားဖူးပါတယ်။

Your browser doesn’t support HTML5

နယ်စပ်လုံခြုံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဆွေးနွေး