ဘင်္ဂလားဒေ့ရှ် အတိုက်အခံ အထွေထွေသပိတ် နှိုးဆော်

မဲရုံက မဲပုံးတွေကို သယ်ဆောင်လာကြသော ရဲအရာရှိများ။ (ဇန်နဝါရီ ၄၊ ၂၀၁၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲမတိုင်ခင် စနေနေ့မှာ ၄၈ နာရီ အထွေထွေသပိတ်မှောက်ကြဖို့ အတိုက်အခံဘက်က ဆော်သြလိုက်ပါတယ်။

BMP ခေါ် ဘင်္ဂလားဒက်ရှ် အမျိုးသားပါတီဟာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကိုလည်း တရားမဝင်ဘူးဆိုပြီး သပိတ်မှောက်ဖို့ ပြောကြားထားပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့လက လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေကို အရှိန်သတ်စေဖို့ အလားအလာ နည်းပါးသွားစေပါတယ်။

BMP ပါတီ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိတဲ့အတွက် အာဏာရ အဝါမီအဖွဲ့က အနိုင်ရမှာတော့ သေချာနေပါပြီ။ BMP နဲ့ သူ့ရဲ့မဟာမိတ်ပါတီတချို့ကတော့ ဝန်ကြီးချုပ် ရှိတ်ခ်၊ ဟာဆီနာ ရာထူးကနုတ်ထွက်ပြီး ရွေးကောက်ပွဲကိုကြိကြပ်ဖို့၊ ဘက်မလိုက်တဲ့ အိမ်စောင့်အစိုးရ ဖွဲ့စည်းချင်နေကြတာပါ။ ဒါကို ဝန်ကြီးချုပ်က ငြင်းဆန်ထားပါတယ်။

ယခင်ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ ဝန်ကြီးချုပ်ဟောင်း ခါလီရာ၊ ဇီယာကတော့ အစိုးရက သူမကို နေအိမ်အကျယ်ချုပ်ချထားတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

ဒီရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ဓနသဟာယအဖွဲ့တို့ကလည်း စောင့်ကြည့်လေ့လာသူ စေလွှတ်ဖို့ ငြင်းဆန်ထားကြပါတယ်။