ဘင်္ဂလာဒေ့ရ်ှ Cox's Bazaar မှာ ဘုန်းကြီးကျောင်းအချို့ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ပိုင်းက Cox’s Bazaar မှာ အခု တနင်္ဂနွေနေ့ အစောပိုင်း ဒေါသဖြစ်နေကြတဲ့ ရာနဲ့ချီတဲ့ မူစလင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ငါးကျောင်းနဲ့ အိမ်အချို့ကို မီးတင်ရှို့ခဲ့ကြပါတယ်။ Facebook လူမှုကွန်ယက်မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဓာတ်ပုံတပုံကို ဗုဒ္ဓဘာသာဝင်တဦးက ဖော်ပြခဲ့တာမို့ မူစလင်တွေဘက်က ဒေါသဖြစ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံနဲ့ နယ်ချင်းစပ် အဲဒီ Cox’s Bazaar မှာရှိတဲ့ ဒေသခံ ဗုဒ္ဓဘာသာဝင် တဦးဟာ မူစလင်တွေ အထွဋ်အမြတ် ထားတဲ့ ကိုရမ်ကျမ်းစာကို မထေမဲ့မြင်လုပ်တဲ့ ဓာတ်ပုံ ဖော်ပြခဲ့တယ်လို့ အကြမ်းဖက်မှုမှာ ပါဝင်နေတဲ့ ဒေါသထွက်နေတဲ့ မူစလင်တဦးက ပြောပါတယ်။

စနေနေ့ ညနေပိုင်းကတည်းက ဒီအတွက် မူစလင်တွေ အဲဒီမှာ ဆန္ဒပြခဲ့ကြတာပါ။ အခု တနင်္ဂနွေနေ့မှာပဲ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီလို့ ရဲတပ်ဖွဲ့ကတော့ ပြောပါတယ်။ အဖမ်းအဆီးနဲ့ အထိအခိုက် သတင်းတွေတော့ မရသေးပါဘူး။