လုံခြုံရေးအာမခံချက်မရှိပဲ နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို လက်မခံနိုင်ကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နှစ်နိုင်ငံပိုင်နက်ထဲပိတ်မိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆,၅၀၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။ ဒုက္ခသည်တွေရဲ့ ဆန္ဒမပါပဲ နေရပ်ရင်း အတင်းပြန်ပို့မယ့်အစီအစဉ်အတွက် ကုလသမဂ္ဂဘက်က အထူး စိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးကလည်း တုံ့ပြန်ထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံဆက်ပြီးပြောပြမှာပါ။
မြန်မာဘက်ကို ပြန်ပို့မယ့် ပထမဆုံး ရိုဟင်ဂျာဒုက္ခသည် ၈,၀၃၂ ဦး အမည်စာရင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က ဒက်ကာမြို့တော်ကို ရောက်ရှိခဲ့တဲ့ မြန်မာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က သောကြာနေ့က တရားဝင်ပေးအပ်ခဲ့တာပါ။ အဲဒီစာရင်းထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတဲ့ နယ်စပ်ရှိ Tambru ဒေသမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆,၅၀၀ ကျော်လည်း ပါဝင်တာပါ။
သူတို့ကို ပြန်မပို့ခင်မှာ မြန်မာအစိုးရအနေနဲ့ သူတို့ရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးဖို့အပါအဝင် သူတို့တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ အဲဒီဒုက္ခသည်တွေက စနေနဲ့ တနင်္ဂနွေက ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ တောင်းဆိုခဲ့ကြပါတယ်။ ဒါအပြင် ပြန်ပို့မယ့် ဒုက္ခသည်စာရင်းမှာ သူတို့ရဲ့အမည်တွေဖေါ်ပြထားတဲ့အတွက် အန္တရာယ်ပိုကြီးမှာကို စိုးရိမ်မိကြောင်းလည်း ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။ သူတို့ရဲ့ တောင်းဆိုချက် ၆ ချက်ကို ဆန္ဒပြဦးဆောင်သူတဦးက အင်္ဂလိပ်ဘာသာနဲ့ ပထမ ဖတ်ပြပြီး ဘင်္ဂါလီဘာသာနဲ့ တောင်းဆိုခဲ့ပါတယ်။
"ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ၊ အီးယူ၊ UNHCR OIC WHO USA နဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေကို ရိုဟင်ဂျာတွေကို နေရပ်ရင်းပြန်ပို့ဆောင်ရေး သဘောတူညီချက်ယူရာမှာနဲ့ ဖေါ်ဆောင်မှုမှာ ပါဝင်ပတ်သက်ဖို့ တောင်းဆိုပါတယ်။"
ဒီအချက်အပြင် သူတို့တောင်းဆိုချက်တွေထဲမှာ ရိုဟင်ဂျာတွေကို နေရပ်ရင်းပြန်မပို့ခင် ရခိုင်ပြည်နယ်မှာ လုံခြုံစိတ်ချရဖို့၊ ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် ပြန်လက်ခံဖို့၊ ရိုဟင်ဂျာတွေ ပိုင်ဆိုင်ခဲ့တဲ့ လယ်မြေနဲ့ ကျေးရွာတွေကို ပြန်လည်တည်ဆောက်ပေးဖို့၊ ဖျက်ဆီးခံခဲ့ရတဲ့ အိုးအိမ်နဲ့ မြေယာတွေအတွက် လျောကြေးပေးဖို့၊ သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေကို ပြန်လည်ပေးအပ်ဖို့၊ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာမီဒီယာတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေကို သွားရောက်ခွင့်ပြုဖို့ ဆန္ဒပြသူတွေက တောင်းဆိုထားတာဖြစ်ပါတယ်။
Tamburu ဒေသမှာ ပိတ်မိနေတဲ့ ဒုက္ခသည် ၆,၅၀၀ ကျော်ကို အရင်ဆုံး ပြန်ပို့ဖို့ကိစ္စကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေရဲ့ ဒက်ကာမြို့ တွေ့ဆုံပွဲမှာ အဓိကဆွေးနွေးခဲ့ကြတာပါ။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကလည်း ပြည်ထဲရေး ဒုဝန်ကြီး ဦးအောင်စိုးကနေ အဲဒီဒေသကို သွားရောက်ပြီး ဒုက္ခသည်တွေ ပြန်လာဖို့ သွားရောက်ပြောကြားခဲ့ပြီးနောက် အခြေအနေ ပိုပြီးဆိုးလာပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း မြန်မာလုံခြုံရေးတပ်တွေကနေ ဒုက္ခသည်တွေကို ခြိမ်းခြောက်မှုတွေရှိခဲ့တယ်လို့ ဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ် သတင်းထောက်တွေကို ပြောပြခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရအမျိုးသမီးကတော့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် အစီအစဉ်မရှိပဲ မြန်မာဘက်ကို အတင်းအကျပ်ပြန်ပို့ဖို့ဖြစ်နိုင်ချေရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောပါတယ်။
ဒုက္ခသည်တွေရဲ့ ဆန္ဒမပါပဲ နေရပ် အတင်းအကျပ်ပြန်ပို့ခံရမယ့် အခြေအနေကိုတော့ ကုလသမဂ္ဂအနေနဲ့ စိုးရိမ်မိကြောင်း အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အီးမေးလ်ကနေ တဆင့် ဗွီအိုအေကို တုံ့ပြန်ခဲ့ပါတယ်။
အထွေထွေညီလာခံ အလှည့်ကျ ဥက္ကဌ Miroslav Lajčák နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်တို့ ပြီးခဲ့တဲ့ သီတင်းပတ်က နယူးရောက်မှာ ရိုဟင်ဂျာအရေးဆွေးနွေးခဲ့စဉ်ကလည်း နေရပ်ရင်းပြန်ပို့ရေးမှာ လုံခြုံစိတ်ချရဖို့ အရေးကြီးတဲ့အကြောင်းလည်း နှစ်ဖက်စလုံးတို့က တသဘောတည်းခံယူတဲ့အကြောင်း UNGA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Brenden Barma က သတင်းထောက်တွေကို ပြောပါတယ်။
"ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဒုက္ခသည်တွေကို လက်ခံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အထွေထွေညီလာခံ ဥက္ကဌ က ချီးကျူးစကားပြောခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အကာအကွယ်ပေးမှုနဲ့ ထောက်ခံမှုကို ရိုဟင်ဂျာတွေအနေနဲ့ လိုအပ်ကြောင်းလည်း အထွေထွေညီလာခံဥက္ကဋ္ဌ နဲ့ နိုင်ငံခြားရေးအတွင်းဝန်တို့က သဘောတူခဲ့ကြပြီး ဒီကြေကွဲဖွယ်ရာ လူသားဘေးဒုက္ခနဲ့ ပတ်သက်လို့ ထပ်မံလုပ်ဆောင်ပေးဖို့ လိုအပ်တာတွေ အများကြီးရှိကြောင်းနဲ့ မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေပြန်ပို့ရာမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံရေးလည်း စိတ်ချရဖို့ လိုအပ်တယ်ဆိုတာကိုလည်း သူတို့နှစ်ဦးဆွေးနွေးခဲ့ကြပါတယ်။"
ဒီကနေ့ အင်္ဂါနေ့မှာ နှစ်နိုင်ငံအဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲမှာလည်း Tambru ဒေသမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေ မြန်မာဘက်ကို ပြန်ပို့ရေးကိစ္စဆွေးနွေးဖို့ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး ကော်မရှင်နာ Mohammad Abul Kalam က တနင်္လာနေ့က ရိုက်တာသတင်းဌာနကိုပြောပါတယ်။ ဒါပေမယ့် ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့တဲ့ မြန်မာအရာရှိအတော်များများက ဒီကနေ့ ဆွေးနွေးပွဲကိစ္စကို သူတို့ သတိမထားမိကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5