၂၀၁၃ခုနှစ်က ဘာသာတရားမယုံကြည်တဲ့ ဘလော့ဂါတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ အမှုနဲ့ ဆက်စပ်နေတဲ့ လူနှစ်ဦးကို ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားရုံးတစ်ရုံးက သေဒဏ်ချမှတ်လိုက်ပြီး၊ အခြား ၆ဦးကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။
ဘာသာတရားကို စော်ကားတယ်လို့ စွပ်စွဲခံရတဲ့ စာရေးသားသူတွေအပေါ်မှာ အကြမ်းဖက်မှု၊ ဖမ်းဆီးမှုနဲ့ ခြိမ်းခြောက်မှုတွေ နှစ်အတော်ကြာ မြင့် တက်လာပြီး တဲ့နောက်၊ ဘလော့ဂါ Ahmed Rajib Haider ဟာ သူ့ရဲ့ နေအိမ် အနီးမှာ ဓားတွေ ကိုင်စွဲထားတဲ့ တိုက်ခိုက်သူတွေက သတ်ဖြတ်တာ ခံခဲ့ရတာပါ။
ဒါကာမြို့က အဆင့်မြင့် တရားရုံးက ဒီတိုက်ခိုက်မှု အတွက် ကျောင်းသားနှစ်ဦး ကို သေဒဏ်ချမှတ်ခဲ့ပြီး၊ ဒီထဲက တစ်ဦးကိုတော့ မျက်ကွယ်မှာ စီရင်ချက် ချမှတ်လိုက်တာပါ။ အခြားတရားခံ တစ်ဦးကို ထောင်ဒဏ် တစ်သက်နဲ့ ကျန်တဲ့ တရားခံတွေကို ထောင်ဒဏ် သုံးနှစ်ကနေ ဆယ်နှစ်အထိ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အခုလို ဘလော့ဂါတွေကို တိုက်ခိုက်တဲ့ ကိစ္စတွေအတွက် ပြစ်ဒဏ်ချမှတ်မယ်ဆိုတာကို ထိထိရောက်ရောက်နဲ့ လျှင်လျှင်မြန်မြန် ထုတ်ပြန်ပေးတာမရှိခဲ့ဘူးလို့ သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။
၂၀၁၅ခုနှစ်အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘလော့ဂါ လေးဦးနဲ့ ထုတ်ဝေသူ တစ်ဦး အသတ်ခံခဲ့ရပြီး၊ ဒါဇင်နဲ့ချီတဲ့ အခြားသူတွေဟာ အစ္စလာမ်မစ် အဖွဲ့တွေက ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်တာတွေ ကြုံခဲ့ရပါတယ်။