ရိုဟင်ဂျာတွေကို ဆက်လက်စောင့်ရှောက်ဖို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် ကတိပြု

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Muhammad Yunus (ဩဂုတ် ၈၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် ကူညီစောင့်ရှောက်မယ့်အကြောင်း ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus က ဒီကနေ့ ပြောလိုက်ပါတယ်။ ကြားဖြတ်အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ပြောကြားရာမှာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ကို အစိုးရက ဆက်လက်ပံ့ပိုးမယ်လို့ သံတမန်တွေကို ပြောဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၆၊ ၂၀၁၇ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံက ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတွေနဲ့ သဘောတူထားပေမဲ့ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ပဲဖြစ်နေတာပါ။

ရိုဟင်ဂျာတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ အကာအကွယ်ပေးပြီး၊ လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးရှိမှသာ နေရပ်ပြန်လိုကြောင်း ပြောဆိုထားကြပါတယ်။ ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ရာက နောက်ဆက်တွဲ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်မှာပါ ပျံ့နှံ့လာရာက ရိုဟင်ဂျာတွေနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလည်း တကျော့ပြန် ကြုံတွေ့နေရပါတယ်။