ဗုဒ္ဓရုပ်ပုံတော်ကို အရက်ဆိုင်ကြော်ငြာအဖြစ် အသုံးပြုခဲ့တာကို မိမိတို့ မသိလိုက်တဲ့ အကြောင်း V Gastro ဘားပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာတို့က ဒီကနေ့ ဗဟန်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
ပိုင်ရှင် ကိုထွန်းသူရိန်၊ မန်နေဂျာတွေဖြစ်တဲ့ Phillip Blackwood နဲ့ ကိုထွဋ်ကိုကိုလွင်တို့ သုံးဦးကို ဗုဒ္ဓရုပ်ပုံတော်ကို အရက်ဆိုင်ကြော်ငြာအဖြစ် အသုံးပြုခဲ့တာကြောင့် ပုဒ်မ ၂၉၅ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ် ဝတ်ပြုတဲ့ ဗုဒ္ဓဆင်းတုကို စော်ကား ဖျက်ဆီးတယ် ဆိုတဲ့ စွဲချက်အပါအဝင် ပုဒ်မ သုံးခုနဲ့ မြန်မာ အာဏာပိုင်တွေဘက်က စွပ်စွဲထားတာပါ။ ဇန်နဝါရီလ (၂)ရက်နေ့ ရုံးချိန်းမှာ စစ်ဆေးခဲ့တာနဲ့ ပတ်သက်လို့ တရားခံရှေ့နေဖြစ်သူ ဦးမြသွေးက အခုလိုပြောပြပါတယ်။
"သူတို့ တင်တာမဟုတ်ဘူး သူတို့နဲ့ မဆိုင်ဘူး ဆိုတဲ့ အကြောင်းလေးတွေပေါ့။ မဝတ က ၁၈၈ မှာ မဝတက တရားလိုပေါ့ကွယ်။ ၁၈၈ ဆိုတာကွာ အချိန်မတော် ဆိုင်ဖွင့်တယ်။ ဆူညံတယ်။ ဘာညာ လျှောက်လုပ် ထားတာပေါ့။ နောက်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကို စစ်တယ်။ စစ်ပြီးတော့ ၁၂ ရက်၊ ၁ လ၊ ၂၀၁၅ ရက်နေ့ကို ချိန်းလိုက်တယ်။ နောက်ထပ် ခံပြသက်သေ ၁၀ ယောက်လောက်နဲ့ ၁၈၈ က တရားလိုပြသက်သေ ၂ ယောက်စစ်ဦးမှာ။"
ဒီဇင်ဘာလ (၂၆)ရက်နေ့က နယူးဇီလန်နိုင်ငံသား ဆိုင်မန်နေဂျာ Phillip Blackwood ကို တရားရုံးထုတ် စစ်ဆေးတုန်းကလည်း သူ့အနေနဲ့ ဗုဒ္ဓပုံကို ရည်ရွယ်ချက် ရှိရှိနဲ့ သုံးစွဲခဲ့တာ မဟုတ်ဘဲ ဆိုင်အရောင်းမြှင့်တင်ဖို့ အင်တာနက် စာမျက်နှာ Google ကနေ ဓာတ်ပုံယူ အသုံးပြုခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ Philip ရဲ့အမေဖြစ်သူကလည်း သူ့သားဟာ လူကောင်းတယောက်ဖြစ်ပြီး လူအများကို ကူညီတတ်သူဖြစ်ကြောင်း ဝိုင်းဝန်းထောက်ခံစာရေးသားသူတွေ ကို ကျေးဇူးတင်ကြောင်းပြောကြားချက်ကို နယူးဇီးလန် သတင်းဌာန တခုက ဖေါ်ပြခဲ့ပါတယ်။
"အဲဒါတွေကတော့ တကဏ္ဍလေ သမီးရဲ့။ ဘာကြောင့်လဲဆိုတော့ တို့က မြန်မာနိုင်ငံ ကိုးကွ။ နော် အာရှမှာဆိုရင် Buddhist က ဒီ တို့မြန်မာပြည်က တစ်အားကြီး ကျယ်ပြန့်တော့ အဲဒီ့ သူတို့အထွဋ်အမြတ်ထား ကိုးကွယ်နေတဲ့ဥစ္စာကို အထိအခိုက်မခံ တာလေး ပါတာပေါ့ကွာ။ ဒါပေမယ့် Phillip က သူ့ဘာသာသူပေါ့ ပရိုမိုးရှင်းလေး အတွက်ကို ရိုးရိုးသားသားလေးတင်လိုက်တာ။ No intention of outraging religious feeling ကိုလေ။"
အခုလို V Gastro Bar အမှုကို လိုက်ပါဆောင်ရွက်ပေးနေတာကြောင့် မဘသအဖွဲ့ ကနေ လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွေက တဆင့် ခြိမ်းခြောက်ခဲ့ တယ်လို့ ရှေ့နေဦးမြသွေးကပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဘားဆိုင်ကို စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓရုပ်ပုံတော် ကို ကြော်ငြာအဖြစ် အသုံးပြု ပြီး လူမှုကွန်ယက် Facebook မှာ တင်ခဲ့တာကြောင့် ညတွင်းချင်း ဆိုင်ကို ချိပ်ပိတ် လိုက်ပြီး သူတို့သုံးဦးလုံးကို ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင် မှာ ထိန်းသိမ်း ထားပါတယ်။ ပြစ်မှု ထင်ရှားတယ် ဆိုရင် ထောင်နှစ်နှစ် ကျခံရဖွယ် ရှိတယ်လို့ ရှေ့နေ ဦးမြသွေးကပြောပါတယ်။