၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဘေဂျင်းကိုရွေးချယ်

၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဘေဂျင်းကိုရွေးချယ်။ (ဇူလိုင် ၃၁၊ ၂၀၁၅)

၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတေ ာ် အိမ်ရှင် အဖြစ် ဘေဂျင်းမြို့တော် ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ က ရွေးချယ်လိုက်ပါတယ်။ ကုန်ကျစရိတ် များလှတဲ့ ဆောင်းရာသီ အိုလံပစ် ပွဲတော် ကျင်းပခွင့် ရဖို့ ကာဇက်စတန် နိုင်ငံ အယ်မာတီ မြို့ ကလည်း အိမ်ရှင် အဖြစ် ကျင်းပခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ဘေဂျင်းကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

မလေးရှား နိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပတဲ့နိုင်ငံတကာ အိုလံပစ် ကော်မတီရဲ့ ၁၂၈ ကြိမ်မြောက် ညီလာခံမှာ ဒီဆုံးဖြတ်ချက်ကို ကော်မတီ အကြီးအက တောမတ်စ် ဘက်ချ် က ကြေညာခဲ့တာပါ။ ဘေဂျင်းမြို့တော်မှာ ၂၀၀၈ ခုနှစ်တုန်းက နွေရာသီ အိုလံပစ်ပွဲ ကျင်းပခဲ့တာမို့ အဲဒီအချိန် တုန်းက ဆောက်လုပ်ခဲ့တဲ့ အားကစားကွင်း အများအပြားကို အခု ဆောင်းရာသီ အိုလံပစ်ပွဲမှာ ပြန်ပြီး သုံးနိုင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ကာဇက်စတန် နိုင်ငံကတော့ အိုလံပစ်ပွဲကို လက်ခံ ကျင်းပခဲ့ဖူးခြင်း မရှိသေးပါဘူး။ တရုတ်နိုင်ငံကတော့ ပြန်ပြီး သုံးနိုင်တဲ့ အားကစားကွင်းတွေ ရှိသလို ငွေကြေးလည်း ပိုပြီး ထောက်ပံ့ပေးနိုင်မှာမို့ ပိုပြီး စိတ်ချရတဲ့ ရွေးချယ်မှုလို့လည်း ယူဆနေကြတာပါ။ ဒါပေမယ့် ကာဇက်စတန်တို့ကတော့ သူတို့နိုင်ငံဟာ ဆောင်းရာသီ အားကစားနဲ့ လိုက်ဖက်တဲ့ ရာသီဥတု ရှိပြီး အားကစား သမားတွေလည်း နှင်းအစစ်တွေနဲ့ ကစားနိုင်မယ့် အခွင့်အလမ်းတွေ ရှိတယ်လို့ ပြောဆိုခဲ့တာပါ။

ဝင်အရွေးခံတဲ့ နှစ်နိုင်ငံ စလုံးတို့ကတော့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကြောင့် ဝေဖန်ပြောဆိုခံနေရတာ ဖြစ်ပါတယ်။ အခု အိုလံပစ် ပွဲတော်ကို ကျင်းပခြင်းအားဖြင့် ဒီနိုင်ငံတွေရဲ့ လူ့အခွင့်အရေး လုပ်ငန်းစဉ်တွေ အပေါ်မှာ အနီးကပ် စောင့်ကြည့်နိုင်မယ့် အခွင့်အရေး ရစေမလား ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆုချသလိုများ ဖြစ်နေမလား ဆိုတဲ့ အပေါ်မှာတော့ စောင့်ကြည့်လေ့လာသူတွေကြား သဘောထား ကွဲလွဲနေကြပါတယ်။