ဘယ်လ်ဂျီယံဘုရင် သားတော် Philppe ကိုထီးနန်းလွှဲအပ်

ဘယ်လ်ဂျီယံ တော်ဝင်မိသားစု။

Oxford နဲ့ Stanford တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တဲ့ ဘယ်လ်ဂျီယံ အိမ်ရှေ့မင်းသား Philippe ဟာ သတ္တမမြောက် ဘယ်လ်ဂျီယံ နိုင်ငံရဲ့ ဘုရင်အဖြစ် လွှတ်တော်မှာ အခမ်းအနားနဲ့ နန်းတက်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံကို နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့တဲ့ ဒုတိယမြောက် Albert ဘုရင်က ဒီကနေ့ တနင်္ဂနွေနေ့ မှာ ထီးနန်းစွန့်လိုက်ပြီး၊ သူ့ရဲ့သားတော် Philippe ကို နန်းလွှဲပေးလိုက်တာဖြစ်ပါတယ်။

ပါလီမန်ဒီမိုကရေစီအစိုးရဝန်ကြီးချုပ် Elio Di Rupo ရဲ့ ရှေ့မှောက်မှာ သက်တော် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ကြီး Albert က ထီးနန်းစွန့်ကြောင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ နန်းစွန့်ပွဲ မလုပ်ခင် ဒီနေ့အစောကပိုင်းကတော့ ဘုရင်ကြီး Albert နဲ့ မင်းသား Philippe တို့ ဘုရားကျောင်းကို အတူတက် ဝတ်ပြုခဲ့ကြပါတယ်။ သက်တော် ၅၃ နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှေ့မင်းသား Philippe ဘုရင်ဖြစ်လာရင် ပြည်သူတွေက အားပေးထောက်ခံကြဖို့ စနေနေ့တုန်းက ဘုရင်ကြီးက တိုက်တွန်းခဲ့ပါတယ်။

သူ့ရဲ့ ကျန်းမာရေးကြောင့် ထီးနန်းကို စွန့်တော့မယ်လို့ ဒီလဆန်းပိုင်းထဲက ဘုရင် Albert က ကြေညာခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ နိုင်ငံရဲ့ အမျိုးသားနေ့ လည်းဖြစ်တဲ့ ဒီကနေ့တနင်္ဂနွေနေ့မှာ မင်းသား Philippe ရဲ့ နန်းတက်ပွဲ မတိုင်ခင်ကတည်းက ဘယ်လ်ဂျီယံနိုင်ငံတဝန်း ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲနေကြပါတယ်။