ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားနိုင်ငံဘက် ထွက်ခွာသွားကြတာ ဒီသြဂုတ်လကုန်ဆိုရင် တနှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုထိတော့ မြန်မာနိုင်ငံဘက် ပြန်ဖို့ အခြေအနေက မရေမရာ ရှိနေဆဲဖြစ်ပါတယ်။ ထွက်ခွာသွားသူတွေ မိမိတို့မူလဒေသမှာ တကယ်နေခဲ့တယ်ဆိုတဲ့ အထောက်အထားပြနိုင်ရင် မြန်မာနိုင်ငံထဲ ပြန်ဝင်ခွင့်ပေးသွားမယ်လို့ မြန်မာအစိုးရက ပြောထားတာပါ။
ဒီအတွက် ရိုဟင်ဂျာဘက်က ဘယ်လိုပြင်ဆင်မှုတွေ ရှိနေသလဲဆိုတာကို AFP သတင်းတပုဒ်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရချိန်မှာ မိမိတို့ပိုင်ဆိုင်တဲ့ ဘယ်ပစ္စည်းကို ယူပြေးရမလဲဆိုတာ စဉ်းစားချိန်တောင်မရခဲ့ဘူးလို့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ အဝတ်အစား အနည်းအကျဉ်းနဲ့အတူ ကလေးငယ်တွေကိုပါ ပါအောင်ခေါ်လာရတာကြောင့် အခြားအရေးကြီးတဲ့ အရာတွေကို သယ်မလာနိုင်ဘူးလို့ သူတို့က ငြီးတွားကြပါတယ်။
ရခိုင်ပြည်နယ်မှာတုန်းက နှစ်ထပ်အိမ်နဲ့ နေလာခဲ့သူ အသက် ၅၂နှစ်အရွယ် ဂျလဲးအာမက်ကတော့ ဗမာစာလုံးတွေနဲ့ ရေးထားတဲ့ သူ့အိမ်နံပါတ်ပြားကို သယ်လာခဲ့သူ ဖြစ်ပါတယ်။
"ဒါက ကျနော်တို့ရဲ့ အိမ်နံပါတ်ပြားပါ ။ ကျနော်တို့ဆီမှာက အိမ်တိုင်းမှာ ဒီလို နံပါတ်ပြားတွေ တပ်ရပါတယ်။ အခုလို ထွက်ပြေးရချိန်မှာ ကျနော်တို့ အဲဒီဒေသမှာ နေခဲ့တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ၊ တခုခုတော့ ယူသွားရမယ်ဆိုတာ သိတဲ့အတွက် ဒီအိမ်နံပါတ်ပြားကို သယ်လာခဲ့တာပါ။ ဒါက အရေးကြီးပါတယ်။ ကျနော်တို့ မူလက ဘယ်မှာနေခဲ့သလဲဆိုတာ ပြောပြနိုင်ဖို့ ကျနော်တို့ ဘယ်ကိုသွားသွား ဒီနံပါတ်ပြားကို သယ်သွားရမှာပါ။"
ဒုက္ခသည်စခန်းထဲက အသက်(၁၂)အရွယ် ယောက်ျားကလေးတယောက်ကလည်း ရခိုင်ပြည်နယ်မှာတုန်းက သူတို့မိသားစုဝင်တွေ စုရိုက်ထားတဲ့ ဓါတ်ပုံ တပုံကို ထုတ်ပြရင်း မြန်မာပြည် ပြန်ဝင်တဲ့အခါ ဒီပုံကိုပြပြီး ပြန်ရှင်းပြနိုင်မှာဖြစ်တာကြောင့် ဒါကို အရေးတကြီး သိမ်းထားတယ်လို့ဆိုပါတယ်။
Asaru Begum ဆိုတဲ့ အမျိုးသမီးကတော့ ကလေးငယ်တွေ မြေးတွေနဲ့အတူ ထွက်ပြေးလာရတာကြောင့် ချက်ပြုတ်တဲ့အိုးတချို့သာ ယူလာနိုင်တယ်လို့ ပြောပါတယ်။
"ကျမက ကလေးတွေနဲ့ဆိုတော့ ဟင်းချက်တဲ့ ဒီအိုးတွေပဲ သယ်လာနိုင်ပါတယ်။ ကျမမှာ ဆန်နဲ့ ငြုပ်သီးပဲရှိတော့ ကလေးတွေကို ဒါပဲချက်ကျွေးနိုင်တယ်။ ချက်ပြုတ်တဲ့အခါ ဒီအိုးတွေပဲ သုံးနေရတာပါ ။ မကျွေးပြန်ရင်လည်း ဆာလို့ ကလေးတွေက ငိုပြန်ရော။ "
အသက် ၂၀ အရွယ် Mohammad Khares ကတော့ တက္ကသိုလ်ဆက်တက်ချင်သူပါ။ မြန်မာနိုင်ငံထဲမှာ သူ(၁၀)တန်းအထိ တက်ခဲ့တဲ့ ကျောင်းကဒ်ပြားကို ထုတ်ပြပါတယ်။
"ကျနော် ဒီသက်သေခံ ကဒ်ပြားကို ယူလာရတဲ့အကြောင်းက မြန်မာပြည်ထဲမှာ ၁၀ တန်းအထိ တက်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ဖို့ ဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေက စစ်ဆေးလို့ ပြန်ပြဖို့ လိုမယ်ဆိုရင် ဒီကဒ်ပြားကိုပဲ ကျနော်ပြရမှာပါ။ ဒါကြောင့် သယ်လာခဲ့တာပါ။"
Mohammad Jubayer ဆိုသူ ကလေး ၅ယောက်ဖခင်ဖြစ်ပြီး အချိန်တိုတွင်း သူတို့ရွာကို တိုက်ခိုက်နေချိန်မှာ အသက်ဘေးလွတ်အောင် ရုံးရင်း ဘာမှ သယ်မလာနိုင်ဘူးလို့ဆိုပါတယ်။
"ဘင်္ဂလားဘက် ပြေးလာတဲ့လမ်းမှာ ကျနော်တို့ဘာမှ သယ်မလာနိုင်ပါဘူး။ တောင်တွေကိုဖြတ်ပြီး ၉ရက်လောက် ဖြတ်လျှောက်ခဲ့ရပါတယ်။ ကလေးတွေကို အဓိက ပါအောင်ခေါ်လာရတော့ ကျန်တာတွေ ကျနော်တို့ ဘာမှ မသယ်နိုင်ပါဘူး ။"
ရခိုင်ပြည်နယ်မြောက်ပိုင်းကို ၂၀၁၇ သြဂုတ်လထဲ ARSA အကြမ်းဖက်အဖွဲ့က ဝင်တိုက်ခဲ့ပြီးနောက်၊ မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှု ဖြစ်စဉ်အတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ခွာခဲ့ကြတာပါ။ ကုလသမဂ္ဂကတော့ ဒီလုပ်ရပ်ကို လူမျုးိစုအလိုက်ရှင်းလင်းရေး ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ နိုင်ငံတကာမှာပြောနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက လက်မခံပဲ ငြင်းပယ်ထားပါတယ်။
Your browser doesn’t support HTML5