အမေရိကန်-မြန်မာ ဆက်ဆံရေး ဒီမိုကရေစီ လူ့အခွင့်အရေး အဓိက ထားမည်

သမ္မတ အိုဘားမားရဲ့ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အတွက် ဆောင်ရွက်ပေးနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ကြာသပတေးနေ့က သမ္မတ အိုဘားမားရဲ့ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Benjamin Rhodes တို့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီ့လို တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံအပေါ် ထားရှိမယ့် အမေရိကန်ရဲ့ မူဝါဒဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အလေးထားတဲ့ အကြောင်း မစ္စတာ Rhodes ကဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

သမ္မတ အိုဘားမား နောက်တပတ် အာဆီယံ ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီး ညီလာခံ တက်ရောက်ဖို့ မြန်မာနိုင်ငံကို မသွားရောက်မှီ အခုလို လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Benjamin Rhodes က မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေး အတွက် ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ NGO တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးပွဲရဲ့ ဦးတည်ချက်ကတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြုပြင်ပြောင်းလဲရေး အကဲစမ်းမှုတွေနဲ့ ပတ်သက်လို့ ဒီ NGO အဖွဲ့အစည်းတွေရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို သိရှိနိုင်ဖို့အပြင် မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အနာဂတ် ထိတွေ့ ဆက်ဆံရေးမှာ သမ္မတ အိုဘားမားရဲ့ ဦးစားပေးမှုတွေကို Ben Rhodes က ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။

ဒီစည်းဝေးပွဲကို တက်ရောက်ခွင့်ရတဲ့ NGO အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ အနက် Kachin Alliance ခေါ် ကချင်ကွန်ရက် ဥက္ကဋ္ဌ ဂမ်ဆမ်းလည်း ပါဝင်ပါတယ်။ အစည်းအဝေးပွဲ အဓိက အချက်နဲ့ ပတ်သက်လို့ ဂမ်ဆမ်းက-

" သမ္မတ ဗမာပြည် မသွားခင် ပေါ်လစီရေးရာနဲ့ ပတ်သက်ပြီးမှ သုံးသပ်ချက်ကို ဒီဝါရှင်တန်မှာ ရှိတဲ့ ဗမာပြည်အတွက် လုပ်ဆောင်နေတဲ့ NGO တွေကို ခေါ်ပြီးမှ သူတို့ကို သုံးသပ်ချက် ပေးခိုင်းတာပေါ့နော်။ အဓိက ဘယ်လိုအခြေအနေရှိတဲ့ အကြောင်း၊ နောက်ပြီး အစိုးရကနေပြီးတော့ ဘယ်ပေါ်လစီနဲ့သွားနေတဲ့အကြောင်း သူတို့ရှင်းပြတယ်။ ကျနော်တို့က ပြန်ပြီး Feedback ပေးတယ်။ အကြံဉာဏ်ပေး တယ်။ ဗမာပြည်မှာ ဖြစ်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲ အကြောင်း နောက် တခုက ရိုဟင်ဂျာ အကြောင်း နောက်တခုက ကချင်တိုင်းရင်းသားတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ပဋိပက္ခဖြစ်နေတဲ့ အကြောင်းတွေ ကို တော်တော် အရေးထားပြီးမှ ပြောသွားတာကို တွေ့ရတာပေါ့။ မြန်မာပြည် ကတော့ နေ့ချင်းညချင်းပြောင်းလဲနေတဲ့ နိုင်ငံမဟုတ်ဘူး။ တဆင့်ချင်း တဆင့်ချင်းပြောင်းလဲမယ်ဆိုတဲ့ ပေါ်လစီကို ကိုင်ထားပါတယ်ဆိုတဲ့ သူတို့ ပြောပါတယ်။ ကချင်သာ မဟုတ်ဘူး။ အဓိကကတော့ NCCT တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေတဲ့ လမ်းပေါ့နော် နည်းနည်းတန့်သွားတဲ့ အခြေအနေကို သူတို့က သိပ်အားရတဲ့ သဘောမရှိသေးဘူးဆိုတဲ့ သဘောသဘာဝ ဖော်ပြပါတယ်။ နောက် သမ္မတကိုယ်တိုင်လည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မှ ကောင်းကောင်း သိကျွမ်းမှုရှိပါတယ်ဆိုတဲ့ သဘောထား အချက်ကို ထုတ်ဖော်ပြပါတယ်။ "

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရေး၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းနဲ့ မြန်မာနိုင်ငံ တဝှမ်း မူဆလင်လူနည်းစု အနေအထားရဲ့ အရေးပါမှု အပြင် မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ဖွင့်ခွင့်ရရှိရေးတို့ကိုလည်း မစ္စတာ Rhodes က အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်သူက ရွေးကောက်တဲ့ အရပ်သားအစိုးရလက်ကို အာဏာ လွှဲပြောင်းပေးရေး အပြင် လူထုက ကြိုက်နှစ်သက်တဲ့ ခေါင်းဆောင် တင်မြှောက်နိုင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲရဲ့ အရေးပါမှုကိုလည်း မစ္စတာ Rhodes က တင်ပြခဲ့တယ် လို့ ဂမ်ဆမ်းက ပြောပါတယ်။

"ရွေးကောက်ပွဲကတော့ သူတို့က အရေးတကြီး " Milestone" ဆိုတဲ့ ဟာကို ခံယူတယ်လို့ပြောပါတယ်။ ဗမာပြည်ကို ပြောင်းလဲတာ မပြောင်းလဲတာ ချိန်တဲ့ဟာအဖြစ် မြင်တယ်လို့ သူတို့ပြောပါတယ်။ သူတို့ပြောတာ အဓိက US ပေါ်လစီအနေနဲ့ ပြောင်းလဲမှု အခြေအနေက ဒီ ဒီမိုကရေစီဘက်ကို ဦးတည်နေတဲ့ဟာကို အဓိက ထားတယ်လို့ သူတို့ပြောတာ ပါ။ ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ ပါဝင်ဖို့ကတော့ အရေးကြီးတာကို ထပ်ခါတလဲလဲ ပြောပါတယ်။"

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ နောက်ကြောင်းပြန်လှည့်နေပြီဆိုတဲ့ ဝေဖန်ချက်နဲ့ပတ်သက်လို့ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် စိုးရိမ်မကင်းဖြစ်မှုတွေ၊ အမျိုးသမီးနှင့် နိုင်ငံရေးအကျဉ်းသားအခွင့်အရေးတွေကို အကာအကွယ်ပေးနေရးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဂမ်ဆမ်းကပြောပါတယ်။ ဒီအစည်းအဝေးပွဲကို အမေရိကန် နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski လည်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ Malinowski ရဲ့ တင်ပြချက်နဲ့ပတ်သက်လို့ ဂမ်ဆမ်းက-

" သူကလည်း ဒီ အတူတူပါပဲ။ သူတို့ မြင်တာကတော့။ မြန်မာပြည်ကို တရုတ်ကို သူတို့က ချိန်ခွင် ချိန်ဖို့အတွက် မြန်မာပြည်ကို လာရောက်တာမဟုတ်ဘူး။ အဓိကကတော့ မြန်မာပြည် လူ့အခွင့်အရေး ပိုတိုးတက်နိုင်မယ့် အခွင့်အလမ်း ရှိနိုင်မယ်လို့ ထင်လို့ အတွက် လာလုပ်တာပေါ့နော်။ ပြုပြင်ပြောင်းလဲမှုအတွက် တွန်းအားပေးနိုင်ဖို့ အားတခုဖြစ်နိုင်ဖို့ အတွက် သူတို့ ဗမာပြည်နဲ့ပိုနီးစပ် လာတယ်လို့ ပြောပါတယ်။ ၂၀၁၅ ပေါ်မှာ မူတည်ပြီးမှ နောက်ထပ် သွားမယ့် နည်းလမ်းတွေအတွက် သူတို့ပြန်ပြီးမှ ကြည့်သွားမယ်လို့ပြောတာပေါ့နော်။"

မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားနိုင်ငံတွေ အနေနဲ့ အကောင်းဘက်က ချည်း သိပ်မမြင်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတိပေးပြောကြားခဲ့သလို အမေရိကန် အောက်လွှတ်တော်ရဲ့ ဒီမိုကရက်နဲ့ ရီပတ်ပလင်ကန် အမတ် တဒါဇင်ကျော်တို့ ကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုအကြောင်း လက်မှတ်ရေးထိုးထားတဲ့စာကို သမ္မတ အိုဘားမား မြန်မာနိုင်ငံကို မသွားရောက်ခင် ပေးပို့ခဲ့ချိန်မှာပဲ အခုလို အိမ်ဖြုတော် လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်က မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုးတက်ရေးဟာ အမေရိကန်ရဲ့မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီ ရဲ့ အရေးပါမှု တရပ်ဖြစ်တယ်ဆိုပြီးတော့ အလေးထားပြောဆိုခဲ့တာနဲ့ တိုက်ဆိုင်နေတယ်လို့ ဆိုရမှာပါ။