ဆိတ်ငြိမ်စွာ Christmas ကို ဖြတ်သန်းနေတဲ့ ယေရှုဖွားမြင်ရာ Bethlehem

Bethlehem မြို့ Church of the Nativity ဘုရားရှိခိုးကျောင်းရှေ့မြင်ကွင်း

ဒီနေ့ဟာ ယေရှုခရစ်တော်ဖွားမြင်တဲ့ အထိမ်းအမှတ် Christmas နေ့အကြို ဖြစ်တာကြောင့် ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ ကောင်းချီးမင်္ဂလာတွေ မျှဝေနေကြပါတယ်။ ပုံမှန်အားဖြင့် Christmas ပွဲတော်အချိန်မှာ ဝတ်ပြုဆုတောင်းပွဲတွေ၊ ကလေးငယ်တွေအတွက် ပျော်စရာ အခမ်းအနားတွေ ဆင်နွဲကြလေ့ရှိပေမဲ့ ယေရှုခရစ်တော်ဖွားမြင်တယ်လို့ ယုံကြည်ထားကြတဲ့ Bethlehem မှာတော့ ဂါဇာစစ်ပွဲကြောင့် ဆိတ်ငြိမ်စွာနဲ့ ပွဲတော်ကို ဖြတ်သန်းနေကြပါတယ်။ ပါလက်စတိုင်းလူမျိုးတွေနေထိုင်ကြတဲ့ ဂျော်ဒန်မြစ်အနောက်ပိုင်းက Bethlehem မြို့မှာ ဒီနှစ်တော့ ပွဲတော်မလုပ်ဘူးလို့ ပါလက်စတိုင်း ခရီးသွားဝန်ကြီး Rula Ma'ayah ကပြောကြားခဲ့ပါတယ်။

တကမ္ဘာလုံးမှာ ခရစ်စမတ်ပွဲတော် ဆင်နွဲနေကြပေမဲ့ ယေရှုခရစ်တော် ဖွားမြင်ရာဖြစ်တဲ့ Bethlehem မှာတော့ ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသအပါအဝင် ပါလက်စတိုင်း ပိုင်နက်အားလုံးမှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် Christmas ကို ပွဲတော်အစား ဝမ်းနည်းခြင်းတွေနဲ့ ဖြတ်သန်းကြမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယေရှုဖွားမြင်ရာလို့ဆိုတဲ့နေရာမှာဆောက်ထားတဲ့ Church of the Nativity ရှေးဟောင်းဘုရားရှိခိုးကျောင်းရှေ့က Manger Square ရင်ပြင်မှာ ပုံမှန်အားဖြင့် ခရစ်စမတ်သစ်ပင်တွေမှာ မီးတွေ ထွန်းပြီး စိတ်ကြည်နူးစရာဖြစ်အောင် အလှဆင်ထားလေ့ရှိတာပါ။ အဲဒီအစား ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေနဲ့ တသားထဲရှိနေတယ်ဆိုတာပြသတဲ့အနေနဲ့ Christmas အကြိုနေ့ ဒီနေ့မှာ ဧရာမ ပါလက်စတိုင်းအလံတွေကို ဝိုင်းကိုင်ပြီး စစ်ပွဲချက်ချင်းရပ်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယေရှုဖွားမြင်ပုံ အရုပ်တွေနဲ့ ပုံဖော်ထားတာမှာတော့ အပျက်အစီးပုံတွေကြားမှာ ဖွားမြင်နေပုံမျိုးဖြစ်အောင် ပုံဖော်ထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြတဲ့အနေနဲ့ လုပ်ထားတာဖြစ်ပါတယ်။ မွေးကင်းစယေရှုအရုပ်လေးကိုလည်း အဝတ်ဖြူနဲ့ပတ်ထားပြီး ဂါဇာမှာ ကလေးငယ်တွေ သေဆုံးနေတဲ့ အဖြစ်ကို ပေါ်လွင်အောင် ပြသထားပါတယ်။ ပါလက်စတိုင်းပြည်သူတွေ အပျက်အစီးပုံတွေကြား ဒုက္ခရောက်နေတာကို ထင်ဟပ်စေတဲ့ အခင်းအကျင်းဖြစ်တယ်လို့ Bethlehem မြို့တော်ဝန်က‌ ပြောကြားခဲ့ပါတယ်။