အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ သန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေအတွက် စည်းကမ်းသစ်တွေကို အစိုးရက ကြာသပတေးနေ့မှာပဲ ကြေညာလိုက်ပါတယ်။
“ကာကွယ်ဆေး ထိုးပြီးသူ ဟုတ်မဟုတ် အထောက်အထား တောင်းခံမှာ ဖြစ်ပါတယ်။ အထောက်အထား မပြနိုင်တဲ့သူ ဒါမှမဟုတ် ဆေးမထိုးရသေးရင်တော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် နှာခေါင်းစည်းတပ်ရမှဖြစ်ပြီး၊ တပတ်ကို ၁ ကြိမ်၊ ဒါမှမဟုတ် ၂ ကြိမ် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးရမှာဖြစ်သလို၊ လူချင်းခပ်ခွာခွာ နေရပါမယ်။” လို့ သမ္မတ Joe Biden က အိမ်ဖြူတော်မှာ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောလိုက်တာပါ။
ကာကွယ်ဆေးထိုးတဲ့သူတွေ များလာဖို့ အစိုးရဝန်ထမ်း ၄ သန်းလောက်အတွက် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းသစ်တွေကို ပုဂ္ဂလိကလုပ်ငန်းတွေကလည်း လိုက်နာဖို့ အစိုးရက မျှော်လင့်နေတာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ ဝန်ထမ်းတွေကို အထူးအခွင့်အရေးတွေပေးပြီး ကာကွယ်ဆေး ထိုးနှံအောင် စည်းရုံးဖို့လည်း သမ္မတဘိုင်ဒင်က တိုက်တွန်းခဲ့တာပါ။ ပြည်နယ်နဲ့ ဒေသန္တရ အစိုးရတွေ အနေနဲ့လည်း ကပ်ရောဂါအတွက် အရေးပေါ် ပေးအပ်ထားတဲ့ ရန်ပုံငွေထဲကနေ ကာကွယ်ဆေးထိုးတဲ့သူတွေကို ဒေါ်လာ ၁၀၀ စီပေးပြီး စည်းရုံးဖို့လည်း အကြံပြုခဲ့ပါတယ်။ အမေရိကန် လွတ်လပ်ရေးနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကာကွယ်ဆေး အပြည့်ထိုးပြီးတဲ့ အရွယ်ရောက်သူ အရေအတွက်က လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းရှိဖို့ သမ္မတက ရည်မှန်းခဲ့တာ ဖြစ်ပေမဲ့ အခုအချိန်အထိတော့ ၆၀ ရာခိုင်နှုန်းလောက်သာ ရှိနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
------------------------------