ကန်သမ္မတဂျိုးဘိုင်ဒန် ရွေးကောက်ပွဲကြိုတင်မဲပေး

  • VOA Burmese

President Joe Biden helps a voter in a wheelchair in line at a polling station before casting his early-voting ballot for the 2024 general elections, New Castle, Delaware, Oct. 28, 2024.

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းတပတ်ပဲ လိုတော့တဲ့အချိန်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မနေ့ တနင်္လာနေ့က ကြိုတင်မဲ ပေးခဲ့ပါတယ်။ Delaware ပြည်နယ်၊ Wilmington မြို့က သူ့နေအိမ်အနီးမှာရှိတဲ့ ကြိုတင် မဲပေးရုံမှာ တခြား မဲလာပေးသူတွေလိုပဲ သမ္မတ ဘိုင်ဒန် သွားရောက်တန်းစီ မဲပေးခဲ့တာပါ။ မဲပေးဖို့ မိနစ် ၄၀ လောက် တန်းစီ စောင့်နေတဲ့ အချိန်အတွင်းမှာ တခြား မဲလာပေးသူတွေနဲ့လည်း သမ္မတက စကားတွေ ပြောသွားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်း Kamala Harris နိုင်လိမ့်မယ်လို့ သူ ယုံကြည်တဲ့အကြောင်းကိုတော့ မဲရုံအထွက် ဝိုင်းဝန်း မေးမြန်းကြတဲ့ သတင်းထောက်တွေကို သမ္မတက ဖြေကြားသွားခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump က အမေရိကန် ပြည်ထောင်စုထဲ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ရာဇဝတ်သားတွေအဖြစ် နယူးယောက် မဲဆွယ်စည်းရုံးပွဲမှာ သုံးနှုန်းပြောဆိုသွားခဲ့တာနဲ့ ပတ်သက်လို့လည်း အင်မတန် ရှက်စရာကောင်းတဲ့ ပြောဆိုမှုလို့ သမ္မတ က ဝေဖန်ပါတယ်။ ဒီလို ပြောဆို ပြုမူတတ်သူမျိုး သမ္မတ ဖြစ်မလာစေဖို့ ဒီရွေးကောက်ပွဲက အင်မတန်ကို အရေးပါတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုပြီးတော့လည်း သမ္မတ ဘိုင်ဒန်က ပြောဆိုသွားခဲ့ပါတယ်။

နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းတပတ်ပဲ လိုတော့တာနဲ့အမျှ သမ္မတလောင်းတွေ အပြိုင်အဆိုင် အကြိတ်အနယ် မဲဆွဲနေကြတာပါ။ နယူးယောက်မြို့လယ်က အထင်ကရ Madison Square Garden ခန်းမကြီးမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump တနင်္ဂနွေနေ့က မဲဆွယ်စည်းရုံးပွဲ အကြီးအကျယ် ကျင်းပခဲ့တာမှာ Melania Trump နဲ့ SpaceX နဲ့ Tesla ကုမ္ပဏီ အကြီးအကဲ Elon Mask တို့လည်း တက်ရောက် မိန့်ခွန်းပြောခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အရေးပါတဲ့ ပြည်နယ်တခုဖြစ်တဲ့ Pennsylvania ပြည်နယ် Philadelphia မြို့မှာ တနင်္ဂနွေနေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ကန်သမ္မတဂျိုးဘိုင်ဒန် ရွေးကောက်ပွဲကြိုတင်မဲပေး

biden for web.mp3