ကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမည်

FILE - U.S. Secretary of State Antony Blinken speaks at the White House in Washington, on June 13, 2023.

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ လာမယ့်သီတင်းပတ် အင်ဒိုနီးရှားခရီးစဉ်အတွင်း အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံရင် မြန်မာ့အရေးကိစ္စဟာ အဓိကဆွေးနွေးဖို့ အကြောင်းရပ်တခုဖြစ်မယ်လို့ နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကိုင်တွယ်အရေးယူဖို့ အမေရိကန်ဖက်က မျှော်လင့်ထားတာပါ။

အာဆီယံဝန်ကြီးအဆင့်မှာ မြန်မာကိုယ်စားပြုမှုကို ဆက်ပြီးချန်လှန်ထားဖို့လိုသလို၊ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းမဖက်မှုတွေရပ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ အာဆီယံအနေနဲ့ပိုဖိအားပေးဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှဆိုင်ရာထိပ်တန်းတာဝန်ရှိသူ Daniel Kritenbrink က သတင်းထောက်တွေကိုပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်ကောင်စီနဲ့စစ်တပ် တာဝန်ရှိသူတွေ နီးစပ်သူတွေကို ပစ်မှတ်ထားအရေးယူထားသလို ပြီးခဲ့တဲ့လကတော့ စစ်ကောင်စီအတွက် နိုင်ငံခြားငွေလဲလှယ်မှုမှာအသုံးပြုနေတဲ့ ဘဏ်နှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်ထားလိုက်ပါတယ်။ ဒီမိုကရေစီရေးအတိုက်အခံလှုပ်ရှားသူတွေကို နှိပ်ကွပ်မှုတွေနဲ့ စစ်ကောင်စီရဲ့လက်နက်ဝယ်ယူတင်သွင်းမှုတွေကို ကန့်သတ်ဖို့ရည်ရွယ်တာပါ။

တဖက်မှာတော့ အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံညှိုနှိုင်းမှုတွေဖြစ်လာဖို့ရည်ရွယ်တဲ့ အာဆီယံ မြန်မာအရေးဘုံရပ်တည်ချက်ကိုလည်း အမေရိကန်ပြည်ထောင်စုက ထောက်ခံထားပါတယ်။ ဒီဘုံသဘောထားကို လိုက်နာဖို့ ပျက်ကွက်တဲ့အတွက် အာဆီယံဟာ အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကိုယ်စားပြုမှုကို ပိတ်ပင်ထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ဟာ အခုလာမယ့် တနင်းနွေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိလုပ်မယ့် NATO အစည်းအဝေးတွေမှာ သမ္မတ ဘိုင်ဒန်နဲ့အတူ တတ်ရောက်ဖို့ရှိပြီး၊ အဲဒီကနေ အင်ဒိုနီးရှားနိုင်ငံမှာ အဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံမှာပါ။ အစည်းအဝေးမှာတော့ မြန်မာ့အရေးကိစ္စနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတွေကို အဓိကထားဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။