လှေစီးပြေး ရိုဟင်ဂျာ အရေး ကုလ လုံခြုံရေးကောင်စီ ဆွေးနွေးမည်

လှေစီးပြေး ဒုက္ခသည်များ။

မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ ထိရောက်တဲ့ လက်တွေ့ ဆောင်ရွက်မှုတွေ ချမှတ် လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တချို့က တိုက်တွန်း နေကြပါတယ်။ အရှေ့တောင် အာရှဒေသက ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ရှိခဲ့ပြီး တဲ့နောက် လုံခြုံရေးကောင်စီမှာ ဒီကိစ္စ ဆွေးနွေးကြမှာ ဖြစ်သလို၊ မနက်ဖြန် မေလ ၂၉ ရက်နေ့မှာလည်း အာရှနိုင်ငံတွေက ကိုယ်စားလှယ်တွေ ဘန်ကောက်မြို့ မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ အိမ်နီးချင်း နိုင်ငံတွေကို လှေတွေနဲ့ ထွက်ခွာလာကြတဲ့ ဒုက္ခသည် ထောင်နဲ့ချီမှာ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေ ကို ရောက်လာကြသူ တချို့ရှိသလို ပင်လယ်ထဲမှာ မျောနေ သူတွေလည်း အများအပြား ရှိတယ်လို့ ဆိုပြီး ဒီလူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ နိုင်ငံတကာရဲ့ တိုက်တွန်း ပြောဆိုသံတွေ ထွက်လာခဲ့ ပြီးတဲ့နောက် ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း ဒီကိစ္စ ဆွေးနွေးကြမှာပါ။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ဦးဆောင်ပြီး လုံခြုံရေးကောင်စီကို တင်ပြမှာလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကနေ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ချမှတ်သင့်တယ်လို့ လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာအရေး ဆွေးနွေးမယ့်ကိစ္စကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်တာက ဒီလို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို မကြာခဏ ဆွေးနွေးပေမဲ့ တကယ် လက်တွေ့ ဘာမှမလုပ်တာကိုပါ။ အပြောသက်သက်နဲ့ မလုံလောက်ပါဘူး။ ကျနော်တို့ မြင်ချင်တာက ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးနိုင်အောင် လုံခြုံရေး ကောင်စီ ကနေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဒီကိစ္စ မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဦးဆောင်လုပ်ဖို့ ပြောတာမျိုးပါ။ ဘာကြောင့်လဲ ဆိုတော့ မြန်မာအစိုးက ရခိုင်ပြည်နယ်တွင်း ပြည်တွင်းပြည်ပ အကူအညီပေးရေး လုပ်ငန်းတွေမှာ ခုထိ အကန့်အသတ်တွေ လုပ်ထားတာ ကြောင့်ပါ။”

ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား ပင်လယ်ဖြတ် ထွက်ပြေးနေကြရတဲ့ အဓိက အကြောင်းတခုထဲမှာ ဆင်းရဲနွမ်းပါးမှု နဲ့ အထောက်အပံ့ မရတာတွေကြောင့် ဖြစ်တယ်လို့လည်း လို့ မာ့ခ် ဖာမနာက ပြောပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်အောင် မြန်မာအစိုးရက အကန့်အသတ်မထားဖို့ လုံခြုံရေးကောင်စီက ဖိအားပေး လုပ်ဆောင်သင့်တယ်လို့ မာ့ခ် ဖာမနာက ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုလုပ်ငန်းတွေကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်အောင် မြန်မာအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့အတွက် ကမ္ဘာ့ သြဇာအရှိဆုံး အဖွဲ့ဖြစ်တဲ့ လုံခြုံရေးကောင်စီ ကနေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လုပ်ပိုင်ခွင့် ပေးဖို့ လိုပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့် ပေးတာကမြန်မာအစိုးရကိုလည်း သူတို့လက်ရှိ မူဝါဒတွေ ပြောင်းလဲလာအောင်၊ ရခိုင်ပြည်နယ်တွင်း အကူအညီတွေကို ဝင်ရောက်ခွင့်ပြုအောင် ခိုင်မာတဲ့ သတင်းစကား တရပ် ပေးရာလည်း ကျပါတယ်။”

ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လှေစီးပြေး ဒုက္ခသည်တွေ အရေး ဆွေးနွေးကြဖို့ ရှိသလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပဲ မြန်မာအပါအဝင် ဒေသတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေဟာလည်း မနက်ဖြန် မေလ ၂၉ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေး ကြဖို့ ရှိနေတာပါ။ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ Human Rights Watch ရဲ့ အာရှရေးရာ တာဝန်ခံတဦးဖြစ်တဲ့ Phil Robertson ကတော့ ဒီ အစည်းအဝေး ကနေ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းပါဝင်တဲ့ မဖြစ်မနေ လိုက်နာရမယ့် သဘောတူညီချက်တွေကို ချမှတ် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် သဘောတူညီချက်တွေ ရဖို့လို ပါတယ်။ အရင်ဆုံး ဦးစားပေး လုပ်ရမှာက ပင်လယ်ထဲမျောနေတဲ့သူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ပါ။ ပြီးရင်တော့ UNHCR နဲ့ IOM တို့ကို ဒီလူတွေနဲ့ တွေ့ဆုံခွင့် ပြုပြီး သူတို့ဟာ ဒုက္ခသည်တွေ လား၊ ဒါမှမဟုတ် လူမှောင်ခိုကူးခံရတဲ့ သူတွေလား စသဖြင့် စိစစ် အတည်ပြုပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် စီစဉ်ပေးရပါမယ်။ နောက်တခုကတော့ မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မူဝါဒကို ပြောင်းလဲပြီး ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့် ရပါမယ်။ သူတို့တွေ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် မှာ ပြန်နေခွင့် ပြုပြီး နိုင်ငံသားအဖြစ် လက်ခံပေးရပါလိမ့်မယ်။”

ဘန်ကောက်မြို့က အစည်းအဝေးကို အာရှနိုင်ငံ ၁၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့်အပြင် အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေ က စောင့်ကြည့်လေ့ လာသူတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR နဲ့ နိုင်ငံတကာ ရွှေ့ပြောင်း ဝင်ရောက်သူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IOM တို့လည်း တက်ရောက်ကြမှာပါ။

ဒီအတောအတွင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆက်ဆံ မှုတွေ အဆုံးသတ်ဖို့ ကိစ္စ အပါအဝင် လှေစီးပြေး ဒုက္ခသည် ပြဿနာ အရင်းခံကို လာမယ့် အစည်းအဝေးမှာ အဓိကထား ဆွေးနွေးကြဖို့ မလေးရှား အစိုးရကို တိုက်တွန်းနေပါတယ်။