အိုးဘိုထောင်မှာအကျဉ်းကျခံနေရတဲ့ (NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးဘိုဘိုငယ်ဟာအစာအိမ်ရောဂါ အပြင်းအထန်ခံစားနေရလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ပြင်ပထွက်ပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့နီးစပ်သူကပြောပါတယ်။ အိုးဘိုထောင်မှာပဲ အကျဉ်းကျခံနေရတဲ့ NLD မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်လည်း ကင်ဆာဝေဒနာခံစားနေရပါတယ်။ အကျဉ်းထောင်တွေထဲ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာ၊ လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့် အရေးတွေ ချိုးဖောက်ခံရမှုတွေနဲ့ပါ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထား ပါတယ်။
အိုးဘိုထောင်မှာ အကျဉ်းကျခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူ နှစ် ၂၀ကျော် ထောင်ဒဏ်ချခံထားရတဲ့ ဦးဘိုဘိုငယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဗိုက်အောင့်ဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရတာမို့ မန္တလေး အိုးဘိုထောင်ထဲကနေ မန္တလေးထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ သူခံစားနေရတဲ့ အစာအိမ်ရော ဂါကြောင့် အစာအိမ်မှန်ပြောင်းကြည့်ခဲ့ရပါတယ်။ လက်ရှိချိန်မှာတော့ သူ့ကိုအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီလို့လည်း အဲဒီနီးစပ်သူက ပြော ပါတယ်။
မိသားစုတွေကတော့ အကျဉ်းထောင်ထဲမှာ သူ့ရောဂါပိုဆိုးလာမှာကို စိတ်ပူနေကြတာပါ။ ဦးဘိုဘိုငယ်ကို စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ဖမ်းဆီးခဲ့ပြီးတဲ့နောက် တနှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်၊ မေလမှာအဂတိပုဒ်မနဲ့အမှုဖွင့်ခဲ့ပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
မန္တလေး အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ NLD အစိုးရလက်ထက်က မန္တလေးလျှပ်စစ်ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇာနည်အောင်လည်း ကျန်းမာရေးမကောင်းဘူးလို့ မိသားစုနဲ့နီးစပ်သူ ကပြောပါတယ်။ ဦးဇာနည်အောင်ဟာ မှဲ့ကင်ဆာဝေဒနာကိုခံစားနေရတယ်လို့ သူက ခုလို ပြောပြပါတယ်။
"ကိုဇာနည်ကဆေးရုံကို ၂၁ ရက်နေ့ထွက်ပြရမယ်ထင်တယ်။ သူကလည်း ပြောရခက်တယ်၊ သူက လည်းကင်ဆာပဲ။ မှဲ့ကနေဖြစ်တဲ့ကင်ဆာဆိုတော့ မျက်လုံးထိခိုက်နိုင်တယ်။ အဲဒါကြောက်ရတာ ပေါ့။ ထောင်ထဲမှာက နေရတာစိတ်ချမ်းသာစရာမရှိဘူးလေ။"
ဦးဇာနည်အောင်ကို အိုးဘိုအကျဉ်းထောင်မှာ စစ်ကောင်စီက ထောင်ဒဏ် ၈ နှစ် ချမှတ်ထားတာပါ။ သူဟာ ဆီးချို၊သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်နေပြီး ထောင်တွင်းဆေးရုံမှာ ဆေးကုသရာ မသက်သာတာကြောင့်မန္တလေးဆေးရုံကြီးကို တင်ပို့ကုသနေချိန်မှာဘဲ ကင်ဆာ ဖြစ်နေတာ သိခဲ့ရတာပါ။
လက်ရှိ မြန်မာနိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသားတွေ ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးဆေးဝါးကုသမှု မရတာ၊ ထိရောက်တဲ့ လိုအပ်တဲ့ဆေးဝါးတွေ မပေးတာတွေရှိနေတာမို့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူ အကျဉ်းသားတွေမှာ အချိန်မီ ဆေးကုသခွင့်မရတာတွေ ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ယက်က ဦးသိုက်ထွန်းဦး ကပြောပါတယ်။
ဒီလိုဆိုးဝါးတဲ့ အခြေအနေတွေကို နိုင်ငံတကာဘက်က မျက်ကွယ်မပြုထားဖို့ အချိန်မှီတည့်မတ်နိုင်ဖို့ လုပ်ဆောင်ပေးဖို့လိုအပ်နေတယ်လို့ သူက ပြောပါ တယ်။
"ထောင်ထဲမှာဆေးဝါးစောင့် ရှောက်မှုလည်း လုံလောက်စွာမပေးလို့ သေဆုံးမှုတွေလည်းရှိတယ်။ အဲတော့ လူသားတိုင်းအခြေခံရသင့်တဲ့ အသက်ရှင်ပိုင်ခွင့် Right to Life ကိုတောင် ဆုံးရှုံးနေတယ်လို့ ပြောလို့ရတဲ့အခြေအနေ ဖြစ်နေပါတယ်။ လက်ရှိ နိုင်ငံတကာအနေနဲ့ကလည်း စစ်ကောင်စီအပေါ်မှာ ကော၊ အကျဉ်းဦးစီးဌာနအပေါ်မှာကော ထိထိရောက်ရောက် အရေးမယူနိုင်သေးဘူးလို့တော့ ကျနော် တို့မြင်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း အကျဉ်းထောင်တွေကိုကူညီစောင့်ရှောက်မှုတွေ ဒီထက် ပိုလုပ်ပေးသင့်တယ်လို့ ပြောချင်ပါတယ်။ လက်ရှိအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၂ သောင်းခွဲကျော်လောက် ဖမ်းခံထားရတယ်။ မိသားစုဝင်တွေဟာ အဖမ်းခံထားရတဲ့ ကိုယ့်မိသားစုဝင်တွေအတွက် အပြင်မှာ အထွေထွေအကျပ်အတည်းတွေကြားထဲကနေ ပါဆယ် ပို့ဆောင် နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ကူညီစောင့်ရှောက်ပေးဖို့နိုင်ငံတကာက လုပ်ဆောင်ပေးသင့်တယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်ခင်ဗျ။"
စစ်အာဏာမသိမ်းခင်ကတော့ အကျဉ်းထောင်တွေထဲကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးကော်မရှင် တို့က ကွင်းဆင်းကြည့်ရှုတာ၊ အကျဉ်းသားတွေနဲ့ တွေ့ဆုံစကားပြောတာတွေ ရှိခဲ့ပြီး လိုအပ်တာတွေကိုပြုပြင်တာတွေလုပ်ခဲ့တာရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီအခြေအနေတွေ မရှိတော့ပါဘူး။
ဒီလိုအာဏာသိမ်းပြီးနောက်ပိုင်း ထောင်တွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ဖိနှိပ်တာတွေအပြင် အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် ဆေးကုသခွင့်မပေးတာ၊ ဆေးဝါးမလုံလောက်တာ၊ နေထိုင် စားသောက်ရေး ခက်ခဲအောင်လုပ်ဆောင်တာ စတဲ့ အကြပ်အတည်းတွေကို နိုင်ကျဉ်းတွေ ခံစားနေရတယ်လို့ ပြန်လွတ် လာသူတွေကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ သုံးသောင်းနီးပါးရှိပြီး အဲဒီအထဲက နှစ်သောင်းကျော် ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ဒီစာရင်းတွေကချဲ့ကားလွန်းတဲ့ စာရင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ပေမယ့် အေအေပီပီကတော့ ဒါကကောက်ယူနိုင်တဲ့ အရေအတွက်သာဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။
Your browser doesn’t support HTML5