အခွန်ရှောင်မှု ဖော်ထုတ်သူ ဆုရရှိ

ထောင်ချီတဲ့အမေရိကန်တွေ အခွန်ရှောင်မှု ဖော်ထုတ်သူ UBS Bank ဝန်ထမ်းဟောင်း Bradley Birkenfeld

ထောင်နဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေ နိုင်ငံရပ်ခြား ဘဏ်စာရင်းတွေကနေ တဆင့် အခွန်ရှောင်တိမ်းဖို့ ကြိုးစားရမှာ ဆွစ်ဇာလန်အခြေစိုက် ဘဏ်ကြီးကနေ ဘယ်လိုကူညီနေတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ UBS Bank ဝန်ထမ်းဟောင်းတဦးကို အမေရိကန်ဘဏ္ဍာဌာနကနေ ဆုငွေ ဒေါ်လာ ၁၀၄သန်း ချီးမြှင့်လိုက်ပါတယ်။

ဒီကိစ္စကို စတင်ဖော်ထုတ်လိုက်သူ Bradley Birkenfeld ရဲ့ ရှေ့နေတွေက သူအခုလို ဆုရကြောင်းနဲ့ ဒါဟာ အမေရိကန်ပြည်တွင်း အခွန်ဘဏ္ဍာဌာန IRS ကို လွှဲပေးတဲ့ အကြီးဆုံး အမှုတခုဖြစ်တယ်လို့လည်း ပြောပါတယ်။ IRS ဌာနကလည်း အခုလို ဆုငွေပေးခဲ့တာကို အတည်ပြုပါတယ်။

ဒီဘဏ်ကြီးဟာ ချမ်းသာတဲ့ အမေရိကန်တွေကို UBS ဘဏ်စာရင်းတွေ ဖွင့်ဖို့ ဘယ်လိုသွေးဆောင်ခဲ့တယ် ဆိုတာနဲ့ ဘဏ်စာရင်းဖွင့်သူတွေ အနေနဲ့ ဒေါ်လာသန်း ထောင်ပေါင်း နှစ်သောင်းကို အမေရိကန်အစိုးရကို မတင်ပြဘဲ ထားအောင် လုပ်ဖို့ပါ စီစဉ် ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး Birkenfeld က အမေရိကန် အရာရှိတွေကို ထုတ်ဖော်ပြီး ပြောကြားခဲ့ပါတယ်။

Birkenfeld အနေနဲ့ ဒီအမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ တာမို့ ထောင်ဒဏ်ပြစ်ဒဏ် လပေါင်း ၄၀ ကျခံခဲ့ရတာပါ။ ဒါပေမယ့် ၃၁လ အကြာမှာ ကောင်းမွန်စွာ နေခဲ့တဲ့ အတွက် ပြစ်ဒဏ်လျော့ပေါ့ပေးတာကြောင့် ပြန်ပြီး လွတ်လာ ခဲ့ပါပြီ။