ဗြိတိန် ဝန်ကြီးချုပ် Theresa May က ဥရောပသမဂ္ဂ EU ကနေ ဗြိတိန် နုတ်ထွက်ရေး သတ်မှတ်ချက်တွေအပေါ် ဗြိတန်ပါလီမန်မှာ သဘောတူဆုံးဖြတ်ချက်ရရေး အချိန်ပိုရဖို့၊ ဒီနုတ်ထွက်မယ့်ရက် နောက်တကြိမ် ထပ်ရွှေ့ပေးဖို့ EU ကို တောင်းဆိုသွားမယ်လို့ ဆိုလိုက်ပါတယ်။ အခုချိန်ထိကတော့ ဝန်ကြီးချုပ် May ရဲ့ ညှိနှိုင်းရေးမှူးတွေနဲ့ ဥရောပသမဂ္ဂအကြား (၂) နှစ်ကြာအောင် ညှိုနှိုင်းရယူထားရတဲ့ သဘောတူညီချက်ကို၊ ဗြိတိန်လွှတ်တော်အမတ်တွေက သုံးကြိမ်တိတိ ပယ်ချထားပြီး ဖြစ်ပါတယ်။
ဝန်ကြီးချုပ် May က ဆုံးဖြတ်ချက် အပိုဒ် (၅၀) ကို သက်တမ်းတိုးဖို့လိုတယ်။ ဒါကို ဖြစ်နိုင်သမျှ အချိန်သိပ်ထပ်မယူဘဲ၊ လွှတ်တော်မှာလည်း သဘောတူချက်ရနိုင်မယ့် အချိန်ကိုက်မျိုး ဖြစ်ဖို့လိုတယ်၊ အချိန်လည်း မနှောင်းဘဲ၊ အစီအစဉ်တကျ နုတ်ထွက်တာမျိုးဖြစ်ရအောင်၊ ခုလို သက်တမ်းတိုးရတာဖြစ်ကြောင်းလည်း ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုပါတယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် May က အဓိက အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn နဲ့လည်း တွေ့ဆုံပြီး၊ လွှတ်တော်အမတ်တွေဖက်က သဘောတူနိုင်မဲ့ ဗြိတိန်နုတ်ထွက်ရေး အစီအစဉ်မျိုးရဖို့ ညှိနှိုင်းချင်ပါတယ်လို့ ဆက်ပြောခဲ့ပါတယ်။
ဗြိတိန်အနေနဲ့ အရင်တုံးကတော့ မတ်လ ၂၉ ရက်နေ့မှာ EU ကနေထွက်ဖို့ စီစဉ်ထားခဲ့ပေမယ့် လွှတ်တော်က ထောက်ခံနိုင်မယ့် အဖြေကိုရှာဖို့ အချိန်ပိုရရေးအတွက် ဝန်ကြီးချုပ် May အစိုးရကို EU ဖက်က အချိန်နည်းနည်း ထပ်ပေးထားခဲ့ပြီးဖြစ်ပါတယ်။
ခုလို ဗြိတိန်နုတ်ထွက်ရေး လုပ်ငန်းစဉ် ရှေ့ကောင်းကောင်းမတိုးနိုင်ဘဲ ဖြစ်နေချိန်မှာ လွှတ်တော်ဘက်ကလည်း သူ့သီးသန့်လမ်းစဉ်နဲ့ သူဆက်သွားဖို့ အဆိုပြုထားပေမဲ့၊ တနင်္လာနေ့မှာတော့ ဒီ လမ်း (၄) သွယ်လုံးကို လွှတ်တော်အမတ်တွေက ပယ်ချခဲ့ပါတယ်။ ဒီအဆိုတွေထဲ သဘောတူည်ီချက်ရဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့တာကတော့ ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂကနေ ထွက်ပေမဲ့ ဥရောပ အကောက်ခွန်သမဂ္ဂထဲ ဆက်နေဖို့အဆိုဖြစ်ပါတယ်။
Your browser doesn’t support HTML5