Brexit ဝန်ကြီး နုတ်ထွက်လို့ လုပ်ငန်းစဉ်အခက်ကြုံ

Brexit ဝန်ကြီး Dominic Raab

ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံ ခွဲထွက်မယ့် သဘောတူညီချက်အပေါ် ဗြိတိသျှပါလီမန်က အတည်ပြု ချက်ရဖို့ ဝန်ကြီးချုပ် Theresa May ခက်ခက်ခဲခဲ ကြိုးပမ်းနေရချိန်မှာပဲ ခွဲထွက်ရေးဆိုင်ရာ ဝန်ကြီး Dominic Raab ရာထူးကနုတ်ထွက်သွားပါတယ်။ သူဦးဆောင် စေ့စပ်ညှိနှိုင်းမှုတွေကနေ ထွက်ပေါ်လာတဲ့ EU နဲ့ သဘောတူညီချက်မှာ အဆိုပြုထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ စိတ်မသန့်တဲ့ အတွက် နုတ်ထွက်ခဲ့တာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အထူးသဖြင့် ဗြိတိန်နိုင်ငံရဲ့ မြောက်ပိုင်းနယ်သာလန်နဲ့ EU အဖွဲ့ဝင် အိုင်ယာလန်နိုင်ငံတို့ကြား နယ်စပ် မှာ အကောက်ခွန်သမဂ္ဂတခု ဖွဲ့စည်းမယ့် အစီအစဉ်နဲ့ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် အသစ် တရပ်အတွက် ဆက်လက် ညှိနှိုင်းမယ့် အစီအစဉ်တွေအပေါ် ကန့်ကွက်နေတာလည်း ဖြစ်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် တိတိကျကျ နေ့ရက်သတ်မှတ် မထားတဲ့အတွက် ဗြိတိန်နိုင်ငံရဲ့ အချုပ်အခြာပိုင် နယ်မြေမှာ ဒီမိုကရေစီနည်းကျ ထိန်းချုပ်ခွင့် မရှိနိုင်တော့ဘဲ ရှေ့လာမယ့် ကုန်သွယ်ရေး ဆွေးနွေးမှုတွေ မှာလည်း အကြီးအကျယ် နစ်နာနိုင်ကြောင်း ပြောဆိုခဲ့တာပါ။

ခွဲထွက်ရေးဆိုင်ရာဝန်ကြီး နုတ်ထွက်သွားပြီး နောက်မှာတော့ ဗြိတိန်နိုင်ငံသုံး ပေါင်ငွေဟာလည်း အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ ဒီကနေ့ သိသိသာသာ ကျဆင်းသွားပါတယ်။ ဝန်ကြီးချုပ်ကတော့ EU နဲ့ သဘော တူညီချက်ဟာ စနစ်တကျခွဲထွက်နိုင်မယ့် အစီအစဉ် ဖြစ်တဲ့အကြောင်း လွှတ်တော်မှာ ပြောကြားသွားပါတယ်။

Your browser doesn’t support HTML5

Brexit ဝန်ကြီး နုတ်ထွက်လို့ လုပ်ငန်းစဉ်အခက်ကြုံ