ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆောက်လုပ်နေဆဲ မိုးပျံအမြန်လမ်းတခု ပြိုကျခဲ့လို့ မြန်မာအလုပ်သမား ၂ ယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။ Chom Thong ခရိုင်ထဲမှာ Rama II ရာမ ၂ လမ်းမကြီးနားမှာ ဆောက်နေတဲ့ မိုးပျံအမြန်လမ်းပြိုပြီး အပိုင်းတခု ရာမ ၂ လမ်းမကြီးပေါ် ပြုတ်ကျခဲ့တာပါ။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chom Thong ခရိုင်ထဲမှာ ရာမ ၂ လမ်းမကြီးကနေ Dao Khanong အမြန်လမ်းပေါ်တက်ဖို့ အဝင်နားမှာ ဆောက်နေတဲ့ မိုးပျံအမြန်လမ်းသစ်ရဲ့ ကွန်ခရစ်တိုင်ကြီးတခု စနေနေ့ မနက် ၂ နာရီထိုးခါနီးလောက်မှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ယောက်အပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဘိလပ်မြေလောင်းနေချိန် ပြိုကျခဲ့တာကြောင့် ညဘက်ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝင်နေကြတဲ့ အလုပ်သမားတွေဟာ ပြိုကျတဲ့ သံဘောင်တွေ ဘိလပ်မြေတွေပိပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံသား ကိုဇင်ကိုအောင် နဲ့ ကိုနိုင်လင်းအောင်တို့ ၂ ဦးပါဝင်တယ်လို့ Chom Thong ကယ်ဆယ်ရေးအဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒဏ်ရာရသူတွေထဲမှာလည်း မြန်မာအလုပ်သမား ၁၀ ယောက်လောက် ပါတယ်လို့ ပြောပါတယ်။ မြန်မာအလုပ်သမား ၂ ယောက်လည်း ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ တံတားပြိုကျတဲ့နေရာကို လာကြည့်ခဲ့တဲ့ ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး Suriya Juangroongruangkit က စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“သေဆုးခဲ့သူတွေဟာ ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်ကြပါတယ်။ တခြားပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုတော့ မရှိပါဘူး။ သေဆုံး ဒဏ်ရာရသူတွေအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို စုံစမ်းသွားမှာ ဖြစ်တယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထိုင်းဘာသာနဲ့ ပြောသွားတာ ဖြစ်ပါတယ်။
စနေနေ့မနက်က ဆောက်လုပ်စဲ မိုးပျံအမြန်လမ်း ပြိုကျမှုအတွင်း ထိုင်းအင်ဂျင်နီယာတယောက်နဲ့ ထိုင်းအလုပ်သမား ၂ ယောက်လည်း သေဆုံးခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား နေထိုင်အလုပ်လုပ်နေကြတဲ့ စမွတ်ဆာခွန်းကို ဘန်ကောက်ကနေသွားတဲ့ လမ်းမကြီးပေါ်မှာ အမြန်လမ်းတခု ထပ်ဆောက်နေတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်ကလည်း စမွတ်ဆာခွန်းခရိုင် ရာမ ၂ လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းကတော့ ဆောက်လုပ်ဆဲ မိုးပျံတံတားကြီး ပြိုကျတာကြောင့် မြန်မာအလုပ်သမား ၄ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။