ရိုက်တာသတင်းထောက် ၂ ဦးကိစ္စ ဗြိတိန်စိုးရိမ်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ဖေါက်ဖျက်မှုနဲ့ မြန်မာနိုင်ငံမှာ အဖမ်းဆီးခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အပြစ်မဲ့သူတွေဖြစ်ကြောင်းနဲ့ သူတို့ ၂ ဦးရဲ့အမှု စစ်ဆေး စီရင်တာနဲ့ပတ်သက်ပြီးလည်း ဗြိတိန်နိုင်ငံက အထူးစိုးရိမ်ပူပန်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Huntက မနေ့က သောကြာနေ့မှာပြောလိုက်ပါ တယ်။

“ဒီသတင်းထောက် ၂ ဦးကို ကမ္ဘာက သတိရနေစေချင်ပါတယ်။ သူတို့ဟာအပြစ်မရှိသူတွေလို့ ကျနော်တို့က ယုံကြည်နေတာတင်မကပါဘူး။ ဒီနှစ်ဟာ သတင်းသမားတွေအဖမ်းခံရတဲ့ အရေအတွက် တိုးလာတဲ့နှစ်ပါ။ ပိုဆိုးတာက အသတ်ခံရတဲ့ သတင်းသမားတွေလည်း တော်တော်များများရှိတဲ့နှစ်ပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက အသတ်ခံခဲ့ရတဲ့သတင်းသမား ၇၀ ရှိပြီး အဖမ်းခံခဲ့ရတာက ၃၂၆ ဦးပါ။ ဒီအရေအတွက်တွေက ဒီနှစ်မှာပိုပြီးတိုးမြင့်လာနေပါတယ်”…လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ပြောသွားခဲ့တာပါ။

CPJ လို့ခေါ်တဲ့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မီတီက အခုလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အဖမ်းခံရတဲ့သတင်းသမား ၂၅၁ ဦးရှိပြီး အသတ်ခံရတဲ့ သတင်းသမား က အနည်းဆုံး ၅၃ ဦးရှိတယ်လို့ဆိုပါတယ်။

ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ အဖမ်းခံထားရတဲ့ကိစ္စနဲ့ပတ်သက်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက စိုးရိမ်ကြောင်း ပြောဆိုနေတဲ့အထဲမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Huntက ခရစ်္စမတ်ကာလအတွင်း ဗွီဒီယိုကနေ ကို ဝလုံးတို့ ၂ ဦးကို ထောက်ခံကြောင်း မနေ့က ပြောဆိုလိုက်တာကတော့ ထူးခြားတယ်လို့ဆိုရမှာပါ။

Your browser doesn’t support HTML5

ရိုက်တာသတင်းထောက် ၂ ဦးကိစ္စ ဗြိတိန်စိုးရိမ်