ဗြိတိန်ကာကွယ်ရေးဝန်ကြီး ရာထူးမှ ရုတ်တရက်နုတ်ထွက်

ဗြိတိန် ကာကွယ်ရေးဝန်ကြီး Michael Fallon

ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Michael Fallon ဟာ မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့ နောက် ရာထူးက နုတ်ထွက်သွားပါတယ်။

ဝန်ကြီးချုပ် Theresa May ထံပေးပို့တဲ့ မစ္စတာ Fallon ရဲ့နုတ်ထွက်စာမှာ တချိန်က သူ့ရဲ့အပြုအမူတွေဟာ ဗြိတိန်ကာကွယ်ရေးတပ်မှာ လိုက်နာ စောင့်ထိန်းအပ်တဲ့ အဆင့်မြင့် ကျင့်ဝတ်တွေနဲ့ ကိုက်ညီမှုရှိချင်မှ ရှိမှာဖြစ်တယ်လို့ ရေးသားဖော်ပြ ထားပါတယ်။

ဝန်ကြီးချုပ် May က ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်စာကို ဗုဒ္ဓဟူးနေ့က လက်ခံရာမှာ Fallon အနေနဲ့ သူ့ရာထူးမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ပတ်သက်လို့ အလေးထားမှုကို သူ့အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

ဟောလီးဝုဒ် စီးပွားရေးလုပ်ငန်းရှင် Harvey Weinstein နဲ့ပတ်သက်လို့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူမှု၊ စော်ကားမှုစွဲချက်တွေပေါ်ထွက် လာခဲ့ပြီး နောက် နိုင်ငံအများအပြားက အမျိုးသမီးတွေက သူတို့ကြုံတွေ့ခဲ့ရတာတွေကို အလားတူ ဖော်ထုတ် ပြောဆိုလာခဲ့ကြ တာ ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်လည်း နိုင်ငံရေးလောကတွင်း လိင်ပိုင်းဆိုင်ရာ မဖွယ် မရာပြုလုပ်မှု၊ စော်ကားမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ ကြိုးပမ်းနေကြတာပါ။ ဒီခေါင်းစဉ်ကို ဆွေးနွေးဖို့အတွက် နိုင်ငံရေးပါတီခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ အစည်းအဝေးတရပ်ကို ခေါ်ယူထားပါတယ်။

မစ္စတာ Fallon ဟာ ၂၀၀၂ ခုနှစ်တုန်းက အမျိုးသမီးသတင်းထောက် Julia Hartley-Brewer ဆိုသူရဲ့ဒူးပေါ်မှာ သူ့လက်ကို တင်ထားခဲ့မိတဲ့ အတွက် ဒီသီတင်းပတ် အစောပိုင်းမှာ တောင်းပန်ခဲ့ပါတယ်။

Hartley-Brewer ကတော့ မစ္စတာ Fallon နုတ်ထွက်မှုကြောင့် သူ့အနေနဲ့ မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ပြီး အခုလို သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ၂၀၀၂ ခု ဖြစ်ရပ်တခုတည်းအပေါ်မှာတော့ မူတည်လိမ့်မှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ နောက်ထပ် စွပ်စွဲချက်တွေ ထွက်ပေါ်လာစရာရှိနိုင်တယ်လို့ သူယူဆတဲ့အကြောင်း Sky News သတင်းဌာနကို ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

Britain's Minister of Defense Michael Fallon