ဗြိတိန်နိုင်ငံမှာ အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးတို့ဟာ ရုရှားနှစ်ဘက် သူလျှိုဟောင်းနဲ့ သမီးဖြစ်သူတို့ကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ အလားတူ အဆိပ်ခတ် ခံရပြီး အခြေနေ သိပ်ဆိုးတဲ့ အဆင့်ကို ရောက်နေတယ်လို့ ဗြိတိန် အကြမ်းဖက်တိုက်ဖျက်ရေး ဆိုင်ရာ ထိပ်တန်း အရာရှိကြီး တဦးက ပြောကြာလိုက်ပါတယ်။
သူလျှိုဟောင်း Sergei Skripal နဲ့ သမီး Yulia တို့ အဆိပ်ခတ် ခံရတဲ Salisbury နဲ့ ၁၃ ကီလိုမီတာ အကွာမှာ ရှိတဲ့ Amesbery မှာ အသက် ၄၄ နှစ် အရွယ် Dawn Sturgess နဲ့ ၄၅ နှစ်အရွယ် Charlie Rowley တို့ ၂ ဦး သတိမေ့နေတာကို စနေနေ့က တွေ့ရှိခဲ့ရပါတယ်။
“စမ်းသပ်မှု အဖြေကို သိရပါပြီ။ သူတို့ ၂ ဦးဟာလည်း Novichok ဆိုတဲ့ အာရုံကြောထိခိုက်စေတဲ့ အဆိပ်မိတာ ဖြစ်ပါတယ်” လို့ ဗြိတိန်အရာရှိ Neil Basu က သတင်းထောက်တွေကို ပြောပါတယ်။
ဒီစုံတွဲဟာ အာရုံကြော အဆိပ်နဲ့ ဘယ်လို ထိတွေ့လာတယ်၊ သူတို့ကိုပဲ ပစ်မှတ်ထား တိုက်ခိုက် ခံရတာလား ဆိုတာ ဆုံးဖြတ်ဖို့ အကြမ်းဖက် တိုက်ဖျက်ရေး အရာရှိတွေက ဆက်လက် ကြိုးပမ်းနေကြပါတယ်။
ဒီကိစ္စ ဆွေးနွေးဖို့ အတွက် အစိုးရ အရေးပေါ် ကော်မတီ အစည်းဝေး တရပ်ကို ကြာသပတေးနေ့မှာ ကျင်းပဖို့ ဗြိတိန် ပြည်ထဲရေး ဝန်ကြီး Sajid Javid က ခေါ်ယူထားပါတယ်။
စစ်အေးကာလ အတွင်းက ဆိုဗီယက် ပြည်ထောင်စုက တီထွင်ခဲ့တဲ့ အာရုံကြောထိခိုက်စေတဲ့ Novichok အဆိပ်နဲ့ သူလျှိုဟောင်း သားအဖကို အဆိပ်ခတ်ခဲ့တယ်လို့ ဗြိတိသျှ အစိုးရက ရုရှားကို စွပ်စွဲထားတာပါ။ ရုရှားကတော့ သူမပတ်သက်ကြောင်း ငြင်းဆိုလိုက်ပြီး ဒါဟာ ရုရှားမုန်းတီးရေး ဖြစ်စေဖို့ ကြိုးစားတဲ့ ဗြိတိသျှ အစိုးရလက်ချက်လို့ အပစ်တင်ပါတယ်။
Your browser doesn’t support HTML5
သတိမေ့ ဗြိတိန်စုံတွဲ အာရုံကြောထိခိုက်အဆိပ်သင့် ရဲအတည်ပြု