ဗြိတိန် မူစလင်မိသားစု အမေရိကန်ဝင်ခွင့် ငြင်းဆန်ခံရ

မူစလင်မိသားစုတွေ လေယာဉ်ပေါ်တက်ဖို့ တားမြစ်ခံခဲ့ရ Gatwick လေဆိပ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းကို ခရီးသွားမယ့် မူစလင်မိသားစုတစုကို နောက်ဆုံးအချိန်ကျမှ သွားလာခွင့် ပိတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုကို စောဒကတက်ဖို့ ဗြိတိသျှ လွှတ်တော်အမတ်တဦးက ဝန်ကြီးချုပ် David Cameron ဆီကို စာရေးပြီး တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက အမေရိကန်ကို သွားဖို့အတွက် Gatwick လေဆိပ်မှာ ရောက်လာတဲ့ ဖခင်တစ်ဦးနဲ့ သူရဲ့ ကလေး ၉ ယောက်၊ ညီတစ်ယောက် စုစုပေါင်း မိသားစု ၁၁ ယောက်ကို လေယာဉ်ပေါ် တက်ခွင့်မပြုဘဲ တားမြစ်ခံခဲ့ရတယ်လို့ ဝန်ကြီးချုပ် Cameron ဆီကို ပေးပို့တဲ့စာထဲမှာ လွှတ်တော်အမတ် Stella Creasy ကရေးထားပါတယ်။ သူဟာ လန်ဒန်အရှေ့မြောက်ဘက်ခြမ်း ကိုယ်စားပြု လွှတ်တော်အမတ်ပါ။

အကြောင်းပြချက် တစုံတရာမရှိဘဲနဲ့ အမေရိကန်ကို ဝင်ရောက်ခွင့် ငြင်းပယ်ခံရတဲ့ ဗြိတိန်နိုင်ငံက မူစလင်မိသားစုတွေ ပိုပြီးတော့ များလာတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ်တယ်လို့ Creasy က ဗြိတိန် သတင်းစာတွေကို ပြောပါတယ်။

သူတို့ရဲ့ မိသားစုက မူစလင်ဖြစ်နေလို့ အမေရိကန်ကို ဝင်ရောက်ခွင့် ငြင်းပယ်ခံရတာ ဖြစ်တယ်လို့ သူ့ရဲ့အကို၊ အကိုရဲ့ ကလေး တွေနဲ့အတူ ကယ်လီဖိုးနီးယား တောင်ဘက်ကိုသွားမယ့် Mahmood Tariq Mahmood က The Guardian သတင်းစာကို ပြောပါ တယ်။ အမေရိကန်မှာဖြစ်တဲ့ တိုက်ခိုက်မှုတွေကြောင့် မူစလင်တွေအကုန်လုံးဟာ ခြိမ်းခြောက်သူတွေ ဖြစ်နေတယ်လို့ သူတို့တွေက ထင်နေကြတာဖြစ်ကြောင်း Mahmood Tariq Mahmood က ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် မှတ်ချက်ပေးဖို့ ပန်ကြားတဲ့ အပေါ် အမေရိကန် သံရုံးဘက်က တုံ့ပြန်မလာသေးပါဘူး။