ဂါဇာမှာ ရေရှည်တည်တံ့တဲ့ အပစ်အခတ် ရပ်စဲရေးအတွက် ဗြိတိန်နဲ့ ဂျာမန် တောင်းဆို

German Foreign Minister Annalena Baerbock

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းနဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ ပူးတွဲပြီး ဂါဇာကမ်းမြောင်ဒေသမှာ “ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေး” တောင်းဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့ထုတ် ဗြိတိန်နိုင်ငံရဲ့ Sunday Times သတင်းစာမှာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲရေးသားထားတဲ့ ဆောင်းပါးကို ဖေါ်ပြခဲ့ရာမှာ ဂါဇာဒေသမှာ အရေးပေါ်အကူအညီတွေ လိုအပ်နေသူတွေကို အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အမြန်ဆုံး လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း ဂါဇာမြောက်ပိုင်း ရှီဖာဆေးရုံကို ဆေးဝါးတွေအပါအဝင် ခွဲစိတ်ခန်းသုံးပစ္စည်း ကိရိယာတွေကို ပေးပို့နိုင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒါအပြင် WHO ဝန်ထမ်းတွေဟာ ကုလသမဂ္ဂ ကျန်းမာရေးမစ်ရှင်းအဖွဲ့နဲ့အတူ အဲဒီဆေးရုံးမှာ ကုသမှုအပိုင်းတွေမှာ ပါဝင်ကူညီပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ရှီဖာဆေးရုံမှာ ဆရာဝန်နဲ့ သူနာပြု အနည်းငယ်သာရှိပြီး စေတနာ့ဝန်ထမ်း ၇၀ လောက်နဲ့ လည်ပတ်နေရတယ်လို့ WHO က ပြောပါတယ်။ လက်ရှိ အဲဒီဆေးရုံမှာ ပါလက်စတိုင်း ဒုက္ခသည်ထောင်ပေါင်းများစွာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ရဲ့တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ ဂျာဘာလီယာမှာ ကလေးအိပ်ခန်းတခုကနေ ဟာမတ်စ်တွေ ဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတွေကို တွေ့ရှိခဲ့ကောင်း ဖေါ်ပြထားပါတယ်။ ဒီတွေ့ရှိချက် မှတ်တမ်းဗွီဒီယိုကိုတော့ ဆိုရှယ်မီဒီယာအွန်လိုင်းမှာ တင်ပြထားပါတယ်။

သောကြာနေ့က အစ္စရေးစစ်တပ်ရဲ့ မှားယွင်းပစ်ခတ်မှုအတွင်း အစ္စရေးဓားစာခံ သုံးဦးသေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ စိတ်နှလုံးကြေကွဲထိခိုက်ရကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စနေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။