နျူကလီးယား ထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာ့စစ်အစိုးရ

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သုံးသပ်ချက်မှာ မြန်မာနိုင်ငံရဲ့ နျူကလီးယားသတင်းဟာ အထိတ်တလန့်သတင်း ဖြစ်နေရပါသလဲ။ မြန်မာနိုင်ငံ နျူကလီးယားထုတ်လုပ်နိုင်ရေး အလားအလာနဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး အလားအလာများ ဘယ်လောက်ရှိနေပါသလဲ ဆိုတဲ့ အကြောင်းအရာများကို မြန်မာနိုင်ငံ စစ်ရေးအကဲဖြတ်သမား ဦးဌေးအောင်၊ စာရေးဆရာ ဂါမဏိ တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ အပေါင်းအသင်းလုပ်ပြီးတော့ မြောက်ကိုရီးယားလို နျူကလီးယားလက်နက် ထုတ်လုပ်လေမလားဆိုတဲ့ အကြောင်း ကမ္ဘာ့သတင်းလောကမှာ ပြန့်နှံနေပါတယ်။ ဒီကိစ္စအတွက် စိုရိမ်မကင်း ရှိနေကြပါတယ်။ ပထမဦးဆုံး သုံးသပ်ကြည့်လိုတာက နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ အလားအလာ ဘယ်လောက်အထိ ရှိနေပါသလဲ။ ကိုဂါမဏိ ဘယ်လိုသုံးသပ်ပါသလဲ မြန်မာနိုင်ငံ နျူကလီးယားထုတ်လုပ်နိုင်မယ့် အခြေအနေ ရှိနေပြီလား။

ဦးဂါမဏိ ။ ။ အခု သူတို့ကတော့ ကြိုးတော့ အင်မတန်ကို ကြိုးစာနေတယ်။ ပညာတော်သင်လွှတ်တာ၊ ပစ္စည်းကရိယာတွေ ဝယ်တာတွေ။ ပညာတော်သင် အပိုင်း အရင်ပြောမယ်။ ပညာတော်သင်အပိုင်းနဲ့ ပတ်သက်လို့ဆိုရင် ပညာတော့သွားသင်တယ်။ တကယ်တော့ ဒီလောက်ကြီး တတ်လာတာတော့ မဟုတ်ဘူး။ သူတို့မှာ တတ်တဲ့လူကတော့ နည်းသေးတယ်။ အများစုကတော့ ငွေကုန်၊ အချိန်ကုန်ပြီးတော့ ဒီလောက်ကြီး တတ်လာတာ မဟုတ်ဘူး။ ဒါကတော့ လူအပိုင်းပေါ့။ နောက်တခါ ပစ္စည်းကရိယာတွေ ဝယ်တဲ့အပိုင်းကြတော့လည်း ကျနော်သိသလောက် နောက်ထွက်လာတာ ဂျာမဏီတို့ကနေ ပစ္စည်းအညံ့တွေ ရောင်းလိုက်တယ်။ တချို့ဟာတွေက weight လျှော့ပြီး ရောင်းလိုက်တယ်။ ပစ္စည်းတွေ အပိုင်းတွေ ဖြုတ်ရောင်းလိုက်တယ်။ အခု ပေါ်လာတဲ့ပုံတွေကို ကြည့်လိုက်ရင် သူတို့ဟာတွေက ဒီလောက်ကြီး ဘာမှမဖြစ်သေးတာတွေကို တွေ့ရတယ်။ လုပ်တာတော့ တကယ့်ကို လုပ်ချင်နေတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အလားအလာ မရှိသေးဘူးလို့ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ လုပ်ချင်တဲ့ဆန္ဒတော့ ရှိတယ်။ လက်တွေ့မှာ မဖြစ်နိုင်သေးဘူးဆိုတော့ ဒါက စိုရိမ်ရလောက်တဲ့ အခြေအနေလို့ ပြောလို့ရပါသလား။

ဦးဌေးအောင် ။ ။ ကျနော်ထင်ပါတယ် အခုန ဦးဂါမဏီ ပြောသလို စစ်အစိုးရကတော့ နျူကလီးယားနဲ့ ပတ်သက်လို့တော့ သူတို့ ဒီလက်နက်တွေ ပိုင်ဆိုင်ဖို့ စိတ်ကူးစိတ်သန်းတွေ စပြီးရှိလာတာ ၂၀၀၀ ပတ်ဝန်းကျင်လောက်ကတည်းက ဒီဟာတွေကို လုပ်လာတာကို တွေ့ရတယ်။ ကျနော်တို့ တိတိကျကျ ပြောမယ်ဆိုရင် ၂၀၀၁ ဒီဇင်ဘာလောက်က စပြီးတော့ Far Eastern Economic Review စာစောင်က မြန်မာနိုင်ငံမှာ နျူကလီးယားဓါတ်ပေါင်းဖို တည်ဖို့ဆိုတဲ့ သတင်းကို ထုတ်ဖော်ရေးသားထားတာကို တွေ့ရတယ်။ အဲဒီတုန်းက စစ်အစိုးရက ဒါတွေကို ငြင်းခဲ့တာရှိတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ရုရှာသံအမတ်ကြီးကိုယ်တိုင်းက မြန်မာနိုင်ငံကို (၁၀) မီဂါဝက်ရှိတဲ့ ဓါတ်ပေါင်းဖို ရောင်းချတယ်ဆိုတာကို ဝန်ခံလာတဲ့နောက်မှာ ဗမာစစ်အစိုးရကလည်း မလွှဲမရှောင်သာ ဒါကို ကျနော်တို့ ငြိမ်းချမ်းစွာ သုတေသနလုပ်ဖို့အတွက် မှာယူဝယ်ယူ တည်ဆောက်ဖို့ ကြိုးစားတယ်ဆိုတာကို ဝန်ခံလာတာရှိတယ်။ အဲဒီတော့ အဲဒါကို ပြန်တွက်ကြည့်မယ်ဆိုရင် ၂၀၀၀-၂၀၀၁ လောက်က စခဲ့တယ်ဆိုတော့ အခုအချိန်မှာ ဒီလုပ်ငန်းကို သူတို့ စပြီးကြိုးစားလာတာ (၁၀) နှစ်လောက်ရှိပြီ။ ဒါပေမဲ့ ကျနော်တို့ ရရှိထားတဲ့ သတင်းတွေအရ စစ်အစိုးရမှာ နျူကလီးယားလက်နက်ကို ထုတ်လုပ်နိုင်တဲ့ အဆင့်မျိုးအထိ သူတို့အနေနဲ့ လုပ်နိုင်တာ မတွေ့ရသေးပါဘူး။ ဒါလုပ်ဖို့အတွက် ပညာရှင်တွေ ပြောအရတော့ အချိန်တွေ ယူရလိမ့်မယ်၊ ငွေကြေးတွေ အများကြီးသုံးစွဲရမယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။ အဲဒီတော့ အခုအချိန်မှာတော့ ကျနော်တို့ သိရသလောက်သတင်းကတော့ စစ်အစိုးရအနေနဲ့ ယူရေနီယမ် ကို yellow cake လို့ ခေါ်တဲ့ အဝါရောင်အဆင့် သန့်စင်တဲ့အဆင့်အထိပဲ လုပ်နိုင်သေးတယ်လို့ သိရှိရတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆိုတော့ နျူကလီးယားလက်နက် နဲ့ ဓါတ်ပေါင်းဖို ခွဲပြီးတော့ နည်းနည်းမေးချင်ပါတယ်။ ဆရာဂါမဏိ ဘယ်လိုသဘောရပါသလဲ။ နျူကလီးယားဓါတ်ပေါင်းဖို အစိုးရကပြောသလို သူတို့ ငြိမ်းချမ်းစွာအသုံးပြုဖို့အတွက် reactor လုပ်တယ်ဆိုရင် အဲဒီသတင်းက ကြောက်စရာလား။ လက်နက်အဆင့် မဟုတ်ဘူး အဲဒီလိုသာ လုပ်မယ်ဆိုရင် လက်ခံနိုင်တဲ့ အခြေအနေ မရှိဘူးလား။

ဦးဂါမဏိ ။ ။ ဒီ ဓါတ်ပေါင်းဖို က တရားဝင် ဓါတ်ပေါင်းဖို။ အခုနလို ရုရှားဆီက ဝယ်တာလည်း ကိစ္စမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရုရှားက စာချုပ်လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေဖြစ်တယ်။ ရုရှားဆီက ဝယ်တယ်ဆိုရင် သူတို့ IAEA (International Atomic Energy Agency) အစစ်အဆေးကို ခံရမယ်။ အဲဒါမျိုး ဝယ်တဲ့ဟာကတော့ သိပ်ပြဿနာ မရှိဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ လျှို့ဝှက်ပြီးတော့ ပါကစ္စတန်က ပညာရှင်တွေ၊ မြောက်ကိုရီးယားတို့ဆီက လျှို့ဝှက်ပြီးလုပ်တဲ့ဟာကတော့ ဘယ်သူအစစ်အဆေး မခံဘဲ ခိုးပြီးလုပ်တဲ့ဟာကတော့ အန္တရာယ်ရှိတယ်။ ဒါကတော့ လက်နက်လုပ်ဖို့။

ဦးကျော်ဇံသာ ။ ။ တကယ်လို့ လက်နက်မဟုတ်ဘဲနဲ့ နျူကလီးယားသည် ငြိမ်းချမ်းစွာ အသုံးချဖို့အတွက်သာ သုံးချင်ဖြစ်တယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် မီးပြဿနာ၊ လောင်စာပြဿနာ ရှိနေတယ်။ အဲဒီအတွက် နျူကလီးယား energy ကို အသုံးချပြီး မီးလင်းအောင်လုပ်မယ်လို့ ဆိုခဲ့ရင် ဒါကို ကန့်ကွက်စရာကိစ္စလို့ ထင်ပါသလား။

ဦးဌေးအောင် ။ ။ နိုင်ငံတကာမှာလည်း အလားတူ နျူကလီးယားကို သုတေသနလုပ်ငန်းတွေ၊ စွမ်းအင်နဲ့ ဆေးဝါးသုတေသန လုပ်ငန်းတွေအတွက် အသုံးချနေတာ အများအပြားရှိပါတယ်။ ဒါတွေကိုလည်း IAEA က တရားဝင်စစ်ဆေးပြီးတော့ ခွင့်ပြုနေတဲ့ အနေအထားရှိနေပါတယ်။ ဒါပေမဲ့ ဗမာစစ်အစိုးရအနေနဲ့က ဒါမျိုး ပွင့်ပွင့်လင်းလင်း လုပ်တာမရှိဘူး။ နောက်တခါ သူတို့အနေနဲ့က အနုမြူလက်နက်ကို ပိုင်ဆိုင်ဖို့အတွက် သူတို့မှာ ရည်ရွယ်ချက်တွေ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီတော့ အဲဒီ အနေအထားတွေအရဆိုရင် ဒါဟာ အခုအချိန်မှာ အန္တရာယ်မပေးနိုင်ပေမယ့် တချိန်ချိန်မှာ အနုမြူထုတ်လုပ်တဲ့အဆင့်အထိကို ကြိုးစားသွားပြီးတော့ ကြိုစားသွားမယ်ဆိုရင် အားလုံးအတွက် အန္တရာယ်ရှိမယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဂါမဏိ အခုန ဦးဌေးအောင် ပြောတဲ့အထဲမှာ မြန်မာအစိုးရလုပ်နေတာက ပွင့်လင်းမှုမရှိဘူး၊ ရည်ရွယ်ချက်က လက်နက်လုပ်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတဲ့ အချက် (၂) ချက်ကို ပြောသွားပါတယ်။ အဲဒီ (၂) ချက်အပြင် တခြား ဘာစိုရိမ်စရာတွေ ရှိပါသလဲ။ အဲဒီအချက်တွေကို သဘောတူပါသလား။ အဲဒီအပြင် ဘာတွေစိုရိမ်စရာ ရှိပါသလဲ။

ဦးဂါမဏိ ။ ။ နောက်တခုက ဓါတ်ပေါင်းဖို နဲ့ လျှပ်စစ်ထုတ်ဖို့ဆိုတာ တကယ်တမ်းပြောမယ်ဆိုရင် လူရယ်စရာကြီးပါ။ ကျနော်တို့ဆီမှာ ဂတ်စ်တွေက အများကြီးထွက်နေတယ်။ ဒီ ဂတ်စ် တွေကိုတော့ အသုံးမချဘဲနဲ့ ဒီ ဓါတ်ပေါင်းဖို ဆိုတာက အင်မတန် ဈေးကြီးတယ် ဒေါ်လာ တစ် ဘီလီယံ၊ နှစ် ဘီလီယံ ပေးရတာ ဒီဟာမျိုးတွေ သွားဝယ်တယ်ဆိုကတယ်က သူတို့ရည်ရွယ်ချက်က မရိုးသားဘူးဆိုတာ ရှင်းနေပါတယ်။ အဲဒီတော့ အခုနလို IAEA နဲ့ အစစ်ခံတဲ့ ဓါတ်ပေါင်းဖို ဖြစ်စေကာမူ၊ သူတို့ လေ့လာပြီးတော့ ခိုးဝှက်ပြီးတော့ ဘယ်လို ကလိမ်ကကျစ်နဲ့ လုပ်မယ်ဆိုတာကို ပြောနိုင်တာ မဟုတ်ဘူး။ ဒီလို လက်နက်အတွက်ဆိုတာကိုတော့ သူတို့မှာ ရည်ရွယ်ချက်ကတော့ ရှင်းနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဂါမဏိ ကို ထပ်မေးပါရစေ။ အဲဒီတော့ နျူကလီးယားကို ဓါတ်ပေါင်းဖိုလုပ်ပြီး စွမ်းအင်အဖြစ် သုံးမယ်ဆိုတာ တချို့လူတွေက ပြောကြပါတယ်။ နျူကလီးယားက ပတ်ဝန်ကျင်ကို ထိခိုက်မှု မရှိဘူး။ ဂတ်စ် တို့ဘာတို့ဆိုရင် ပိုက်လိုင်းတွေ လုပ်ရတယ်၊ ပတ်ဝန်းကျင် ပြုန်းတီးမှုတွေရှိတယ်၊ ရေအားလျှပ်စစ်ဆိုရင်လည်း မြစ်တွေကို ပိတ်စို့ရတယ်။ ဒါတွေကို သဘာဝပတ်ဝန်းကျင်သမားတွေက ကန့်ကွက်နေကြတယ်။ တကယ်လို့ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးချနိုင်မယ်၊ နိုင်နိုင်နင်းနင်း ထိန်းနိုင်မယ်ဆိုရင် ဘယ်လိုသဘောထားမလဲ။

ဦးဂါမဏိ ။ ။ အခုနောက်ပိုင်း နျူကလီးယားဓါတ်ပေါင်းဖိုတွေ တော်တော်များများ အနောက်နိုင်ငံတွေမှာ အဆင့်မြင့်မြင့် လုပ်လာနိုင်တယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းအောင် တော်တော်လုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ နအဖစစ်အစိုးရရဲ့ record သူ့ history ကိုကြည့်ရင် သူက ဘယ်တော့မှ ဘာလုပ်ငန်းကိုဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်၊ အရည်အချင်းပြည့်ပြည့် လုပ်နိုင်တာမရှိဘူး။ သူလုပ်လိုက်ရင်ဖြင့် Chernobyl နျူကလီးယားပေါက်ကွဲမှုလို ဖြစ်ဖို့က အလားအလာများတယ်။ အခုတောင်မှ သတင်းတွေကြားနေရတာက နျူကလီးယားကုန်ကြမ်းတွေ ကိုင်တဲ့ဝန်ထမ်းတွေ စစ်သားတွေ ဓါတ်ရောင်ခြည်သင့်ပြီး ဆေးရုံရောက်တဲ့ သတင်းတွေ ကြားနေရတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဌေးအောင် ခင်များ ဆရာဂါမဏိ က နည်းပညာပိုင်း အားနည်းနေတဲ့အပိုင်း ထောက်ပြတယ်။ စစ်အစိုးရမှာ နည်းပညာအားနည်းတဲ့အတွက် နျူကလီးယားကို စွမ်းအင်အဖြစ် သုံးမယ်ဆိုရင်တောင် အန္တရာယ်မကင်းဘူးဆိုတာ ပြောတယ်။ ကျနော် တခု စဉ်းစားကြည့်တယ် ဒီလို ကန့်ကွက်နေတာ စစ်အစိုးရက နိုင်ငံရေးအရ ကမ္ဘာမှာ popular မဖြစ်ဘူး။ အဲဒီတော့ စစ်အစိုးရကို ဒီလို နျူကလီးယားကိစ္စမျိုး ကန့်ကွက်နေကြတာ အခုနလိုကိစ္စမျိုးကို ဖေးမကူညီပြီး ကောင်းကောင်းမွန်မွန် စွမ်းအင်အတွက် လုပ်ပါဆိုတာထက် နိုင်ငံရေး မကျေနပ်ချက်ကြောင့် ကန့်ကွက်နေတယ်ဆိုရင် မှန်ပါသလား။

ဦးဌေးအောင် ။ ။ ကျနော်ကတော့ အဲဒီလို မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးအရဆိုရင် စစ်အစိုးရကို ကျနော်တို့ အထောက်အထားမရှိဘဲနဲ့ ပြောလို့ဆိုလို့ မရပါဘူး။ ဒါပေမဲ့ လက်ရှိမှာက စစ်အစိုးရရဲ့ ရည်ရွယ်ချက်တွေက ထင်ထင်ရှားရှား တွေ့လာရတာရှိတယ်။ အခု မကြာသေးခင်က Al Jazeera က ဖော်ထုတ်ခဲ့တဲ့ သတင်းတွေအရဆိုရင် စစ်တပ်ထဲမှာ အရာရှိတွေ နျူကလီးယား သုတေသနလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ အရာရှိတွေကိုယ်တိုင်ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေ၊ သက်သေပြချက်တွေအရ စစ်အစိုးရအနေနဲ့ နျူကလီးယား ထုတ်လုပ်ဖို့အဆင့်အထိ ဦးတည်နေတာမျိုး အထင်အရှားတွေ့နိုင်ပါတယ်။ ဒါကြောင့်မို့ အခု နိုင်ငံတကာ ပြောဆိုဖိအားပေးနေတာက စစ်အစိုးရကို နိုင်ငံရေးအရ သက်သက်သိက္ခာချတာမျိုး၊ ဖိအားပေးတာမျိုး မဟုတ်ပါဘူး။ တကယ်ကို စိုရိမ်ရတဲ့အနေအထားအထိ ရောက်ရှိလာလို့ ဝိုင်းဝန်ပြီး သတိပေးနေတဲ့ အနေအထားလို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဂါမဏိရဲ့ နောက်ဆုံး မှတ်ချက်လည်း ကြားချင်ပါတယ်။ စောစောက ဆရာတို့ပြောတာက yellow cake အဆင့်ပဲ ရှိသေးတယ်လို့ ဆိုတယ်။ အခု မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ တပ်မတော်အရာရှိရဲ့ ပြောကြားချက်ဟာ မြန်မာနိုင်ငံ ဗုံးထုတ်လုပ်ဖို့ သေချာနေပြီဆိုတဲ့ လုံလောက်တဲ့ အထောက်အထားတွေ တွေ့ရပါသလား။

ဦးဂါမဏိ ။ ။ ဗုံးထုတ်လုပ်ဖို့ကတော့ သေချာနေပါတယ်။ ပြတဲ့ဓါတ်ပုံတွေကို ကြည့်ရင် ဒါတွေက ဗုံးထုတ်လုပ်တဲ့ ပစ္စည်းတွေကို လုပ်နေတယ်။ ဗဟိုကွာအား နဲ့ ယူရေနီယမ် 235 အဲဒီအဆင့်ကိုတော့ လုပ်နိုင်မှာ မဟုတ်သေးဘူး။ ဒါပေမဲ့ အဲဒီစက်တွေကို စပြီးတော့ လုပ်နေပြီ။ ဒါပေမဲ့ အဲဒီ စက်တွေက အများကြီးလိုတာပေါ့။ ထောင်နဲ့ချီလိုတယ်ဆိုတော့ အခုမှ တွင်ခုံမှာ ခုတ်တုန်း၊ လက်ရာကလည်း သံဖြူဆရာလုပ်သလောက် မကောင်း ခပ်ကြမ်းကြမ်းကြီး ဖြစ်နေသေးတော့ ဝေးတော့ဝေးသေးတယ်။ ဒါပေမဲ့ လုပ်ဖို့တော့ လုပ်နေတယ်ဆိုတာကတော့ သေချာနေပါပြီ။

ဦးကျော်ဇံသာ ။ ။ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဌေးအောင်၊ ဦးဂါမဏီ တို့ရဲ့ သုံးသပ်ချက်များကို ကြည့်မယ်ဆိုရင် မြန်မာစစ်အစိုးရဟာ နျူကလီးယားဗုံး လုပ်ချင်တဲ့ ရည်ရွယ်ချက်ရှိမယ်ဆိုတာကိုတော့ သံသယရှိစရာအကြောင်း မရှိပါဘူး။ နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင် မိမိတို့ ပြိုင်ဘက်နိုင်ငံမှာ နျူကလီးယားဗုံး ရှိနေရင်၊ ဒါမှမဟုတ် မြန်မာစစ်အစိုးရလို အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာ ဝိုင်းပယ်ခြင်းကို ခံနေရရင် ဒီနိုင်ငံတွေဟာ နျူကလီးယားလက်နက် လိုချင်ကြတဲ့သဘောကို တွေ့ရပါတယ်။ ဒါပေမဲ့ စာရေးဆရာ ဂါမဏိ ပြောသလို သံဖြူဆရာလုပ်တဲ့ စက်ရုံက နျူကလီးယားဗုံး ထုတ်မယ်ဆိုတာကတော့ အတော့ကို အလှမ်းဝေးသေးတဲ့ ကိစ္စလို့ ဆိုရမှာပါ။ တဖက်မှာလည်း နျူကလီးယားစွမ်းအင်ကို နှိင်နှိင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင်၊ ပွင့်ပွင့်လင်းလင်းနဲ့ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ ကျန်းမာရေးလုပ်ငန်းတွေမှာ သုံးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးလို့ ဆိုရပါလိမ့်မယ်။ ဒီအဆင့်ကို ရောက်ဖို့က အာဏာရှင်တဦးတယောက် သဘောနဲ့ လုပ်ဖို့ မဖြစ်နိုင်ဘဲ နိုင်ငံရေး ပြေလည်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့က မူလပထမဖြစ်တယ်လို့ ထင်မြင်မိပါကြောင်း။