အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူဖို့ မြန်မာအစိုးရသစ် ကြိုးစား

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူဖို့ မြန်မာအစိုးရသစ် ကြိုးစား

၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ဖို့ မြန်မာအစိုးရက ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ မြန်မာအစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ လူ့အခွင့်အရေး အခြေအနေတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မပြသေးဘဲနဲ့တော့ အာဆီယံ ဥက္ကဋ္ဌ မလုပ်သင့်သေးဘူးလို့ ဝေဖန်တာ ကလည်း ရှိပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်း ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ မြန်မာ အစိုးရက အာဆီယံအတွင်းရေးမှူးအဖွဲ့ဆီကို စာနဲ့ တရားဝင် အကြောင်းကြားခဲ့တဲ့ အကြောင်း ဧပြီလ ၁၈ ရက်နေ့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ အာဆီယံရေးရာ ကျွမ်းကျင်သူ ထိုင်းသတင်းစာဆရာ ကဝိ ချွန်ကစ်တာဝန် (Kavi Chongkittavorn) က ဆောင်းပါးရှည်ကြီး တစောင် ရေးသားဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်းမှာ မြန်မာနိုင်ငံသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က စာနဲ့ အကြောင်းကြားခဲ့တာလို့ ဆောင်းပါးရှင်က ရေးသားထားပါတယ်။

ဒီလို အကြောင်းကြားခဲ့တယ်ဆိုတာကို မြန်မာအစိုးရဘက်ကရော၊ အာဆီယံဘက်ကပါ သီးခြားအတည်ပြုချက် တော့ မရသေးပါဘူး။

အခုလက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ သင့်လျော်တဲ့ အချိန် မဟုတ်သေးဘူးလို့ ယူဆတဲ့အကြောင်း ပြောသူကတော့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) ရဲ့ ဒုတိယဥက္ကဋ္ဌတဦး ဖြစ်တဲ့ မလေးရှားအတိုက်အခံ Democratic Action Party က လွှတ်တော်အမတ် လင်မ် ကစ်တ် ဆန်း (Lim Kit Siang) ဖြစ်ပါတယ်။

“အခုလက်ရှိအချိန်မှာ မြန်မာအစိုးရဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလုပ်ဖို့ရာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေမှာ ကျေနပ်လောက်ဖွယ် တိုးတက်မှုတွေ မရှိသေးဘူးလို့ ကျနော်ထင်ပါတယ်။ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တယ်ဆိုပေမဲ့ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်် ဝေဖန်ထားတာပါ။ ဒါကြောင့် အာဆီယံဥက္ကဋ္ဌလုပ်ဖို့အတွက် မြန်မာအစိုးရဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေမှာ သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေရအောင် အရင်လုပ်သင့်ပါတယ်။” - လို့ မလေးရှား လွှတ်တော်အမတ် မစ္စတာ လင်မ် ကစ်တ် ဆန်းက ပြောပါတယ်။

၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလက လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်း မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မယူတော့ဘူးဆိုပြီး အလှည့်ကျော် ပေးခဲ့ပါ တယ်။ အဲဒီအချိန်တုန်းက AIPMC အပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အဖွဲ့ တွေက ဝိုင်းပြီး ကန့်ကွက်ခဲ့ကြသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကိုယ်နှိုက်ကလည်း ဖိအားပေးခဲ့တာတွေ ရှိပါတယ်။

မြန်မာအစိုးရက အခြေအနေတွေ တိုးတက်မှုရှိနေပါပြီလို့ ပြောကောင်းပြောပေမဲ့ လက်တွေ့အခြေအနေက ဘာ တိုးတက်မှုမှ မရှိသေးတဲ့အပြင် ပိုဆိုးတာတွေတောင်မှ ဖြစ်နေတုန်းပဲမို့လို့ ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူး ဆိုတာကို ဒေသတွင်း မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့က လုပ်ငန်းညှိနှိုင်းရေးမှူး မခင်ဥမ္မာကလည်း သဘောတူပါတယ်။

“ရွေးကောက်ပွဲလွန်ကာလ အခြေအနေက ဘာမှပြောင်းလဲမှုမရှိဘူး။ လူ့အခွင့်အရေး ကိစ္စတွေမှာဆိုရင် ပိုတောင်မှ အခြေအနေ ဆိုးရွားမှုတွေ ကြုံနေရတယ်။ ဆိုတော့ အာဆီယံ တခြားနိုင်ငံတွေ အနေနဲ့ရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းရော၊ ကုသလမဂ္ဂရော မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်လိုက်တဲ့အခါမှာ -အာဏာပိုင်တွေကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်မှုရှိလားလို့ ကြည့်တဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘာမှမရပ်တန့်သေးဘူး။ လူ့အခွင့်အရေး ကောင်းမွန်လာဖို့ တိုးတက်လာဖို့အတွက် အခု ၂၀၁၀ ရွေးကောက်ပွဲအလွန် ရှိလာတဲ့ ဗိုလ်ချုပ်သိန်းစိန် အစိုးရက ဘာတွေ လုပ်နေပြီလဲလို့ ကြည့်တဲ့အခါ မှာလည်း ဘာမှမလုပ်နေသေးဘူး။ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်သေးဘူး။ အထူးသဖြင့်တော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေလားလို့ ကြည့်တဲ့အခါမှာလဲ ဒါတွေကို လုပ်ဖို့ အတွက် ဆန္ဒရှိတယ် ဆိုတဲ့ အခြေအနေကိုတောင် ကျမတို့ အရိပ်အယောင် မတွေ့ရသေးဘူး။ ဆိုတော့ ဒါတွေကို ကြည့်လိုက်တဲ့အခါမှာ ၂၀၁၄ မှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ နေရာကိုယူဖို့ဆိုတာ ဘယ်လိုမှ အဆင်သင့် မဖြစ်နေသေးဘူးလို့ပဲ ကျမတို့မြင်တယ်။”

လူ့အခွင့်အရေးမှတ်တမ်းအပါအဝင် တခြား သိသာထင်ရှားတဲ့ တိုးတက်မှုတွေမရှိဘဲ အာဆီယံဥက္ကဋ္ဌ လုပ်မယ် ဆိုရင် ဒါဟာ အာဆီယံအဖွဲ့အတွက် အစွန်းအထင်းတခုဖြစ်သွားလိမ့်မယ်လို့ မလေးရှား လွှတ်တော်အမတ် မစ္စတာ လင်မ် ကစ်တ် ဆန်းက သတိပေးပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံအခြေအနေအရဆိုရင် မြန်မာအစိုးရက အာဆီယံဥက္ကဋ္ဌအဖြစ် ကမကထပြုပြီး ကျင်းပမယ့် အစည်းအဝေးအမျိုးမျိုးကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ သွားတက်ဖို့ဆိုတာ မှန်မှန်ကန်ကန် စဉ်းစားတတ်တဲ့ ဘယ်သူကမှ မျှော်လင့်မှာ မဟုတ်ဘူးလို့လည်း The Nation သတင်းစာမှာ ဆောင်းပါးရှင် ကဝိ ချွန်ကစ်တာဝန်က ရေးသားထားပါတယ်။