တရုတ်၊ မြန်မာ ရေနံပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိ

တရုတ်၊ မြန်မာ ရေနံပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိ

တရုတ်၊ မြန်မာ ရေနံပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုရှိ

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံထဲကို သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကြုံနေရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ပြောဆိုလိုက်ပါတယ်။

ပိုက်လိုင်း တည်ဆောက်မှုအတွင်း မြေယာတွေ သိမ်းဆည်းခံရတာ၊ အဓမ္မ လုပ်အားပေးခံရတာ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့တဲ့အကြောင်း ဝါရှင်တန် အခြေစိုက် သဘာ၀ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ တခုဖြစ်တဲ့ Earth Rights International (ERI) အဖွဲ့ရဲ့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

အထူးသဖြင့် စစ်တပ်က ပိုက်လိုင်းလုပ်ငန်းကို ဆန့်ကျင်သူ မှန်သမျှကိုလည်း ချေမှုန်းနေတယ်လို့ ပြောပါတယ်။

ဒီလို ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ပိုက်လိုင်း ဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အဓိက တရုတ်နဲ့ ကိုရီးယား ကုမ္ပဏီတွေက သိထားကြပြီး ဖိနှိပ်မှုတွေကို တားဆီးတာတွေတော့ မရှိဘူးလို့လည်း ပြောခဲ့တာပါ။

ERI ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ရေနံကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ကြား လျှို့ဝှက်ပြီး ပေးကမ်းမှုတွေ ရှိတယ်ဆိုတဲ့ လက္ခဏာတွေကို ပြသတဲ့ အထောက်အထားတွေကို တွေ့ရတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ကုမ္ပဏီတွေ အနေနဲ့ ဒေသခံတွေဆီက ခွင့်ပြုချက် ရယူတာမျိုးလည်း မရှိခဲ့ဘူးလို့ အစီရင်ခံစာက ပြောပါတယ်။ ပိုက်လိုင်းတည်ဆောက်မှုကို လိုလားတဲ့ ဒေသခံရွာသားဆိုလို့ တယောက်မှတောင် မတွေ့ရဘူးလို့လည်း ERI က ပြောခဲ့တာပါ။

တည်ဆောက်ရေး စီမံကိန်း ပြီးစီးသွားပြီ ဆိုရင်တော့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က ရေနံတွေကို ဒီပိုက်လိုင်းကတဆင့် တရုတ်နိုင်ငံကို တင်ပို့သွားမှာ ဖြစ်ပါတယ်။