တရုတ်နိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဋ္ဌ မြန်မာနိုင်ငံရောက်ရှိ

တရုတ်နိုင်ငံရေး အတိုင်ပင်ခံ ဥက္ကဋ္ဌ မြန်မာနိုင်ငံရောက်ရှိ

တရုတ်နိုင်ငံမှာ ခေါင်းဆောင်အဆင့် (၄) ရှိတယ်လို့ ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ကွန်မြူနစ်ပါတီ ပေါလစ်ဗျုရိုအဖွဲ့ဝင် မစ္စတာ ကျားရှင်လင်း (Jia Qinglin) ဟာ မြန်မာ၊ သြစတြေးလျ၊ ဆာမိုအာ (Samoa) ခရီးစဉ်နဲ့ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ ပထမဆုံး ဧည့်သည်တော် အဖြစ် ရောက်ရှိနေပါတယ်။ တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရကို ဘက်ပေါင်းစုံက ကူညီ အားပေးနေတဲ့နိုင်င ံဖြစ်ပါတယ်။ ဒီခရီးစဉ်မှာတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်ကို လေ့လာလိုတဲ့ သဘောလည်း ရှိလိမ့်မယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံညီလာခံရဲ့ အမျိုးသားကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ တရုတ်ကွန်မြူနစ် ပါတီ ရဲ့ ပေါလစ်ဗျူရို အဖွဲ့ဝင်လည်းဖြစ်တဲ့ မစ္စတာ ကျားရှင်လင်း ရဲ့ မြန်မာနိုင်ငံခရီးစဉ်က မြန်မာအစိုးရသစ် ရဲ့ အနေအထားကို အကဲခတ်ဖို့ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) ရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်က သုံးသပ်ပါတယ်။

“တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဆက်ပြီးတော့ သြဇာအာဏာ သက်ရောက်ဖို့အတွက် အင်မတန် အရေးကြီးပါတယ်လို့ ပြောလို့ရပါတယ်။ အဓိကကတော့ သူတို့ နအဖရဲ့ အသွင်ပြောင်းတဲ့အစိုးရနဲ့ တရုတ် အစိုးရရဲ့ ဆက်ဆံရေး ပိုပြီးတော့ ခိုင်မာလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သွားတာလို့ ကျနော် ထင်ပါတယ်။ ဒုတိယအချက်အနေနဲ့တော့ တိုင်းရင်းသားတွေနဲ့ မပြေလည်တဲ့ပြဿနာ၊ နောက်တခါ ဒီမိုကရေစီ ပွင့်လင်းမှု အနေအထား အပေါ်မှာ ပြဿနာရှိနိုင်တယ် ဆိုတဲ့ဟာမျိုးကိုလည်း သေချာအောင် လုပ်ဖို့အတွက် သွားတယ် လို့ ကျနော် ထင်ပါတယ်။ အာဏာရှင်တခုကနေ တခုကိုပြောင်းတဲ့အခါမှာ ဒီအာဏာရှင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေစီးကြောင်းပေါ်မှာ ဘယ်လောက်ထိ သြဇာ သက်ရောက် တယ် ဆိုတဲ့အနေအထားကိုလည်း သူတို့သိချင်ပုံ ရပါတယ်။ နောက်တခါ ခေါင်းဆောင်သစ်ဖြစ်လာတဲ့ သမ္မတ ဦးသိန်းစိန် အပေါ်မှာလည်း တရုတ်အစိုးရနဲ့ ပိုပြီးရင်းနှီးပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲ မပြောင်းလဲ ဆိုတဲ့အချက်ကိုလည်း သူတို့အနေနဲ့ တီးခေါက်ချင်တဲ့သဘော ပိုပြီးသက်ရောက်တယ်လို့ ကျနော် ထင်ပါတယ်။”

တရုတ်အစိုးရဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေအပေါ်မှာ အထူး စိတ်ဝင်စားမှုရှိပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ပတ်သက်ရင်လည်း ပိုပြီးတော့ မျှမျှတတ ရပ်တည်လာနိုင်တယ်လို့လည်း ဦးညိုအုန်းမြင့်က ပြောဆိုသွားပါတယ်။

“အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ တော်လှန်ရေးတွေ ဆက်တိုက်ဖြစ်နေတဲ့ အပေါ်မှာ တရုတ်အစိုးရက စိုးရိမ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ နောက်တခုက သူတို့ရဲ့ လောလောဆယ်မှာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးအနေအထားပေါ်မှာ မူတည်ပြီးတော့ တရုတ်အစိုးရအနေနဲ့ စိတ်ပူပန်တဲ့အတွက်ကြောင့် ဒီနေရာမှာ တရုတ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာ စစ်အစိုးရ တဖြစ်လဲအစိုးရအပေါ်မှာ အပြည့်အ၀ ထောက်ခံတယ်ဆိုတဲ့ အနေအထားကို ပြသခြင်းလည်း ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ တရုတ်ပြည်ရဲ့ ဒုတိယသံအမတ်က ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးပြီး ချင်း နောက်တနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခြင်း ဟာလည်း တရုတ်အစိုးရ အနေနဲ့ အတိုက်အခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တရုတ်အစိုးရ အနေနဲ့လည်း သတိထားမှုရှိတယ်။ တကယ်လို့များ မြန်မာပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တစုံတရာ ဖြစ်သင့်တယ်ဆိုရင် တရုတ်အစိုးရ အနေနဲ့ ဒီလို မျက်ကွယ်ပြု ပစ်မထားဘူး ဆိုတဲ့သဘောကို ပြချင်တဲ့အနေအထား ရှိတဲ့အတွက်ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ သူတို့အနေနဲ့တော့ ပိုပြီး ဓမ္မဓိဌာန် ကျတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီအင်အားစုတွေက နအဖအပေါ်မှာ တကယ် ခြိမ်းခြောက်လာနိုင်မယ်ဆိုရင် တရုတ်အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ထိတွေ့ဆက်ဆံသွားမယ်လို့ ကျနော် ထင်ပါတယ်။ အစိုးရသစ်ဆိုရင် မူဝါဒသစ်နဲ့ ကျင့်သုံးလေ့ရှိတဲ့အတွက်ကြောင့် ဒီကိစ္စအပေါ်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခု အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန် အပေါ်မှာ သတိထားပြီးတော့ ဆက်ဆံတဲ့သဘော ရှိပါတယ်။ ပိုပြီးတော့ တရုတ်အစိုးရအနေနဲ့ ပိုပြီးအာမခံတဲ့ သူတို့ရဲ့ နိုင်ငံရေးမူဝါဒတခုကို မြန်မာအစိုးရအပေါ်မှာ အာမခံချက် တစုံတရာ ပေးလိမ့်မယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေးရာတာဝန်ခံ ဦးညိုအုန်းမြင့်ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေရဲ့ ဝါစဉ်အရဆိုရင် စတုတ္ထအကြီးအကဲနေရာမှာရှိတဲ့ မစ္စတာ ကျားရှင်လင်းရဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ချစ်ကြည်ရေးခရီးစဉ်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း ဆက်ဆံရေးနဲ့ စီးပွားရေးနဲ့ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အထူးအရေးပါတယ်လို့ ကြာသပတေးနေ့ကပဲ ဆင်ဝှာ သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျန်ဝါ က ပြောကြားသွားခဲ့ပါတယ်။

မစ္စတာ ကျားရှင်လင်းရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်ပြီးတော့မှ ပထမဆုံး နိုင်ငံခြား ဧည့်သည်တော်တဦးရဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ သူဟာ မြန်မာ၊ သြစတြေးလျ နဲ့ ဆာမိုအား သုံးနိုင်ငံ ခရီးစဉ်ရဲ့ ပထမခရီးတခေါက်အဖြစ်နဲ့ မြန်မာနိုင်ငံကို လေးရက်ကြာဝင်ရောက်တာ ဖြစ်ပြီး ဒီကနေ့ပဲ မန္တလေးကို စတင်ရောက်ရှိတာပါ။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ နေပြည်တော်ကိုသွားပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာနိုင်ငံ အစိုးရသစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်တရပ်ကိုလည်း မြန်မာခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ ကာကွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့နဲ့ပတ်သက်ပြီး မြန်မာအစိုးရကို အဓိက ကျောထောက် နောက်ခံပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။