ဖွဲ့စည်းပုံပြင်လို့ အချုပ်အခြာအာဏာ မထိခိုက်နိုင်

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ စီစဉ်တဲ့ကိစ္စကြောင့် အချုပ်အခြာအာဏာကို ထိပါးစရာ အကြောင်းမရှိဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတဦးက ပြောကြားလိုက်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အပြန်အလှန် ပြောကြားလာကြတဲ့အထဲမှာ ပြင်ဆင်ရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ ကတိပေးသူတွေ ရှိလာချိန်မှာ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် ပါမောက္ခ David Steinberg က ဗွီအိုအေမြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

ပါမောက္ခ David Steinberg က မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ နည်းမကျဘူးဆိုတဲ့ အချက်ကို ပထမဦးစွာ ထောက်ပြပါတယ်။ အဓိကအားဖြင့် သူ ထောက်ပြတာကတော့ လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခြင်း ခံရသူတွေ မဟုတ်သော စစ်တပ်ကိုယ်စားလှယ်တွေ ပါဝင်နေတာ၊ တခါ ဗဟိုနဲ့ ဒေသန္တရ အုပ်ချုပ်ရေးတို့ရဲ့ အာဏာခွဲဝေမှု မမျှတတာကို သူ ထောက်ပြပါတယ်။

သမ္မတလောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး တမင် ကန့်သတ်ဟန့်တားချင်လို့ လုပ်ထားတယ်ဆိုရင်တော့ ဒါဟာ မသင့်လျော်ဘူးလို့လည်း သူက ပြောပါတယ်။

“ဒီ အမေရိကန်ပြည်ထောင်စုမှာလည်း သမ္မတဖြစ်မယ့်သူဟာ ဒီနိုင်ငံတွင်းမှာ မွေးဖွားသူ ဖြစ်ရမယ်ဆိုတာမျိုး ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း သမ္မတရဲ့ မိသားစုဝင်တွေ ပြည်ပသစ္စာခံ မဖြစ်စေရဆိုတာ ပြည်သူလူထု သဘောတူရင်လည်း ပြဌာန်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြဌာန်းချက်ဟာ လူပုဂ္ဂိိုလ်တဦးတယောက်ကို ကန့်သတ်ချင်လို့ လုပ်ထားတယ်ဆိုရင်တော့ ဒါဟာ မသင့်တော်ပါဘူး။”

ဒီလို ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ကိစ္စဟာ ပြည်သူလူထုအများရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီမှု၊ နိုင်ငံတော်အချုပ်အခြာအာဏာကို ထိခိုက်စရာအကြောင်းရှိတယ်။ ဒါကို သတိထားရမယ် စသဖြင့် ခြိမ်းခြောက်သံတွေလည်း ပေါ်ထွက်နေတာပါ။ ပြောနေကြတဲ့သူတွေလည်း ရှိနေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ရော ပါမောက္ခ Steinberg က အခုလို ပြောပါတယ်။

“နိုင်ငံခြားကို မှီခိုအားထားပြီး သူတို့က ဘာလုပ်ဆိုတာကို လိုက်လုပ်တယ်ဆိုရင်တော့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဆန္ဒသဘောအတိုင်း လုပ်ဆောင်နေသမျှတော့ အချုပ်အခြာအာဏာကို ထိခိုက်စရာအကြောင်း မမြင်ပါဘူး။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံဟာ အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် အထူးသတိထား ရေးဆွဲထားတာကို ကျနော် တွေ့ရပါတယ်။ ဒါကိုလည်းပဲ တပ်မတော်ကလည်း နှစ်ပေါင်း ၅၀ လုံးလုံး ပြောလာခဲ့တာပါ။ ဒါကြောင့် အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အချုပ်အခြာအာဏာ ပတ်သက်စရာ အကြောင်း မရှိဘူးလို့လည်း ထင်ပါတယ်။ ပြည်ပကစစ်တပ်တွေ မြန်မာ့မြေပေါ် တပ်စွဲခွင့် မရှိစေရလို့လည်း ပြဌာန်းထားတာပါ။ ဒါကြောင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ ပြည်သူလူထုဆန္ဒနဲ့အညီ ပြင်ဆင်ခြင်းဟာ အချုပ်အခြာအာဏာနဲ့ ဘာမှ မဆိုင်ပါဘူး။”

အဲ့လို အချုပ်အခြာအာဏာနဲ့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဟန့်တားဖို့ ကြိုးပမ်းတာဟာ တကယ်တော့ နိုင်ငံ့အကျိုးထက် သူတို့ပါတီရဲ့ အကျိုးအတွက် ပိုခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ သုံးသပ်သူတချို့လည်း ရှိကြပါတယ်။ ဒီနေရာမှာ ပါမောက္ခ Steinberg ကတော့ နိုင်ငံရေးသမားတွေဟာ နိုင်ငံ့အကျိုးထက် ပါတီအကျိုးကို ဦးစားပေးကြတယ် ဆိုတာကတော့ မြန်မာနိုင်ငံ တနိုင်ငံတည်းသာမကပါဘူးတဲ့။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးတွေ ရှိပါတယ်တဲ့။

သို့သော်လည်းပဲ သူ အဓိကပြောလိုတဲ့အချက်ကတော့ ပါတီတခုအနေနဲ့ တနည်းအားဖြင့် ပါတီနိုင်ငံရေးသမားတွေအနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို ငဲ့ကွက်ပြီး ကိုယ့်ပါတီအကျိုးထက် နိုင်ငံ့အကျိုးကို ဦးစားပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်။ ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်ပါမည်လို့ နိုင်ငံရေးပဋိဉာဉ် ခံထားရတဲ့သူတွေ၊ ဖွဲ့စည်းပုံဥပဒေအရ ကျမ်းသစ္စာကျိန်ဆိုထားတဲ့သူတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တချို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လိုလားပေမဲ့ ဒီလိုပြင်ဆင်လိုက်ခြင်းအားဖြင့် တနည်းအားဖြင့် ဒီပြင်ဆင်ရေးဖြစ်စဉ်ကြောင့် နိုင်ငံအတွင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စိုးရိမ်တဲ့သူတွေလည်းပဲ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ပါမောက္ခ Steinberg ကတော့ ဒါဟာ စိုးရိမ်စရာ မဟုတ်ဘူးလို့ သူက ယူဆပါတယ်။

“ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုရင်တော့ တင်းမာမှုကတော့ ရှိမှာပါပဲ။ ပြင်ဆင်ရေးကို တချို့က လိုလားမယ်။ တချို့က ဆန့်ကျင်မယ်။ တင်းမာမှုကတော့ ရှိမှာပါပဲ။ ဒါဟာ ဒီမိုကရေစီရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်ပါ။ သဘောထားကွဲလွဲတာကို လက်ခံနိုင်ကြောင်း ပြသတဲ့အချက်ပါ။ ဒီမိုကရေစီမှာ အာဏာဗဟိုဟာ တနေရာတည်းမှာ စုနေတာမဟုတ်ပါဘူး။ ဗဟိုမှာရှိမယ်။ ဒေသန္တရ အလိုက်ရှိမယ်။ နောက်ပြီး အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကြားမှာလည်း သဘောကွဲတာရှိမယ်။ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမှာလည်း သဘောကွဲတာတွေရှိပါတယ်။ ဒါတွေဟာ တစုံတရာအထိ တင်းမာမှုရှိတဲ့သဘောပါ။ အရေးကြီးတာက ဒီတင်းမာမှုဟာ ဘယ်လိုတင်းမာမှုမျိုးလဲ၊ နိုင်ငံတော်ကို အပျက်အစီးလုပ်မယ့် တင်းမာမှုမျိုးလား၊ အပြုသဘောဆောင်တဲ့ တင်းမာမှုလားဆိုတာပဲ ဖြစ်ပါတယ်။ အချိန်တန်ရင် ပျက်ပြယ်သွားရမှာလည်း ဖြစ်ပါတယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လွှတ်တော်အမတ်တွေရဲ့ မဲဆန္ဒ ၇၅ ရာခိုင်နှုန်းထက် သုံးပုံနှစ်ပုံ မဲနဲ့ ဆုံးဖြတ်ပြီး လူထုဆန္ဒခံယူပွဲလုပ်ရင် ပိုကောင်းတယ်လို့လည်း ပါမောက္ခ Steinberg က ဆိုပါတယ်။ ပုံမှန်အားဖြင့် ဖွဲ့စည်းပုံဆိုတာဟာ လွယ်လင့်တကူ ပြောင်းလဲလို့ရတဲ့ ကိစ္စမျိုးတော့ မဖြစ်သင့်ဘူးလို့လည်း သူက ထောက်ပြပါတယ်။ ရေရှည်ခိုင်မြဲစေမယ့် တန်ဖိုးထားမှုတွေကို ဖော်ဆောင်ရေးဆွဲရမယ်လို့ ဆိုပါတယ်။ ဒီလိုဖော်ဆောင်ရေးဆွဲဖို့ကလည်း ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီဖို့ လိုအပ်တယ်လို့ ပါမောက္ခ Steinberg က ပြောကြားသွားပါတယ်။