ရှမ်းပြည်မြောက်ပိုင်းမှာ ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) မန္တလေးနဲ့ မိုးကုတ်ဗျူဟာတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍထင်ထင်ရှားရှား ထွက်ပေါ်လာပါတယ်။ သီတင်း ၂ ပတ်ကျော်ကာလအတွင်း ရှမ်းမြောက်ပိုင်းတင် မဟုတ်ဘဲ မိုးကုတ်အပါအဝင် မြေပြန့်ရောက်လာတဲ့ မန္တလေးအနီး မတ္တရာ၊ စဥ့်ကူဘက်တွေမှာ စစ်ကောင်စီတပ်စခန်းတွေ၊ နယ်မြေတွေကို ဘယ်လို သိမ်းယူနေကြသလဲ။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကိုစတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေကြသလဲ။ တဘက်မှာလည်း အညာဒေသ စစ်ကိုင်းဘက်မှာရှိနေတဲ့ တော်လှန်ရေးတပ်တွေဘက်က အရှိန်အဟုန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့ ပတ်သက်လို့ ဘယ်လိုမျှော်လင့်ချက်တွေ ရှိနေလဲ။ မအင်ကြင်းနိုင်က ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဥ်မှာ စုစည်းတင်ပြထားပါတယ်။
မအင်ကြင်းနိုင် ။ ။ ဇွန်လ ၂၅ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုအပါအ၀င် စစ်ဗျူဟာအရအရေးပါတဲ့ မြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူတိုက်ခိုက်လာနေတဲ့အထဲမှာ မြေပြန့်မန္တလေးအနီးက စစ်ကောင်စီရဲ့ တပ်စခန်းတွေရှိရာ မတ္တရာနဲ့ စဥ့်ကူဘက်ကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) မန္တလေး ပြောခွင့်ရ ကိုအော်စမွန်က ဗွီအိုအေကို အခုလို ပြောပါတယ်။
ကိုအော်စမွန် ။ ။ မတ္တရာမြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်တယ်။ ၂၀၂၄ ခုနစ် ဇွန်လ ၂၅ ရက်နေ့မှာပဲ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အင်ကြင်းမြိုင်တပ်စခန်းကတော့ ဇွန်လ (၂၆) ရက်နေ့မှာ ကျနော်တို့ အပြီးသတ် ရရှိခဲ့တာ ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မတ္တရာဘက်မှာ အခုလက်ရှိ စစ်ကောင်စီတပ်စခန်းတွေ သိမ်းယူနိုင်တာ ဘယ်လောက်ထိ ရှိသွားပြီလဲရှင့်။
ကိုအော်စမွန် ။ ။ လက်ရှိချိန်ထိ ကျနော်တို့ မတ္တရာမြို့နယ်မှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်။ စခန်းအရေအတွက်အားဖြင့်ဆိုရင် စခန်း (၂၆) ခုထိ ကျနော်တို့ အပြီးသတ်ရရှိထားပြီလို့ ပြောရင်ရပါတယ်။
မအင်ကြင်းနိုင် ။ ။ လက်ရှိအချိန်ထိတော့ မန္တလေး မတ္တရာဘက်က တပ်စခန်းတွေ သိမ်းယူခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ချက် မရှိသေးပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဗွီဒီယို ဖိုင်လ်နဲ့ သတင်းထုတ်ပြန်ချက်ကို ထုတ်လွှင်ခဲ့ရာမှာ လားရှိုးတိုက်ပွဲနဲ့ ပတ်သက်လို့ အခုလို တုံ့ပြန်ပြောဆိုထားပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း ။ ။ ယခုလားရှိုးမြို့ကို ဇူလှိုင်လ (၃) ရက်နေ့ကစပြီး တိုက်ခိုက်လာပြီး နေ့စဥ် အဝေးကနေ ရှော့တိုက်ဒုံး၊ ဒုံးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှု့ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၁၈) ဦးသေဆုံးပြီး (၂၄) ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
မအင်ကြင်းနိုင် ။ ။ ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲသလို အရပ်သားတွေ ထိခိုက်သေဆုံးရတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်တွေကြောင့် မဟုတ်ဘဲ၊ စစ်ကောင်စီဘက်က အရပ်သားတွေကို ခွဲခြားမှုမရှိ လက်နက်ကြီးတွေနဲ့ရော၊ လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ဖြစ်တယ်လို့ ကိုအော်စမွန်က ပြောပါတယ်။
ကိုအော်စမွန် ။ ။ စစ်ဆင်ရေးတွေမှာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီအထိုင်ချရာ ရန်သူ့တပ်စခန်းတွေကိုပဲ ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အရပ်သားပစ်မှတ်တွေကို ကျနော်တို့အနေနဲ့ လုံးဝတိုက်ခိုက်ခဲ့တာမျိုး မရှိပါဘူး။ သို့ပေမဲ့ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ပြီးတော့ တချို့လေကြောင်းတိုက်ခိုက်မှု့တွေက တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့၊ အရပ်သားပြည်သူများ နေထိုင်တဲ့ ကျေးရွာတွေ၊ မြို့နေဧရိယာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာမျိုး ဖြစ်တဲ့အတွက် အရပ်သားထိခိုက် သေဆုံးမှုတွေတော့ ရှိခဲ့ပါတယ်။ ဒါက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု့တွေ၊ လက်နက်ကြီးတွေနဲ့ မဆင်မချင် ပစ်ခဲ့မှုတွေ တိုက်ခိုက်မှု့တွေကြောင့် ဖြစ်ပါတယ်။
မအင်ကြင်းနိုင် ။ ။ လက်ရှိ စဥ့်ကူနဲ့ မတ္တရာဘက်မှာ PDF တပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပူးပေါင်းပါ၀င်နေတဲ့ မိုးကုတ်ဗျူဟာ စစ်ဦးစီးချုပ်အဖွဲ့၀င် ကိုဝေမိုးကျော်က ဗွီအိုအေကို အခုလိုပြောပါတယ်။
ကိုဝေမိုးကျော် ။ ။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အပိုင်း (၂) မှာ မိုးကုတ်ဗျူဟာက မိုးကုတ်မစ်ရှင်အတွက် သီးသန့်ပါတယ်။ အဲ့ဒါပြီးရင် အောက်ဘက် စဥ့်ကူးဘက်၊ သပိတ်ကျင်း၊ အဓိက စဥ့်ကူးဘက်မှာ ၁၂၂၂ တပ်ရင်းအနေနဲ့ ဖြတ်တောက်ရေးပိုင်းနဲ့ တခြားပူးပေါင်းဆောင်ရွက်မှု့တွေ အဓိကပါဝင်နေပါတယ် မိုးကုတ်ဗျူဟာကတော့။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မိုးကုတ်ဗျူဟာအနေနဲ့ အခုလက်ရှိ ၁၀၂၇ စစ်ဆင်ရေးမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်နေပါသလဲရှင့်။
ကိုဝေမိုးကျော် ။ ။ မိုးကုတ်ဗျူဟာကတော့ တခြားမဟာမိတ် တပ်ရင်းတွေဖြစ်တဲ့ ကျနော်တို့ ၅၁၃ တပ်ရင်း တခြားမဟာမိတ် TNLA တပ်ရင်းတွေနဲ့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်နေတယ်။ နဂိုထဲကလည်း မဟာမိတ် TNLA က ကျနော်တို့အပေါ် အများကြီး ကူညီခဲ့တာတွေပေါ့။ အဲ့ဒီအတွက် ကျနော်တို့ မိုးကုတ်ဗျူဟာကနေပြီးမှ သူတို့ ကူညီရကျိုးနပ်အောင် တော်လှန်ရေးကို တစိုက်မတ်မတ် ကြိုးစားနေကြပါတယ်။ အခုလိုမျိုးကာလမှာ မိုးကုတ်ကို သိမ်းယူဖို့အတွက်လည်း ကျနော်တို့ တတ်နိုင်သလောက် တတ်စွမ်းသလောက် ကြိုးစားပြီးတော့ ပူးပေါင်းပါဝင်နေပါတယ်။
မအင်ကြင်းနိုင် ။ ။ ဒီလိုမျိုး စစ်ဆင်ရေး တိုက်ပွဲတွေကို လုပ်ဆောင်တဲ့နေရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေက ဘာတွေလဲရှင့်။
ကိုဝေမိုးကျော် ။ ။ ကျနော်တို့ အခုလိုမျိုး မြို့တွေသိမ်းတဲ့အခါမှာ လွယ်လင့်တကူ သိမ်းရတာမဟုတ်ဘူး။ ကျနော်တို့ ရဲဘော်တွေ ပေးဆပ်ရတာတွေ ရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျနော်တို့ တချို့ဆိုရင် လက်နက်အင်အား၊ ခဲယမ်းကျည် ဖြည့်တင်းရတာတွေ ရှိတယ်။ ပြီးတော့ နည်းပညာ ဖြည့်သွင်းရတာတွေ ရှိတယ်။ အဲ့ဒါတွေက အခက်အခဲတွေပါ။ ဒါပေမဲ့ ကျနော်တို့က စစ်ကောင်စီကို တိုက်တဲ့အခါမှာ စစ်ကောင်စီ ကျနော်တို့ထက် ဘာတွေပဲ သာလွန်သာလွန် ကျနော်တို့ တိုက်နိုင်တယ်ဆိုတဲ့ ကျနော်တို့ လူငယ်တွေရဲ့ စိတ်ကြောင့်မို့ လွယ်လွယ်ကူကူပဲ အဲ့ဒီအခက်အခဲတွေ၊ စိန်ခေါ်မှု့တွေကို ကျော်လွှားသွားတာပါပဲ။
မအင်ကြင်းနိုင် ။ ။ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်၊ နယ်မြေတွေကို သိမ်းယူတဲ့အခါမှာ ဒေသခံအရပ်သားတွေရဲ့ လုံခြုံရေးကိုကော မိုးကုတ်ဗျူဟာအနေနဲ့ ဘယ်လို ထည့်တွက်ပါသလဲရှင့်။
ကိုဝေမိုးကျော် ။ ။ အရပ်သားပြည်သူတွေက အစောကြီးထဲက ကျနော်တို့က Remind လုပ်တယ်။ မိုးကုတ်ကြီးကို စပြီးမသိမ်းယူခင်ကတည်းက ကျနော်တို့ Remind လုပ်တယ်။ ကျနော်တို့ မိုးကုတ်ကို သိမ်းယူတော့မယ်။ ရွှေ့တဲ့လူတွေက ရွှေ့ကြတယ်။ တချို့ မိုးကုတ်ဒေသခံတွေ အများစုက ဘာလဲဆိုတော့ သူတို့က အဲ့ဒီလောက်ကြီး ကြီးကြီးကျယ်ကျယ်နဲ့ ဖြစ်မယ်လို့ မယူဆထားကြဘူး။ အဲ့ဒီတော့ ပေါ့ကြတာပေါ့။ ဒါပေမယ့် မိုးကုတ်ပြည်သူတွေက အခုမှ နဖူးတွေ့ ဒူးတွေ့ ကြီးကြီးကျယ်ကျယ်ဖြစ်တာကို မြင်ဖူးတာ။ သူတို့စိတ်ထဲမှာလည်း အပြစ်လို့တော့ မခံစားရပါဘူး။ သူတို့ အဲ့ဒီလို ဖြစ်သွားတဲ့အခါမှာ စိုးရိမ်ကြတာ ကြောင့်ကျကြတာတော့ ရှိတာပေါ့။ ပြည်သူတွေ ကာကွယ်ဖို့ တချို့ဆိုရင် ကျနော်တို့ စစ်ဘေးရှောင်တွေ မိုးကုတ်ကနေမှ စဥ့်ကူး၊ သပိတ်ကျင်းဘက်ကို ဆင်းလာတယ်။ စဥ့်ကူး၊ သပိတ်ကျင်းဘက်ကနေ ရှိသမျှ ပြည်သူတွေကလည်း မိုးကုတ်က စစ်ရှောင်သူတွေကို အများကြီး ကူညီပေးနေတယ်။ နောက် အကာအကွယ်တွေ အများကြီးပေးနေပါတယ်။ မိုးကုတ်မြို့ထဲမှာလည်း ပြည်သူတွေကို ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်။ လက်နက်ကြီးတွေ ကြဲလာပြီဆိုရင်၊ စစ်ဘက်ဆိုင်ရာတွေ လေယာဥ်တွေလာရင် ဘယ်လို အကာအကွယ်ယူရမယ် ဆိုတာကို ကျနော် အမြဲတမ်း ပညာပေးနေပါတယ်။
မအင်ကြင်းနိုင် ။ ။ စစ်အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း တပ်အင်အား တစ်ထောင်ကျော် ရှိလာပြီဖြစ်တဲ့ မိုးကုတ်ဗျူဟာတပ်ဖွဲ့ကို ၂၀၂၁ ဧပြီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူငယ်ပညာတတ်တွေ ဦးဆောင်ခဲ့တာလို့ ကိုဝေမိုးကျော်က အခုလိုပြောပါတယ်။
ကိုဝေမိုးကျော် ။ ။ လူငယ်ပညာတတ်တွေ အများကြီးပါပါတယ်။ ဒေါက်တာတွေ၊ ကျောင်းဆရာတွေ အခုဒီ ၁၂၂၂ ရင်းဆိုရင် တာဝန်ခံကလည်း ကျောင်းဆရာ၊ တပ်ရင်းမှုးတွေလည်း ကျောင်းဆရာ၊ တပ်ခွဲမှုးတွေလည်း ကျောင်းဆရာ။ အဲ့လိုမျိုး လူငယ်ပညာတတ်တွေ အများကြီးပါပါတယ်။
မအင်ကြင်းနိုင် ။ ။ အညာဒေသ စစ်ကိုင်းက အခြေအနေမှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း အရှိန်အဟုန် ရိုက်ခိုက်မှု ရှိနေတာနဲ့ ပတ်သက်လို့ 96 Soliders ရဲ့ စစ်ရေးတာ၀န်ခံ ရဲဘော်မန်းလေးက အခုလို ပြောပြပါတယ်။
ရဲဘော်မန်းလေး ။ ။ အခု ကျနော်တို့ ဒီမှာ ၁၀၂၇ ကာလမှာ တိုက်နေတဲ့ တိုက်ပွဲတွေဆိုရင်တော့ ကျနော်တို့ဘက်ကတော့ ဆက်စပ်မှုရှိတယ်။ ရှိတယ်ဆိုတာ ဥပမာ ကျနော်တို့ ဒီဘက်မှာရှိတဲ့ ရွှေဘိုမြို့မှာရှိတဲ့ ပျူရွာတရွာကိုသိမ်းရင် လေကြောင်းတိုက်ခိုက်မှု လာတာများတယ်။ ဒီကာလမှာဆိုရင် လေကြောင်းတိုက်ခိုက်မှု့က ချက်ချင်းမလာနိုင်ဘူး။ ပြီလို့ရှိရင် သူတို့ စစ်ကြောင်းထိုးပြီးတော့ သူတို့ရဲ့ အထိုင်တပ်တွေကို လက်နက်ခဲယမ်း ရိက္ခာတွေ ဖြည့်တင်းမထားတဲ့အတွက် ကျနော်တို့ တိုက်ပြီဆိုရင် သူတို့အနေနဲ့ ချက်ချင်းစစ်ကူလာနိုင်ဖို့ မလွယ်ဘူး။ အဲ့ဒီလို အခြေအနေတော့ ရှိတယ်။ ကျနော်တို့ပေါ် ၁၀၂၇ ဖြစ်နေတဲ့အတွက် ကျနော်တို့က အဲ့ဒီအတွက်တော့ အသက်ရှူတော့ ချောင်ရတာပေါ့။
မအင်ကြင်းနိုင် ။ ။ 96 Soliders အဖွဲ့ကို ၂၀၂၁ခုနှစ် အောက်တိုဘာလမှာ ကရင်ပြည်နယ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ နယ်မြေတွေကို လှည့်လည်သွားလာပြီး စစ်ရေးအရ ကူညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ လက်ရှိ ရွှေဘိုမြို့နယ်ကို ရောက်ရှိပြီး ဒေသခံတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲ၀င်နေတဲ့ အခြေအနေကို ရဲဘော်မန်းလေးက အခုလိုပြောပြပါတယ်။
ရဲဘော်မန်းလေး ။ ။ ရွှေဘိုမြို့နယ်မှာဆိုရင်တော့ ပျူစောထီးရွာတွေပေါ့၊ ဒေသခံပျူတွေနဲ့ စစ်တပ်နဲ့ပေါင်းပြီး ထိုင်ထားတဲ့ ရွာများတယ်။ များပေမယ့် ကျန်တဲ့စစ်ကောင်စီ ရှိတဲ့နေရာနဲ့ ပျူရှိတဲ့နေရာက လွယ်ပြီးတော့ ကျန်တဲ့နေရာတွေ အကုန်လုံးက Local PDF တွေ တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖ အားလုံးပေါင်းပြီးတော့ PDF တွေရဲ့ ထိန်းချုပ်မှု့အောက်မှာပဲ တော်တော်များများ ရှိတယ်။ အခုဆိုရင် ရွှေဘိုမြို့ထဲမှာပဲ မြို့ပတ်ချာလည်မှာတော့ စစ်တပ်က ထိုင်ထားတယ်။ ဒါပေမဲ့ မြို့ကိုကျော်ပြီဆိုတာနဲ့ သူတို့စခန်းတွေကို ကွင်းလို့ရတယ်၊ ဝိုက်လို့ရတယ်။ ကျန်တဲ့နေရာဒေသအားလုံးက PDF တွေရဲ့ ထိန်းချုပ်မှု့အောက်မှာပဲ ရှိတယ်။
မအင်ကြင်းနိုင် ။ ။ အဲဒီတော့ ရဲဘော်မန်းလေးတို့က ရွှေဘိုဘက်မှာ တိုက်နေတဲ့ အခြေအနေမှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ရှိနေပါသလဲရှင့်။
ရဲဘော်မန်းလေး ။ ။ ပထမဦးဆုံး တိုက်ပွဲတိုက်မယ်ဆိုရင် ကျနော်တို့ ကြုံတွေ့ရတာက လက်နက်ခဲယမ်းပေါ့။ ကျနော်တို့မှာ လုပ်ချင်စိတ်တခုတည်းနဲ့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေအားလုံးကို စုပေါင်းပြီးတော့မှ မြေပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေပေါင်းပြီး လုပ်ဆောင်ကြတယ်။ ဒါပေမဲ့ ကျနော်တို့မှာ လက်နက်ခဲယမ်းက ပြည့်စုံမှု့မရှိဘူး။ အကန့်အသတ် ရှိတယ်။ ကျနော်တို့မှာ ရဲဘော်တယောက်ကို ကျည်ဘယ်လောက် လက်နက်ကြီးဆိုလည်း RP ဆိုရင်လည်း ဘယ်လောက်။ ... အသီး ဘယ်နှစ်သီးပေါ့။ ပထမဦးဆုံး ပြဿနာကတော့ လက်နက်ခဲယမ်း ပြဿနာ။
မအင်ကြင်းနိုင် ။ ။ အဲဒီအညာဘက်မှာရှိတဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူရွာတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အကျအဆုံး ပေးဆပ်မှုတွေက ဘယ်လောက်ထိ ရှိပါသလဲရှင့်။
ရဲဘော်မန်းလေး ။ ။ ပေးဆပ်ရမှု့တွေက ကျနော်တို့အနေနဲ့က တကယ်လို့ တိုက်ပွဲတိုက်ပြီဆိုရင် ကျနော်တို့မှာ ဆေးရုံဆေးခန်းက အနီးနားမှာ မရှိဘူး။ ပြီးတော့ စစ်ပွဲအတွင်းမှာ အလွယ်တကူ ခေါ်သွားလို့ရတဲ့ ဆေးတပ်ဖွဲ့တွေနဲ့က ကျနော်တို့မှာ ကောင်းကောင်းမွန်မွန် လုပ်မထားနိုင်ဘူး။ ကျနော်တို့ ရဲဘော်တွေကို ဆေးသင်တန်းပေးထားတာက တိုက်ပွဲမှာ မလုံလောက်ဘူး။ နောက်မှာ ဆေးအဖွဲ့နဲ့ စနစ်တကျ စီစဥ်ထားတာမျိုး မရှိတော့ ကျနော်တို့ရဲဘော်တွေ ထိတာတို့ဆို နည်းနည်း အသက်အန္တရာယ် စိုးရိမ်ရတာနဲ့ တခါတည်း ကျဆုံးတယ်။ တချို့ပွဲတွေမှာဆိုရင် ပေါင်ကိုပဲမှန်ပြီး သွေးထွက်လွန်တာတွေ၊ လက်မောင်းကိုမှန်ပြီး သွေးထွက်လွန်တာတွေ၊ လက်နက်ကြီးစထိပြီး သွေးထွက်လွန်တာတွေ အဲ့ဒါတွေကတော့ ကျနော်တို့အတွက် အဓိက ဆုံးရှုံးနေရတဲ့အရာတွေပေါ့။
မအင်ကြင်းနိုင် ။ ။ ရွှေဘိုဘက်မှာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူရွာတွေနဲ့ တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပျူရွာတွေဘက်က တုံ့ပြန်ချက်ရဖို့ ဗွီအိုအေက ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။ အခု အညာဒေသက တိုက်ပွဲတွေမှာတော့ လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့ စစ်ရေးအရ ထိဆက်လုပ်ဆောင်မှု မရှိသေးပေမဲ့ မကြာခင်အနာဂတ်မှာ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ရဲဘော်မန်းလေးက ပြောသွားပါတယ်ရှင်။
ရဲဘော်မန်းလေး ။ ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ပေါ့ဗျာ။ အပိုင်း(၂) ပြန်စတဲ့အခါမှာတော့ ကျနော်တို့အညာမှာ ရှိနေတဲ့ မြေပြင်မှာရှိနေတဲ့ Localတွေ တပ်ရင်းတက်ဖွဲ့တွေအနေနဲ့ အချိန်တော့ ကျနော်တို့လည်း ရတာပေါ့။ ဒါကတော့ ကျနော့်အမြင်ပေါ့။ နောက်ပြီးတော့ ၁၀၂၇ စစ်ကိုင်းတိုင်းကိုများ သက်ရောက်မလား။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းထိ လှုပ်ရှားမလား။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းက လှုပ်ရှားပြီးတော့ လက်နက်တွေ ဘာတွေ ပေးခဲ့တယ်ဆိုရင်တော့ ကျနော်တို့အတွက်က ပိုအဆင်ပြေဆုံးပေါ့။