Your browser doesn’t support HTML5
ရခိုင်ပြည်နယ်ရဲ့ လက်ရှိ စစ်ရေးပဋိပက္ခနဲ့ လူမှုအကြပ်အတည်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ANP ရခိုင်အမျိူးသားပါတီ ANP ပါတီရဲ့ မြေပုံမြို့နယ်ကိုယ်စားပြု၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ လွှတ်တော်နဲ့ အစိုးရဆိုတာ အပြန်အလှန် ထိန်းကျောင်းရတဲ့ Check and Balance တာဝန်တွေ ရှိပါတယ်။ အခု လွှတ်တော်ထဲမှာ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြနေတဲ့ကိစ္စတွေ ရှိပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခလို့ ခေါ်မှာပေါ့ - အဲဒါကြောင့်လဲ စစ်ဘေးရှောင် ဒုက္ခသည်တွေ တိုးပွားလာတယ်။ ပြီးတော့ ဒေသခံပြည်သူတွေလည်း မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတာတွေလည်း တနေ့တခြား တိုးလာတာကို တွေ့ရပါတယ်။ အဲဒီအခါမှာ လွှတ်တော်အနေနဲ့ အစိုးရကို တိုက်တွန်းခဲ့တာတွေရှိတယ်။ အဲဒီတိုက်တွန်းမှုတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေလေးကို ရှင်းပြပေးပါလားရှင့်။
ဖြေ ။ ။ကျနော်တို့ကတော့ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုဆိုတော့ ရခိုင်ပြည်နယ်မှာ အတိုင်းအတာနဲ့ အစဉ်အလာအာဖြင့် အင်အားအကြီးဆုံးပါတီ ဖြစ်ပါတယ်။ ကိုယ်စားပြုမှု အများဆုံးပါတီပါ။ အခု ရခိုင်တပြည်နယ်လုံးမှာ ဖြစ်နေတဲ့ အကျပ်အတည်းတွေ၊ ဒုက္ခတွေ၊ စိန်ခေါ်မှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ အကုန်လုံးကို လွှတ်တော်မှာ မေးခွန်းတွေ၊ အဆိုတွေ တင်ပြပြီးတော့ ဆွေးနွေးပါတယ်။ အဖြေရတာလဲရှိတယ်၊ မရတာလည်းရှိတယ်။ အထူးသဖြင့် ကျနော်တို့ပါတီကတင်တဲ့ အဆိုတွေကြတော့ အစိုးရကို Check and Balance လုပ်တဲ့ မေးခွန်းတွေ၊ အဆိုတွေ ဖြစ်ပါတယ်။ အဲဒီအခါကြတော့ အစိုးရမှာ ဘယ်လိုမူဝါဒ ရှိတယ်လို့တော့ မသိဘူး၊ အများအားဖြင့်တော့ ကျနော်တို့အဆိုတွေက လွှတ်တော်ထဲကို ရောက်ရင်တောင်မှ မှတ်တမ်းတင်ခံရတာများတယ်။
နောက်တခုက အဆိုဆွေးနွေးခွင့် မရဘူး။ ဥက္ကဋ္ဌကိုယ်တိုင်ကခေါ်ပြီးတော့ ဒါကိုတားဆီးမှုတွေ၊ ဆွေးနွေးခွင့်မပေးတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က အစိုးရကို Check and Balance လုပ်ဖို့ အားနည်းသွားတယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေအနေနဲ့ ကျနော်တို့ကိုယ်စားပြုပြီးတော့ လွှတ်တော်ကို တင်ပေးလိုက်ပေမယ့် ကျနော်တို့က မလုပ်ဆောင်ပေးနိုင်တဲ့အခါ လွှတ်တော်ပိုင်းကို ပြည်သူတွေက အားမရဘူး၊ စိတ်ပျက်တဲ့အပိုင်းတွေ ရှိပါတယ်။
မေး ။ ။ အခုနောက်ဆုံး ကိုယ့်ရဲ့ ကိုယ်ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေရဲ့ အခြေအနေ၊ မဲဆန္ဒနယ်မြေက ဒေသခံလူတွေ ကြုံတွေ့နေရတဲ့ လူမှုကျပ်တည်းပြဿနာတွေ၊ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးဘာကြားရပါလဲရှင့်။
ဖြေ ။ ။ ရခိုင်ပြည်နယ်မှာတော့ နေ့စဉ်နဲ့ ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲမဖြစ်ရင်တောင်မှ စစ်ဘေးရှောင်တွေ သူတို့ရဲ့ အခက်အခဲတွေ၊ ပြည်သူတွေရဲ့ စားဝတ်နေရေးတွေ၊ ပုဒ်မ (၁၄၄) ထုတ်ထားတဲ့အတွက် သွားလာနေထိုင်မှုတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဆက်သွယ်ရေးကွန်ရက်တွေ၊ အကုန်လုံး အခက်အခဲ ဖြစ်နေပါတယ်။ ကျနော်တို့အနေနဲ့ကလဲ ဒါတွေကို တင်ပြဖို့ ကြိုးစားတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ လွှတ်တော်မှာပဲ တင်ပြကြတယ်။ မီဒီယာတွေနဲ့ ပြောတယ်။ ဒါပေမဲ့ အခုထက်ထိ ခရီးမရောက်သေးပါဘူး။ ဆိုလိုတာကတော့ တိုက်ပွဲမဖြစ်ပေမယ့် ပြည်သူတွေက အထိတ်တလန့်နဲ့ သွားလာနေကြတယ်။ ရွာတွေကို တပ်မတော်က ဝင်လာပြီဆိုရင် ပြည်သူတွေက ကြောက်လန့်ပြီးတော့ ထွက်ပြေးကြတာရှိတယ်။ ငါတို့ကို ဖမ်းမလား၊ နှိပ်စက်မလား ပုံစံမျိုးနဲ့ ထွက်ပြေးနေကြတာရှိတယ်။ ပြီးတော့ တောတွေတောင်တွေ မသွားရဲတော့ဘူး။ တနေရာနဲ့တနေရာ မသွားရဲတော့ဘူး။ အခက်အခဲတွေက အများကြီးရှိကြပါတယ်။ ဒါက စစ်ပွဲတွေကရတဲ့ အနိဋ္ဌာရုံရလဒ်တွေ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ အေအေ ဆိုတာလဲ ရခိုင်အမျိုးသားတွေ၊ ရခိုင်တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒေသခံတွေကလည်း ရခိုင်တိုင်းရင်းသားတွေပဲ ဖြစ်တယ်ဆိုတော့ ဘယ်လိုပဲပြောပြော အဆက်အစပ်ရှိတယ်၊ မရှိဘူးပြောပြော၊ ဆွေမျိုးသားချင်းတွေလည်း တော်စပ်တာလည်း ရှိကြမှာပဲ၊ ရွာခံလူတွေလည်း ရှိကြမှာပဲဆိုတော့ ဘာပဲပြောပြော မသင်္ကာမှုနဲ့ ဖမ်းမယ်ဆိုရင် လွတ်တဲ့လူက တော်တော်လေးကို ရှားမယ်ပုံ ရှိနေပါတယ်။ နောက်တခုကလဲ အခုလောလောဆယ် သတင်းကြားနေတာ၊ အင်တာနက်လူမှုကွန်ရက်တွေမှာ ပျံ့ပွားနေတဲ့ သတင်းတစ်ခုကလဲ အေအေ ခေါင်းဆောင်နဲ့ လွှတ်တော်ဘက်က ခေါင်းဆောင်တို့ရဲ အပြန်အလှန် စကားပြောတဲ့ပုံတွေ တက်လာတဲ့အခါ ဒါကလဲ သတင်းအမှားတွေ၊ လုပ်ကြံဖမ်းတီးတဲ့ သတင်းမှားတွေလဲ ဖြစ်နိုင်တယ်။ အဲဒါနဲ့ ပတ်သက်လို့ကော ဘာသတင်းကြားပါလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ပါတီပေါ်မျာ အဲဒီလို တိုက်ခိုက်မှုတွေ ရှိနိုင်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပေါ်မှာလဲ တိုက်ခိုက်မှုတွေ ရှိနိုင်တာပေါ့။ ဒါပေမဲ့ အင်တာနက်က တက်လာတယ်ဆို အပြန်အလှန် ပြောဆိုမှုတွေကို ကျနော်တို့လည်း တွေ့ပါတယ်။ ဒါပေမဲံ အဲဒီအပေါ်မှာ ကျနော်တို့ဘက်ကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ပတ်သက်မယ်ထင်တဲ့ ပုဂ္ဂိုလ်တွေကလဲ ဒါက လုပ်ကြံမှုလိုပဲ ပြောတယ်။ နိုင်ငံတော်ကလဲ အဲ့ဒီအပေါ်မှာ မေးမြန်းတာတွေ၊ ထောက်လှမ်းတာတွေ၊ မရှိဘူး။ ဒါက သက်သက် တဘက်က မရှု့စိမ့်နိုင်တဲ့ အဖွဲ့တဖွဲ့က၊ ဒါမှမဟုတ် တစုံတယောက်က လုပ်ကြံတယ်လို့ ကျနော်တို့ သတ်မှတ်ပါတယ်။ နောက်တခါ ကျနော်တို့မှာ အေအေ ဆိုတာက အခုန ဒေါ်ခင်စိုးဝင်းပြောသလို ရခိုင်သားတွေအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲစည်း - နိုင်ငံရေးအရ - ဒါကြောင့်မို့ အဆက်အသွယ်တွေလည်း ရှိကောင်းရှိနိုင်တယ်။ သူတို့ကို ကူညီတာတွေလည်း ရှိကောင်းရှိနိုင်တယ်။ ကျနော်ကပြောတာ အဲဒါမဟုတ်ဘူး --- တရားဥပဒေစိုးမိုးရေးက အရေးကြီးပါတယ်။ လူထုမကြောက်မလန့်ဖို့က အရေးကြီးတယ်။
ဥပမာ - လူတယောက်ကို စစ်ချင်တယ်ဆိုရင် သက်သေသက်ကာယနဲ့ အိမ်တွေဝင်ရှာ၊ ဖမ်းဆီးတာတွေ။ ပြီးတော့ ရဲလုပ်ငန်းအရ စုံစမ်းစစ်ဆေးတာတွေ အဲဒါမျိုး ဖြစ်စေချင်တာပေါ့။ ဘောင်အတွင်းမှာ ဖြစ်စေချင်တယ်။ ဟိုမှာနှိပ်စက်လို့ လက်လွန်ခြေလွန် ဖြစ်သွားတာတို့၊ ထွေးပြေးတယ်ဆိုပြီး ပြစ်တာကို - အဲဒါ ဒေသခံပြည်သူတွေလဲ မကောင်းဘူး။ ဥပဒေပြင်ပကနေ ဖြေရှင်းသလိုမျိုး ဖြစ်သွားတာပေါ့။
မေး ။ ။ ရခိုင်လူငယ်အများစုက ရခိုင်ဒေသမှာ အလုပ်အကိုင် ရှားပါးတဲ့အခါမှာ အိမ်နီးချင်းပြည်ပနိုင်ငံတွေကို ထွက်ပြီးတော့ အလုပ်လုပ်ကြတယ်။ ဥပမာ ပြည်တွင်းမှာဆိုလဲ ဖားကန့်ဒေသမှာ ရခိုင်တိုင်းရင်းသားတွေ တော်တော်များများ ရှိတယ်လို့ ကြားရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အလုပ်အကိုင်တွေ ဖမ်းတီးဖို့အတွက်လဲ ရင်းနှီးမြုပ်နံှမှုက အရေးကြီးပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးဖေသန်အမြင်ကို ပြောပြပေးပါရှင့်။
ဖြေ ။ ။ ရခိုင်ပြည်နယ်ဟာ ဆင်းရဲပါတယ်။ ချင်းလည်း ဆင်းရဲပါတယ်။ ဒါပေမဲ့ ချင်းတို့က ဆင်းရဲတယ်ဆိုတာ နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ဆိုတာ သယံဇာတပစ္စည်း အကုန်ထွက်တယ်။ မြေပေါ်မြေအောက်နဲ့ တောတန်းနဲ့ တောင်ကုန်တွေ ရှိတယ်။ သစ်တွေဝါးတွေထွက်တဲ့ တောင်တန်းတွေရှိတယ်။ စပါးတွေစိုက်တဲ့ လယ်ကွင်းပြင်တွေ ရှိတယ်။ ပင်လယ်သယံဇာတ - ပင်လယ်ပြင်မှာလဲ လုပ်စားလို့ အများကြီးရတယ်။ ဒီဒေသမှာ ဆင်းရဲတဲ့ညွှန်းကိန်းက အောက်ဆုံးကျနေတာ တော်တော်ကို မလိုလားအပ်တဲ့ ပြဿနာ ဖြစ်တယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကျနော်တို့အနေနဲ့ စစ်တပ်နဲ့ အစိုးရ ပြောတာတော့ ဒေသမငြိမ်းချမ်းလို့ပေါ့။ ဒါပေမဲ့ ကျနော်တို့ဒေသက ငြိမ်းချမ်းတာ အများကြီးပါ။ အေအေ ရောက်လာမှ အခု တိုက်ပွဲတွေ ဖြစ်လာတာ။ သူတို့လည်း ပြောပါတယ် အဖြူရောင်နယ်မြေ။ ဒါပေမဲ့ ဒီနယ်မြေ ဘာကြောင့်ဆင်းရဲလဲဆိုတော့ အဓိက အစိုးရမှာ ဒီလိုဆင်းရဲနွမ်းပါးတဲ့ ဒေသတွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နေရာတွေနဲ့ တပြေညီဖြစ်အောင် စီမံချက်ချပြီးတော့ မလုပ်နိုင်ဘူး။ လုပ်ဖို့ဆန္ဒလည်း မရှိဘူးလို့မြင်တယ်။ ဒါကြောင့် ဘတ်ဂျက်တွေ ရေးဆွဲတိုင်း ကျနော်တို့ပြောတယ် - ဒီလိုကွာဟနေမှုတွေ - ပြည်မနဲ့ပြည်နယ်တွေ ကွာဟနေမှုတွေကို ပိုပြီးတော့ ဖွံ့ဖြိုးမှုအတွက် လိုတိုးပိုလျှော့ ဖြစ်လာအောင် ဘတ်ဂျက်တွေကို တိုးပေးဖို့၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့။ အဲဒီလို မလုပ်ပေးနိုင်တဲ့အခါမှာ လူငယ်လူရွယ်တွေက အလုပ်အကိုင် မရှိတော့ဘူး။ စက်ရုံအလုပ်ရုံ၊ ဆည်မြောင်းတာတမံတွေ မရှိ။ လမ်းပန်းဆက်သွယ်ရေးက မကောင်းဆိုတော့ မိဘရိုးရာ လယ်ကိုပဲ အားကိုးရတယ်။ ပင်လယ်ပြင်ကိုပဲ မှီပြီးတော့ လုပ်စားရတယ်။ ဒါပေမဲ့ လယ်ဆိုတာလဲ တနေ့တခြား ရာသီဥတု မမှန်တာကတမျိုး၊ ထွက်နှုန်းကျဆင်းတာကတမျိုး၊ ဈေးကောင်းမရတာတမျိုး ဘဝအာမခံချက် မရှိဘူး။ လူငယ်လူရွယ်တွေက အဲဒီမှာ အနာဂတ်ပျောက်သွားတယ်။ ပင်လယ်ပြင်မှာလဲ သားငါးသယံဇာတ ရှားပါးလာတယ်။ လူငယ်လူရွယ်တွေဟာ မိဘတွေရဲ့ မျက်နှာကိုကြည့်ပြီးတော့၊ မိဘတွေရဲ့ လုပ်အားကိုကြည့်ပြီးတော့ သူတို့စားနေရတဲ့ ဘဝကနေ ရုန်းထွက်ချင်ကြတာပေါ့။ မိဘလည်း အားကိုးလို့ မရတော့ဘူး။ သူတို့ကိုယ်တိုင်လည်း အနာဂတ်လမ်းပျောက်နေကြတယ်။ ပညာတတ်ပေမယ့် လမ်းဆုံးပေမယ့် ရွာမတွေ့ဘူး။ အဲဒီလိုအခြေအနေမျိုးမှာ လူငယ်တွေက ကိုယ့်ဒေသကို စွန့်ခွါဖို့ မလွဲသာပေမယ့် စွန့်ခွါလာကြတယ်။
အဲဒါကြောင့်လဲ တိုင်းတပါးတွေ ရောက်သွားတယ်။ စက်ရုံအလုပ်ရုံ အလုပ်အကိုင်ပေါတဲ့ ရန်ကုန်၊ ဖားကန့်တို့ကို ရောက်သွားကြတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲမှာ အရွယ်ကောင်းတွေ မရှိသလောက် ဖြစ်သွားပါပြီ။ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးပိုင်းတွေပဲ ကျန်တယ်။ တချို့ရွာတွေမှာဆို ယောကျ်ားမရှိလို့ အသုဘချတာကအစ မိန်းမတွေထမ်းပြီး ချနေရတဲ့သဘောတွေ မြင်တွေ့နေရတယ်။ နောက်ဆိုလဲ ဒီထက်ပိုပြီးတော့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ၊ လူငယ်လူရွယ်တွေ ပြောင်းရွှေ့မှုအခြေအနေ ပိုပြီးတော့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ပိုများလာပါမယ်။ အစိုးရက ဒါတွေကို ဒေသဖွံ့ဖြိုးဖို့အတွက် စက်ရုံ၊ အလုပ်ရုံ ရင်းနှီးမြုပ်နံှတွေ ဖိတ်ခေါ်ပြီးတော့ တိုးမြှင့်သင့်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေ နဂိုကတည်းက ရှိနေတဲ့ကြားထဲကနေ အေအေ ကလဲ လက်နက်ကိုင်ပြီးတော့ ဝင်ရောက်လာတဲ့အချိန်မှာ တပ်မတော်ဘက်ကနေ ဒါအကြမ်းဖက်သမား ဖြစ်တယ်။ အစိုးရဘက်ကလည်း အကြမ်းဖက်သမားဆိုပြီး ပြောဆိုနေတဲ့ပေါ်မှာ - အခြားပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိပါတယ်။ ကချင်ပြည်နယ်မှာ ရှိသလို၊ ကရင်ပြည်နယ်မှာလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဖေသန်းရဲ့ ကိုယ်ပိုင်အမြင်လေး ပြောပြပါ။
ဖြေ ။ ။ အဓိကတော့ အစိုးရရဲ့ တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေပေါ်မှာ မူဝါဒက တရေတည်း မရှိဘူးလို့ မြင်တယ်။ တဖွဲ့ကြတော့ တမျိုးဆက်ဆံတယ်။ အခြားတဖွဲ့တော့ တမျိုး။ ဥပမာ တအောင်း၊ ပလောင်၊ အမ်အမ်ဒီအေ တို့ ဒါဆိုရင်တော့ သူတို့ကို ဆက်ဆံတာကတမျိုး။ သူတို့ကို bilateral ထိုးဖို့ကို အခွင့်မပေးသေးဘူး။ NCA အဆင့်ကို မရောက်သေးဘူး။ အေအေကြတော့ ပိုဆိုးတးယ်။ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်လိုက်တာ။ အေအေခေါင်းဆောင်တွေကို အကြမ်းဖက်နဲ့ တရားစွဲကြတယ်။ အဲဒီလိုမျိုး ဆက်ဆံမှုက မညီမျှခြင်း၊ အခွင့်အရေးအတူတူ မပေးတဲ့ပေါ်မှာ ဒါတွေဖြစ်လာတယ်။ အဓိကတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဆိုတာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖယ်ဒရယ်သွားဖို့ အဲဒီလောက်မျှော်မှန်းပြီးတော့ တိုက်ပွဲဝင်နေကြတယ်။ အတူတူပဲ ခြုံပြီးပြောပြရင် အဲဒီဘုံရည်မှန်းချက် တူနေပါတယ်။ ကျနော်တို့က သဘောရိုးနဲ့ ပြောရရင်တော့ ခွဲခြားဆက်ဆံမှုထဲမှာ မထားဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကုန်လုံးကို ငြိမ်းချမ်းရေးဘောင်အတွင်းကို အဓိက လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရက ဖိတ်ခေါ်ဖို့လိုပါတယ်။ တွေ့ဆုံဖို့လိုတယ်။ ဆွေးနွေးဖို့လိုတယ်။ ဒါက ကျနော်ပြောတာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေ အကုန်လုံးပြောတယ်။ ပြည်သူတွေအကုန်လုံး တောင်းဆိုတဲ့ ဒီငြိမ်းချမ်းရေးကို တောင်းဆိုနေတဲ့ အခွင့်အရေး ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနေ့ ခွဲခြားဆက်ဆံပြီးတော့ အေအေ ကို ရခိုင်ပြည်နယ်မှာ မနေနဲ့။ လိုင်းဇာကိုပြန်ဆိုတဲ့ ပုံစံမျိုး။ မဖြစ်နိုင်ဘူး - အောက်ခြေအဆင့်တွေမှာ လုံးဝကို မဖြစ်နိုင်တဲ့ အခြေအနေမျိုး မရှိတော့တဲ့ဟာကို အဲဒီလို တောင်းဆိုနေမယ်ဆိုရင် တဘက်နဲ့တဘက် ပြောဆိုနေကြမယ်ဆိုရင် ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းဟာ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။ အဲဒီလို မရောက်လာတာနဲ့အမျှ တဘက်နဲ့တဘက်၊ နားကြီးစိတ်တွေ၊ မခံမရပ်ချက်တွေ ပိုပိုလာတယ်။
ရခိုင်ပြည်နယ်မှာ လူငယ်လူရွယ်တွေက ဖမ်းဆီးတာတို့၊ နှိပ်စက်တာတို့ သတ်ဖြတ်တာတို့ အလုပ်အကိုင်မဲ့ပြီးတော့ အခြားနေရာကို ပြောင်းရွှေ့ဖို့အတွက် သွားရတာတို့ အဲဒီအပေါ်မှာ ရခိုင်တွေက ငါတို့ကို ဥပက္ခာပြုထားတယ်။ ငါတို့နိမ်ချထားတယ်ဆိုတဲ့ ခံစားမှုတွေ ပိုမိုများလာတော့ ဒါက အေအေ အနေနဲ့လည်း ရခိုင်ပြည်နယ်က လုံးဝအမြစ်ပြတ်ဖို့ဆိုတာ မလွယ်ဘူး။ ဒီလို တယောက်ကိုတယောက် တိုက်နေကြတာကို သမိုင်းသင်ခန်းစာတွေ အများကြီးပေးခဲ့ပါပြီ။ မနိုင်ပါဘူး တယောက်ကိုတယောက်။ ဘယ်လိုမှ အမြစ်ဖြတ်လို့ မရဘူး။ တဖွဲ့သွားရင် နောက်တဖွဲ့ ပေါ်လာမှာပါ။ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ တိုက်ပွဲတွေ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ပိုပိုပြီးတော့ ကြီးကျယ်လာတယ်။ အင်အားပိုကောင်းလာတယ်။ အဲဒီလို ဖြစ်လာလေ တိုင်းပြည်နစ်နာလေ။ ဒါကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးရဖို့ဆိုရင် အဓိကတော့ ဖိတ်ခေါ်ကမ်းလှမ်းမယ်လူက နိုင်ငံတော်အစိုးရ ဖြစ်ပါတယ်။ တပ်မတော် ဖြစ်ပါတယ်။ သူတို့မှာ အများကြီးတာဝန် ရှိတယ်လို့မြင်တယ်။ အဲဒီအပေါ်မှာ နိုင်ငံရေးမကစားဘဲနဲ့ ရိုးရိုးသားသား တိုင်းရင်းသားလက်နက်ကိုင် အကုန်လုံး လိုချင်တာက အတူတူပဲဆိုတဲ့ ပုံစံ ဘုံအမြင်သဘောထားတွေ ရှိလာရင် ငြိမ်းချမ်းရေးစကားဝိုင်းကို ရောက်ဖို့မခက်ပါဘူးလို့ မြင်ပါတယ်။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။