မြန်မာ့ရွှေတူးဖော်ရေး တစေ့တစောင်း (အပိုင်း ၁)

Your browser doesn’t support HTML5

မြန်မာ့ရွှေတူးဖော်ရေး တစေ့တစောင်း (အပိုင်း ၁)

မြန်မာ့ရေးရာဆွေးနွေးခန်းအစီအစဉ်မှာ အထူးအစီအစဉ်အဖြစ် ရှေး မြန်မာမင်းတွေ လက်ထက်ကတည်းက ရွှေတူးလာတဲ့ ဝန်းသိုပင်လယ်ကူးဒေသမှာ လက်ရှိရွှေတူးဖော်နေတဲ့ အနေအထားကိုသိရအောင် အဲဒီမှာ ရွှေတူးဖော်နေတဲ့ တခုတည်းသော ကုမ္ပဏီရဲ့ Mine တာဝန်ခံ Engineer ဦးသင်းနိုင်ဦး ကို ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။

ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက ရွှေစာရေးတွေ ခန့်ထားပြီး မင်းတွေဆီ ရွှေဆက်ရတဲ့ ကောလင်း ဝန်းသိုဒေမှာ ရွှေကို မူလသိုက်ကနေ တိုက်ရိုက်တူးကြသလို၊ မြစ်ချောင်းတွေထဲက အနည်ကျရွှေကိုတော့ ကျင်ယူကြတာပါ။ ဝန်သိုပင်လယ်ဘူးမှာ မူလရွှေသတ္တုသိုက်ကနေ ဘယ်လို တူးဖော်နေတယ်ဆိုတာကို ပထမ ပြောပြပါရစေ။

အဲဒီဒေသမှာ လက်ရှိ ရွှေတူးဖော်နေတဲ့ ကုမ္ပဏီက တခုပဲ ရှိပါတယ်။ ထာဝရ ကုမ္ပဏီ ဖြစ်ပါတယ်။ ကောလင်းကနေ အနောက်ဘက် ရှစ်မိုင်အကွာ ပင်လယ်ဘူးအသွား ကားလမ်းပေါ်မှာ ရှိပါတယ်။ ရွှေတူးဖော်မယ့် ကုမ္ပဏီတခုအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ပါ တာဝန်ယူရတယ်လို့ မိုင်တာဝန်ခံ အင်ဂျင်နီယာ ဦးသင်းနိုင်ဦး က ပြောပါတယ်။

ဖြေ ။ ။ ကျနော်တို့ ရွှေတူးဖော်တာကတော့ မြေအောက်တူးဖော်ရေးစနစ် ဖြစ်ပါတယ်။ မြေအောက်တူးဖော်ရေးစနစ်ဆိုတာက ပတ်ဝန်းကျင် ပျက်ဆီးမှု အနည်းဆုံး၊ ထိခိုက်မှု အနည်းဆုံးဖြစ်တဲ့ နည်းပါ။ လေးပေပတ်လည်ကျင်းနဲ့ မြေအောက်ထဲကို တောက်လျှောက်ဆင်းသွားတယ်။ ဆင်းသွားပြီး ရွှေကြောတွေ ရောက်တဲ့အထိ ဆင်းပါတယ်။ ရွှေကြောတွေ ရောက်တဲ့အချိန်မှ အဲဒီအကြောတွေကို အကြောအများဆုံးပါအောင် တူးပါတယ်။

မေး ။ ။ တူးတာ တွင်း ဘယ်နှစ်တွင်းလောက် ရှိပါသလဲ။

ဖြေ ။ ။ အခုဆိုရင် ရှစ်တွင်းပါ။

မေး ။ ။ ရှစ်တွင်းထဲမှာ အခု တူးနေတာ နှစ်ဘယ်လောက် ရှိပြီလဲ။

ဖြေ ။ ။ ကျနော်တို့ စတူးတာကတော့ ၂၀၀၅ လောက်မှ ပြန်ဝင်ဖြစ်တာပါ။ တောက်လျှောက်တော့ ၂၀၀၉ လောက်ကနေ တောက်လျှောက် တူးလာတာပါ။ ၂၀၀၉ ကနေ ၂၀၁၂ အထိ (၃) နှစ်ကတော့ စမ်းသပ်ရှာဖွေတာပါ။ စမ်းသပ်ရှာဖွေတာတကြိမ်။ နောက်ပြီးတော့ (၁) နှစ်သက်တမ်း နောက်ထပ် (၃) ကြိမ် - (၆) နှစ် တူးပြီးတဲ့အချိန်မှာ လုပ်ငန်းသက်တမ်း စာချုပ်သက်တမ်းပြည့်တယ်။ စာချုပ်သက်တမ်းပြည့်တော့ စာချုပ်အသစ် ထပ်ချုပ်ရတယ်။ စာချုပ်က (၄) ကြိမ် သက်တမ်းတိုးပြီးရင် စာချုပ်လုံးဝ ပျက်ပြယ်ပြီးတော့ နောက်ထပ်အသစ်ချုပ်ပြီးတော့ တူးရတယ်။ အခုက ကျနော်တို့က (၄) ကြိမ်ပြည့်သွားပြီးတော့ နောက်ထပ်စာချုပ် ချုပ်ဖို့အတွက် နားနေတဲ့အချိန်။

မေး ။ ။ ဆိုတော့ စာချုပ်တွေ ဆက်တိုက်ချုပ်ခွင့်ရအောင်လို့အတွက် ဒီ အစိုးရ သတ်မှတ်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကို လိုက်နာရတယ်လို့ သိရပါတယ်။ ဒီလို လိုက်နာတဲ့ ကုမ္ပဏီတွေကို ပြန်ပြီးတော့ တူးခွင့်ပြုတယ်လို့ သိရပါတယ်။ ဆိုတော့ အစိုးရက ချမှတ်ထားတဲ့ ပတ်ဝန်းကျင် မပျက်ဆီးအောင်လို့အတွက် ထာဝရကုမ္ပဏီ က ဘာတွေလုပ်ပေးနေပါလဲ။ သိပါရစေ။

ဖြေ ။ ။ ကျနော်တို့ စတူးကတည်းက ပတ်ဝန်းကျင် ပျက်ဆီးမှု အနည်းဆုံးနည်းစနစ်နဲ့ တူးဖော်တဲ့အတွက် ပတ်ဝန်းကျင် ပျက်ဆီးမှုကတော့ သိပ်မရှိပါဘူး။ မရှိပေမယ့် ကျနော်တို့ တူးဖော်နေတဲ့ တပြိုင်တည်းပဲ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ စိုက်ပျိုးတယ်။ ရှိပြီသား သစ်ပင်တွေကို ဆက်လက်ပျိုးထောင်တယ်။ ပျိုးထောင်ပြီးတော့ နှစ်အလိုက် ကျွန်းပင်တွေကို စိုက်ပျိုးပေးပါတယ်။ အခုစိုက်ပျိုးပြီးတဲ့ ကျွန်းပင်တွေဆိုရင် ဧက ဒီအထဲမှာဆိုရင် (၁၀) ဧကကျော် (၁၂) ဧကလောက် ရှိပါပြီ။ ကျွန်းပင်တွေကလည်း အပင် (၁) သောင်းနီးပါးလောက် ရှိပါပြီ။

မေး ။ ။ ရွှေသတ္တုတူးဖော်ရေးမှာ အဓိက ဘယ်လို ပုံစံတွေနဲ့ တူးတာပါလဲ။ ဘယ်နှစ်မျိုး ရှိပါလဲ။ အရင်စပြောပေးပါ။

ဖြေ ။ ။ ရွှေသတ္တုတူးဖော်ရေးအနေနဲ့ ကျနော်တို့က Underground ဆိုတော့ နှစ်မျိုး ရှိပါတယ်။ ကျနော်တို့က စိုက်တွင်းတွေ တူးပြီးတော့ အောက်မှာ အကြောပါတဲ့ အခြေအနေရောက်တဲ့အချိန်မှာ Level တွေ ခွဲပြီးတော့ အပိုင်းတွေ ခွဲပြီးတော့ ရွှေထုတ်ယူပါတယ်။ ကျနော်တို့ဆီမှာတော့ စိုက်တွင်းတူးပြီးတော့ ထုတ်ယူတာပဲ ရှိပါတယ်။ တချို့ကတော့ တောင်ကမ်းပါးကနေ Tunnel ထိုးပြီးတော့ အဲဒီကနေ အကြောကို ထုတ်ယူတာလည်း ရှိပါတယ်။ ကျနော်တို့ကတော့ စိုက်တွင်းနဲ့ပဲ ထုတ်ယူတာ ရှိပါတယ်။ ကျနော်တို့ကတော့ အဓိကတော့ ကျောက်ရွှေ၊ အပြင်အရပ်အခေါ်နဲ့ ပြောရင် ကျောက်ရွှေ တူးတာပါ။ ကျောက်ရွှေတူးတော့ မြေပြင်ကနေ ပေ (၁၅၀) လောက် ရောက်သွားတော့ oxidized zone လို့ခေါ်တဲ့ ရွှေထုတ်လို့လွယ်တဲ့ဇုန်ပေါ့လေ။ အဲဒီအောက် ရောက်သွားပြီး ပေ (၂၀၀) ပတ်ဝန်းကျင် အောက်ရောက်သွားရင်တော့ sulfide zone ဆာလ်ဖိုက်ဇုန် ရောက်သွားပါပြီ။ ဆာလ်ဖိုက်ဇုန် ရောက်သွားတဲ့အတွက် ထုတ်ရတာလည်း ကုန်ကျစရိတ် များလာတယ်။ နောက်ပြီးတော့ ရွှေသန့်စင်ဖို့လည်း ကနု်ကျစရိတ် များ လာတယ်။

မေး ။ ။ ဆိုတော့ တူးဖော်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် မပျက်အောင် ဘာတွေလုပ်ထားပါလဲ။

ဖြေ ။ ။ ကျနော်တို့က Underground မှာ (၄) ပေ ပတ်လည်ကျင်းပဲ အောက်ကို ဆင်းသွားတဲ့အတွက် ဘေးပတ်ဝန်းကျင်က မြေတွေက ပျက်ဆီးမှု မရှိဘူး။ အပေါ်ယံမြေဆီလွှာ ပျက်ဆီးမှု မရှိဘူး။ အောက်ကိုပဲ ဆင်းသွားတဲ့အတွက် ထွက်လာတဲ့ မြေစာကလည်း နည်းပါတယ်။ နောက်ပြီးတော့ ထွက်လာတဲ့ ကျောက်တွေဆိုတာလည်း အရပ်ဘက်က လိုတယ်ဆိုရင်လဲ၊ သူတို့ အကူအညီ တောင်းခံရင်လဲ ကျေးရွာလမ်းတွေ၊ ခရိုင်လမ်းတွေအတွက် အကူအညီတောင်းခံရင်လဲ ပို့ပေးပါတယ်။ နောက်ပြီးတော့ မိုင်းတွင်းမှာ ကျနော်တို့အတွက် ဆက်သွယ်ရေး လမ်းကြောင်းတွေမှာလည်း ခင်းပါတယ်။ အဲဒီလောက်ပဲ ထွက်ပါတယ်။ အများအပြားတော့ မထွက်ပါဘူး။

မေး ။ ။ ကျောက်တွေ သန့်စင်တဲ့အခါ ဘာနည်းတွေ သုံးပါလဲ။

ဖြေ ။ ။ ကျောက်တွေကို Crashing ပေါ့။ Jaw crusher နဲ့ ခွဲတယ်။ ကြိတ်ခွဲပြီးတော့ သူ့ရဲ့ Size Limit လျှော့သွားပြီးတော့ နောက်မှာ အဆင့်ဆင့် နောက်ဆုံးတော့ ball mill ကို ရောက်သွားတယ်။ ရောက်ပြီးတော့ အရင်တုန်းကတော့ ကျနော် သိမှီ သလောက် ဆိုရင်တော့ Gravity Method ခေါ်တဲ့ Jig တို့ table တို့ Cyclone တို့ အဲဒါတွေ ဖြတ်ပြီးရင်တော့ နောက်မှ ကျန်တဲ့ဟာကို Floatation cell ထဲသွားပါတယ်။ အမြုပ်ဖော် သန့်စင်တဲ့ နည်းနဲ့ သန့်စင်ကြတာ များပါတယ်။

မေး ။ ။ ကြိတ်ခွဲပြီးတော့ အမြုပ်ဖော် သန့်စင်မှုတွေ လုပ်တယ်။ လုပ်တဲ့အခါမှာ ဘယ်နေရာတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနိုင်လဲ။

ဖြေ ။ ။ ဘယ်နေရာတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိသလဲဆိုရင် စွန့်ပစ်ရေကို သေချာ tailing pond လှောင်ကန်တွေနဲ့ လှောင်ထားနိုင်ရင်တော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုက မရှိပါဘူး။ အများအပြား မရှိပါဘူး။ ဒါပေမဲ့ အဲဒီလို လှောင်ကန်တွေ သေချာမရှိဘူးဆိုရင်။ ဒါမှမဟုတ် လျှံကျခဲ့မယ်ဆိုရင် ဘေးပတ်ဝန်းကျင် ချောင်းတွေ၊ မြောင်းတွေထဲရောက်သွားရင်တော့ ထိုက်သင့်သလောက်တော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါတယ်။ အဲဒီမှာတော့ သုံးရတဲ့ Chemical agent တွက လေးငါးခြောက်မျိုးလောက် ရှိပါတယ်။ လေးငါးခြောက်မျိုးလောက် ရှိတဲ့အတွက် တချို့ဟာတွေက ကြေပျက်လွယ်တဲ့၊ ပျက်ဆီးလွယ်တဲ့ အနေအထားမျိုးမှာ မရှိတဲ့အတွက် အဲဒီအတိုင်းပဲ ရှိတဲ့အတွက် ရေထဲမျောသွားရင် ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ဟာမျိုးတွေ ဖြစ်ပါတယ်။ ရေတွေ အရောင်ပြောင်းသွားတာတို့၊ အပင်တွေ နွမ်းသွားတို့တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သက်တမ်း တလျှောက်မှာတော့ သိပ်မတွေ့ဖူးပါဘူး။

မေး ။ ။ ဦးသင်းနိုင်ဦးကတော့ အင်ဂျင်နီယာလို့ သိရပါတယ်။ သတ္တုတွင်း အင်ဂျင်နီယာဆိုတော့ ဒီသတ္တုတွင်းလောကမှာ မြန်မာနိုင်ငံက သတ္တုတွင်းတွေ တူးဖော်နေတဲ့ နေရာမှာ ဒီလိုပညာရှင်တွေကို အသုံးပြုတဲ့ အနေအထားကို ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ ပညာရှင်တွေ သုံးဖို့ဆိုတာ ကျနော်တို့ အခုတူးတဲ့နေရာက အရပ်သား အခေါ်အဝေါ်ဆိုရင်တော့ ကျောက်ရွှေလို့ ခေါ်ပါတယ်။ ကျနော်တို့ Primary Source ကို တူးတယ်လို့လည်း ပြောလို့ရပါတယ်။ အဲဒီလို တူးတဲ့နေရာမှာတော့ သက်တမ်းကြာကြာ တူးမယ်ဆိုရင်တော့ သတ္တုတွင်းနဲ့ ပတ်သက်တဲ့ အင်ဂျင်နီယာပါတာ အကောင်းဆုံးပါ။ အဲဒီလို မဟုတ်ဘဲနဲ့ alluvial လို့ခေါ်တဲ့ ဗြုံးရွှေ ပေါ့လေ။ ရေစုပ်စက်နဲ့ ဗြုံးစုပ်စက်နဲ့ စုပ်တင်မယ်။ မျောလောင်းမယ်ဆိုရင်တော့ အင်ဂျင်နီယာ မလိုဘဲနဲ့ လုပ်လို့တော့ ရပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာ အသုံးမပြုဘူးဆိုရင်တော့ အဲဒီဟာက ပတ်ဝန်းကျင် ပျက်ဆီးမှု များပြားမယ့်အနေအထား ရှိပါတယ်။ နောက်ပြီးတော့ ကန်တွေ၊ ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေထဲမှာ နှုန်းအနယ် ပို့ချမှုလည်း များြ ပားလာနိုင်ပါတယ်။ အဲဒီအတွက် အင်ဂျင်နီယာပါရင်တော့ ပိုကောင်းပါတယ်။ အင်ဂျင်နီယာပါပြီးတော့ အဲဒီအတွက် Plan ပေါ့လေ။ Mine Design ခေါ်တာပေါ့။ Open pit design လည်း ခေါ်ပါတယ်။ alluvial တွေမှာ လုပ်တဲ့ Design လည်း ရှိပါတယ်။ အဲဒါတွေအတိုင်း သွားနိုင်ရင်တော့ ကောင်းပါတယ်။

မေး ။ ။ သတ္တုတွင်း လုပ်ငန်းမှာ လိုအပ်နေတဲ့ အရာတွေကို အင်ဂျင်နီယာ တယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ။ သတ္တုတွင်းလုပ်ငန်းအတွက် လိုအပ်နေတဲ့ အရာတွေ။

ဖြေ ။ ။ သတ္တုတွင်းအတွက် လိုအပ်နေတဲ့ လုပ်ငန်းတွေကတော့ မူဝါဒရေးရာအပိုင်းနဲ့ လက်တွေ့လုပ်ဆောင်တဲ့ အရေးအရာအပိုင်း၊ ကြီးကြပ်တဲ့အပိုင်းတွေမှာ အင်ဂျင်နီယာ အများအပြားနဲ့ တက်ကျွမ်းတဲ့၊ နားလည်တဲ့ ပုဂ္ဂိုလ်တွေ ပါရင်တော့ အကောင်းဆုံးပါ။ အဲဒါမှ တိုင်းပြည်အတွက် အကျိုးရှိဆုံး အဖြေတွေ ထွက်လာနိုင်မှာပါ။

မေး ။ ။ ဥပမာလေးထားပြီး ပြောပြပေးလို့ ရပါလား။

ဖြေ ။ ။ ဥပမာဆိုရင်တော့ ကျနော်တို့ သတ္တုတွင်းတခု တူးဖော်ခွင့်ရတယ်ဆိုရင် အရင်ကတော့ အကြမ်းဖျဉ်းအားဖြင့် မြေပေါ်မြေအောက် တူးနိုင်သည်ဆိုပြီးတော့ သူတို့က ခွင့်ပြုပေးလိုက်တယ်။ အဲဒီတော့ နောက် ခွင့်ပြုမယ့်ဟာတွေဆိုရင် မြေအောက် တူးမလား။ မြေပေါ်တူးမလား။ မြေအောက်တူးတယ်ဆိုရင်လဲ မြေအောက်နဲ့ ပတ်သက်တဲ့ Design တွေ၊ Data တွေ။ မြေပေါ်တူးမယ်ဆိုရင်လဲ မြေပေါ်နဲ့ ပတ်သက်တဲ့ Design တွေ၊ Data တွေ။ နောက် ပတ်ဝန်းကျင်အတွက် ထိရောက်မယ့် ကောင်းကျိုးဆိုးကျိုးတွေ။ ပတ်ဝန်းကျင် လူနေမှုဘဝတွေကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေ - အဲဒါတွေကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ရင်တော့ ပိုကောင်းပါတ ယ်။ အဲဒီတော့ အင်ဂျင်နီယာတွေ သုံးရင် ပိုကောင်းပါတယ်။

မေး ။ ။ ကျမ သိတာကတော့ ဖားကန့်မှာ Mine Design လို့ခေါ်တဲ့ Plan စီမံကိန်း ချပြီးတော့ တူးတာမျိုး မရှိတဲ့အတွက် ဖားကန့်ဒေသကြီးက တော်တော် ပျက်စီး သွားတယ်လို့ သိထားပါတယ်။ ဆိုတော့ အခု ကောလင်း၊ ဝန်သိုတို့ဘက်က တကယ် ရွှေထွက်တဲ့ သတ္တုသိုက်တွေလည်း အများကြီးရှိနေတယ်။ ကြီးကြီးမားမား ရှိနေတယ်ဆိုတာလဲ အကုန်သိထားပါတယ်။ ဆိုတော့ ဒီနေရာမျိုးမှာ ပတ်ဝန်းကျင် မပျက်စီးအောင်နဲ့ နိုင်ငံအတွက် အကျိုးရှိအောင် ဘာတွေ လုပ်သင့် သလဲဆိုတာကို နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ပတ်ဝန်းကျင် မပျက်ဆီးအောင် သူတို့ဘက်ကတော့ တော်တော်လေး ENP, EIA, SIA, HIA - ဒါတွေကတော့ သူတို့ စီမံချက်ချပြီးတော့ ကုမ္ပဏီကို လုပ်ခိုင်းပြီးတော့မှ လုပ်ဆောင်နေပါတယ်။ နောက်ပြီးတော့ သစ်ပင်တွေ စိုက်ပျိုးဖို့၊ စိုက်ပျိုးပြီး သစ်ပင်တွေ ဘယ်လောက်အောင်မြင်ဖို့၊ သစ်ပင်တွေကို ဂရုတစိုက် ရှိဖို့နဲ့ ပျိုးခြံတွေ တည်ထောင်ပြီးတော့ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေအောင်လုပ်ဖို့ လမ်းညွှန်ချက်တွေ ပို့နေပါပြီ။ ကုမ္ပဏီတော်တော်များများလည်း လိုက်နာလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဖားကန့်လိုဟာမျိုးကတော့ Mine Design ရှိသလား၊ မရှိသလား သေချာမသိပေမယ့် ကြည့်ရတဲ့ပုံကတော့ Mine Design မရှိလို့ ဖြစ်တဲ့ဟာမျိုးလို့ပဲ ကျနော် ယူဆမိပါတယ်။

မေး ။ ။ အခု ဒီဒေသမှာ ထာဝရကုမ္ပဏီအနေနဲ့ ကျွန်းတွေ အများကြီး စိုက်ထားတယ်။ ဆိုတော့ ဒီ ကျွန်းစိုက်ခင်းတွေက အခုလက်ရှိ အနေအထားမှာ ဘယ်လို ရှိပါလဲ။

ဖြေ ။ ။ ကျွန်းစိုက်ခင်းတွေက ကျွန်းပင်ရဲ့ ပျိုးပင်ကိုက ပျိုးပင်ပေါက်ကိုက ငါးရာလောက် တန်းဖိုးရှိတဲ့အတွက် စနစ်တကျ၊ ငွေကြေးဆုံးရှုံးမှုမရှိအောင် အပင်တွေ စိုက်ပျိုးအောင်မြင်အောင် အတွက် စိုက်ကတည်းက သေချာဂရုတစိုက်၊ နည်းစနစ်မှန်မှန်နဲ့ သစ်တောဌာနက တောအုပ်၊ တောခေါင်းတွေရဲ့ အကူအညီယူပြီးတော့၊ သူတို့ဆီက နည်းစံနစ်ယူပြီးတော့ ကျနော်တို့ စနစ်တကျ ပြုစုပျိုးထောင်ထားတာ ဖြစ်တဲ့အတွက် စိုက်ပြီးသမျှအားလုံးက ကောင်းပါတယ်။

ရွှတူးဖော်ရာမှာ အခုလို မူလသိုက်က ကျောက်ရွှေကို ဝန်းကျင်ပျက်ဆီးမှု နည်းအောင် ကြိုးစားပြီး ထုတ်လုပ်နေတယ် ဆိုပေမယ့် ဒေသတွင်း မြစ်ချောင်းတွေထဲက ရွှေကို ထုတ်ယူရာမှာ ပတ်ဝန်းကျင် ထိခိုက်မှုေ တွ ရှိနေသလို၊ ကျောက်ပုထိုး ရွှေသန့်စင် စက်ရုံရှိရာ မြောက်ပိုင်းဒေသမှာလည်း ထိခိုက်ပျက်ဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။