ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်ဖို့ဆိုရင် မြန်မာ့ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ခေါ်တဲ့ ၂၀၁၆ Youth Leadership Program - လူငယ်ခေါင်းဆောင်မှု မြှင့်တင်ရေးသင်တန်းကို မြန်မာပြည်ကိုယ်စားပြု တက်ရောက်လာတဲ့ ကျောင်းသူနှစ်ဦးက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစလို့ မေလ (၁) ရက်နေ့အထိ တစ်လကြာတဲ့ ဒီအစီအစဉ်မှာ အမေရိကန်လူငယ်တွေနဲ့ မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေက လူငယ်တွေကြား ယဉ်ကျေးမှုဖလှယ်တာ၊ လုပ်ငန်းတွေကို ဘယ်လို ဖော်ဆောင်မလဲဆိုတဲ့ အပိုင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီ လူငယ်ခေါင်းဆောင်မှုသင်တန်းကို တက်ရောက်လာတဲ့ မခင်ရွှေဇင်ဦး နဲ့ မစူဇမ်ဝင်းလတ် တို့ကို ကိုဉာဏ်ဝင်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ မခင်ရွှေဇင်ဦး၊ မစူဇမ်ဝင်းလတ် … အခုလို VOA ကို လာရောက်ပြီး ကျနော်တို့ကို တွေ့ဆုံမေးမြန်းခွင့်ပြုတာ ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး သိချင်တာက အမေရိကန်ပြည်ထောင်စုကို Youth Leadership Program အတွက် လာတယ်လို့ သိရပါတယ်။ အဲဒီတော့ ဒီမှာရောက်ရှိနေတဲ့ အတောအတွင်းမှာ ဘာတွေကို ဆောင်ရွက်ရပါလဲ။ မခင်ရွှေဇင်ဦးက အရင်ပြောပြပေးပါ။
မခင်ရွှေဇင်ဦး ။ ။ ကျမတို့အနေနဲ့ အခုလာရတဲ့ ရည်ရွယ်ချက်ကတော့ Youth Leadership Program - ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်တဲ့ သင်တန်းကို လာတက်ရတာပါ။ အဲဒီတော့ ဒီမှာ ဘာလေ့လာရသလဲဆိုတော့ အများကြီးပဲ။ ကိုယ်ထင်မှတ်မထားတဲ့ဟာတွေ အများကြီးကို လေ့လာခဲ့ရပါတယ်။ အခု ဒီ program ထဲမှာလည်း သမီး အကြိုက်ဆုံး program ကို ပြောရမယ်ဆိုရင် Diplomatic Section အရမ်းမိုက်တယ်။ တခါမှ အဲဒီလို ဘဝမှာ မသင်ဖူးဘူး။ သံတမန်နည်းလမ်းတကျ ကိစ္စတခု ဖြစ်လာရင် ဖြေရှင်းမလဲဆိုတဲ့ဟာမျိုး။ အဲဒါ တော်တော်ကို မိုက်တဲ့ program. အဲဒါထည့်ပေးတာကို အရမ်းကျေးဇူးတင်တယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ မစူဇမ်ဝင်းလတ်ရဲ့ အတွေ့အကြုံလည်း ပြောပြပါ။
မစူဇမ်ဝင်းလတ် ။ ။ သမီးအနေနဲ့ ဒီ program ကို ရည်ရွယ်ချက်ရှိရှိ လျှောက်ခဲ့တာပါ။ ရသွားတော့လည်း တော်တော်လေး ပျော်မိပါတယ်။ ဒီကို ရောက်လာတော့ ကိုယ်မထင်မှတ်ထားတာလေးတွေနဲ့ ကိုယ်တွက်ထားတာလေးတွေတော့ ဖြစ်လိမ့်မယ်လို့ ထင်ထားတာလေးတွေလည်း ဖြစ်ခဲ့ပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ ဥပမာ ဘယ်လိုဟာမျိုးလဲ။
မစူဇမ်ဝင်းလတ် ။ ။ ဥပမာအားဖြင့် ဒီကလူတွေအကြောင်း။ သူတို့ Student’s life အကြောင်း။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒါက အမေရိကန်ကျောင်းသားတွေရဲ့ ဘဝကို ပြောချင်တာလား။
မစူဇမ်ဝင်းလတ် ။ ။ ဟုတ်ကဲ့ရှင့်။ အရင်တုန်းက ပေါ့ပေါ့ပါးပါးလို့ နေမယ်ထင်တာ။ ဒါပေမဲ့ ဒီမှာ တကယ်ရောက်လာတဲ့ အခါကြတော့ မြန်မာနိုင်ငံနဲ့ တအားကွာနေတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာ Music နဲ့ Sport ကို လုံးဝအားမပေးဘဲနဲ့ ဒီမှာက Music နဲ့ Sport ကို တအား အားပေးပြီးတော့ လူတိုင်းက လိုက်စားနေတော့ သမီးအနေနဲ့ တအားလည်း နည်းနည်းဝမ်းသာမိပေမယ့်၊ မြန်မာနိုင်ငံအတွက် ပြန်စဉ်းစားရင်လည်း ဝမ်းနည်းမိတယ်။ ဒါလေးတွေက ကိုယ်မထင်မှတ်ထားတာလေးတွေ ဖြစ်လာတယ့်ပုံစံမျိုးပေါ့။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ ဒီ Youth Leadership Program က ဘယ်နှစ်ကြိမ်မြောက် ဖိတ်ခေါ်တာလဲ။
မခင်ရွှေဇင်ဦး ။ ။ ဒါက (၉) ကြိမ်မြောက်လို့ သိရတယ်။ အာဆီယံ (၁၀) နိုင်ငံက တနိုင်ငံက (၆) ယောက်စီ ခေါ်လိုက်တာဆိုတော့ အကုန်လုံး အယောက် (၆၀) ပေါ့။ Culture Exchange Program လည်း ဖြစ်တယ်။ သမီးတို့က American Culture တခုထဲ လေ့လာတာ မဟုတ်ဘူး။ အာဆီယံ (၁၀) နိုင်ငံလုံးမှာရှိတဲ့ လူတွေ အကုန်လုံးရဲ့ Culture တွေကိုပါ လေ့လာပြီးတော့ သူတို့နဲ့ Exchange လုပ်ရတာပေါ့။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ မခင်ရွှေဇင်ဦးအတွက်က လက်တွေ့မှာ ဘယ်လို အသုံးတည့်မယ် ထင်ပါလဲ။
မခင်ရွှေဇင်ဦး ။ ။ လက်တွေ့မှာ နိုင်ငံတနိုင်ငံထဲမှာ Community တခုမှာ တနေရာ ဖြစ်လာပြီဆိုရင် ဘယ်လို Organize လုပ်မလဲ။ Manage လုပ်မလဲဆိုတဲ့ဟာမျိုး၊ လုံးဝ Apply ပြန်လုပ်လို့ရတယ့် ပုံစံ။ ပြဿနာတခု ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ Situation က ဘယ်နေရာမှာ ရှိမလဲဆိုတာမျိုး ကိုယ့်ဟာကိုယ် စဉ်းစားလို့ရတယ်။ ကိုယ်က ဒီပြင်နေရာမှာဆိုရင် ဘယ်လို လုပ်မလဲ။ အဲဒီလို စဉ်းစားရတာ အရမ်းအဆင်ပြေတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ မစူဇမ်ဝင်းလတ်အနေနဲ့ မြန်မာနိုင်ငံအတွက် ဘယ်လို အကျိုးဖြစ်ထွန်းစေမယ်လို့ တွေးမိလဲ။
မစူဇမ်ဝင်းလတ် ။ ။ သမီးအနေနဲ့တော့ အများကြီး အကျိုးပြုမယ်လို့ ထင်ပါတယ်။ ဒီကနေ ရလာတဲ့ ပညာတွေနဲ့ ကိုယ့်နိုင်ငံကို ဘယ်လောက် အထောက်အပံ့လုပ်ပေးမလဲဆိုတဲ့ Civic Action Plan ဆိုတာ လုပ်ပေးရတယ်။ လုပ်ရတယ်။ အဲဒီတော့ သမီးတို့ မြန်မာနိုင်ငံက ပါလာတာက (၆) ယောက်။ အဲဒီတော့ သမီးတို့ (၆) ယောက်အနေနဲ့ ဘာ Program လုပ်ဖို့ စဉ်းစားထားသလဲဆိုတော့ Tea Shop မြန်မာနိုင်ငံမှာ လူအများ သိကြတဲ့အတိုင်း လဖက်ရည်ဆိုင် တော်တော်များပါတယ်။ အသက်မပြည့်ဘဲနဲ့ အလုပ်လုပ်နေတဲ့ ကလေးငယ်လေးတွေ။ စားဝတ်နေရေးအတွက် အလုပ်လုပ်နေတဲ့ ကလေးတွေအတွက် သမီးတို့ ကူညီပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒီ Program ကနေ ရလာတဲ့ Plan, Idea ..
ကိုဉာဏ်ဝင်းအောင် ။ ။ ဒီနေရာမှာ သူတို့ မိသားစုအတွက် ဝင်ငွေရှာနေတဲ့ ကလေးတွေကို ပညာရေးအစီအစဉ် သွားလုပ်ပေးခြင်းအားဖြင့် သူတို့ မိသားစုအတွက် ဝင်ငွေဝင်လမ်းကို မထိခိုက်စေဘူးလား။
မစူဇမ်ဝင်းလတ် ။ ။ ဒါကတော့ တကယ် စဉ်းစားကြည့်မယ်ဆိုရင် ထိခိုက်နိုင်ပါတယ်။ အဲဒီတော့ သမီးတို့က ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆင်တူအင်္ကျီတွေ သမီးတို့ SEAYLP ကနေ ရထားပြီးဖြစ်တဲ့အတွက် SEAYLP ဝတ်စုံဖြစ်စေ၊ Motivation ဖြစ်စေမယ့်၊ စိတ်ဓါတ်ခွန်အားဖြစ်စေတဲ့ စာသားတွေပါတဲ့ အင်္ကျ ီမျိုး ဝတ်ပြီးတော့ ကူပြီး အလုပ်လုပ်ပေးမယ်။ သူတို့နေရာမှာ ဝင်ပြီး အလုပ်လုပ်ပေးတာ ဖြစ်တဲ့အတွက် လူစားထိုးလိုက်သလို ဖြစ်သွားပါတယ်။ အဲဒီတော့ ကလေး (၅) ယောက်ရှိရင် ကလေး (၅) ယောက်ကို လဖက်ရည်ဆိုင်ထဲက ထုတ်ပြီးတော့ အဲဒီနေရာကို သမီးတို့က ဝင်မှာပါ။ ရလာတဲ့ ပိုက်ဆံ Daily Income ပိုက်ဆံကို သမီးတို့ မယူပါဘူး။ အခုန ကလေးတွေကို ပြန်ပေးမှာပါ။ သူတို့အနေနဲ့ မထိခိုက်ဘူး။ တခါ ဒီ Program ကနေတဆင့် ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်ကို Supportive လုပ်ဖို့အတွက် အထောက်အပံ့ပေးထားတဲ့ US ဒေါ်လာ (၇၅၀) လည်း ရှိပါတယ်။ သမီးတို့ ဒီပိုက်ဆံကိုလည်း ကောင်းကောင်းလေး အသုံးချဖို့ လိုအပ်မယ်လို့ အများကြီး မျှော်လင့်ပါတယ်။ အသုံးချမှာလည်း တကယ်ပါ။
ကိုဉာဏ်ဝင်းအောင် ။ ။ ကလေးတွေကို ဘယ်လိုမျိုး လုပ်ပေးမှာလဲ။
မခင်ရွှေဇင်ဦး ။ ။ သမီးတို့ အခုအနေနဲ့ စဉ်းစားထားတာကတော့ ပထမဆုံးတော့ သူတို့အတွက် ABCD, ကခဂဃင … ဒါကတော့ အခြေခံပေါ့။ သူတို့ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ် လာအောင်ပေါ့။ နောက်တခု ဒုတိယအနေနဲ့ English ကို လုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒါကတော့ Volunteer အများကြီးလိုတဲ့ ကိစ္စလည်း ဟုတ်ပါတယ်။ သမီးတို့ (၅) ယောက်၊ (၆) ယောက်ထဲနဲ့ လုပ်လို့ရတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ အဲဒီတော့ သမီးအနေနဲ့ အခု တောင်းဆိုချင်တာက ဒီ Program ကို ဒီကနေ ပြန်ပြန်ချင်း စပြီးတော့ အကောင်အထည် ဖော်တော့မှာပါ။ အဲဒီတော့ VOA ကနေ သမီးတို့ကို ဒီလို Platform တခု ပေးလိုက်တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒီကနေ ပြောချင်တာက Volunteer ကိစ္စတွေကို သမီးတို့ကို ကူညီပြီးတော့ လုပ်ပေးဖို့ပါ။ ဒါက တခုတည်း လုပ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ သမီးတို့ စလုပ်လိုက်ရင် နောက်ကဟာတွေ လိုက်လာမယ်လို့ မျှော်လင့်ပါတယ်။ စကားပုံရှိပါတယ်။ တယောက်စလုပ်ရင် နောက်ကလိုက်လာမယ်လို့ ပြောချင်တာပါ။ သမီးအနေနဲ့ Volunteer ကို အများကြီး မျှော်လင့်မိပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာကော ကိုယ်လုပ်ချင်တာကို ဝိုင်းကူပြီးတော့ လုပ်မယ်လို့ မျှော်လင့်တာလား။
မစူဇမ်ဝင်းလတ် ။ ။ သမီးအနေနဲ့ အများကြီး မျှော်လင့်မိပါတယ်။ မဖြစ်လာခဲ့ရင်တောင်မှ အခု ကျောင်းတက်နေတဲ့ သမီးရဲ့ သူငယ်ချင်း Classmates, Roommates တွေနဲ့စပြီး လုပ်ဖို့ မျှော်လင့်ပါတယ်။ နောက်ပိုင်းတော့ အများကြီး လိုက်လာမယ်လို့ သမီး တကယ် မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာက ဘယ်လို ဖြစ်နေသလဲဆိုတော့ အင်္ဂလိပ်စာက သူငယ်တန်းကလေးက တက်လာတာ ဖြစ်ပေမယ့် သူများနဲ့ ယှဉ်လိုက်ရင် ဘာလို့ မပြောနိုင်လဲဆိုတဲ့ကိစ္စ အများကြီး ရှိပါတယ်။ ကိုယ်က ရဲရဲဝံ့ဝံ့ မပြောနိုင်တာတခုကို သမီးတို့အနေနဲ့ ဖျောက်ပေးဖို့လည်း အစီအစဉ် ရှိပါတယ်။ ဒီ Youth အနေနဲ့က မြန်မာနိုင်ငံမှာ လူငယ်တွေ တအားတော်ပါတယ်။ မတော်တာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီ Scholarship အနေနဲ့ Supportive တခု ပေးလိုက်သလို ဖြစ်သွားတဲ့အတွက် သမီးတို့အတွက် အများကြီး အသုံးဝင်ပါတယ်။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ အခုလာတဲ့ သင်တန်းအစီအစဉ်မှာ မြန်မာနဲ့ အာဆီယံ လူငယ်ခေါင်းဆောင်တွေ ဘယ်လို ကွာခြားချက်တွေကို အထူးမြင်ရလဲ။
မခင်ရွှေဇင်ဦး ။ ။ သမီးအနေနဲ့ ပြောရမယ်ဆိုရင် အရမ်းကို ကွာပါတယ်။ ထင်လဲ ထင်မှတ်မထားဘူး။ အာဆီယံနိုင်ငံတွေ အဲဒီလောက် တော်မယ်ဆိုပြီးတော့။ အခုက ရှေ့ကပြေးတာက စင်္ကာပူ။ သူကတော့ ထည့်ပြောစရာ မလိုပါဘူး။ အကုန်လုံး သိတယ်၊ ကောင်းတယ်။ နောက်ပြီးတော့ ဘရူးနိုင်း၊ ပြီးတော့ ထိုင်း။ သမီးက Education System ကို အဓိက ကြည့်တာ။ တော်မတော်ဘူးဆိုတာ။ ကလေးတွေက ဘယ်လောက် Smart ဖြစ်သလဲဆိုရင် Critical Thinking ... ကိစ္စတခုခုကို ဖြန့်တွေးနိုင်တယ်။ သမီးတို့ မြန်မာနိုင်ငံ Education System က ဘယ်လို ဖြစ်နေသလဲဆိုရင် အကုန်လုံး သိတဲ့အတိုင်း ဒါဆိုရင် ဒါကြည့်ဒါကျက်။ ကလေးတွေကို တွေးတတ်အောင်လည်း မသင်ပေးဘူး။ ကလေးတွေက တွေးလည်း မတွေးနိုင်ဘူး။ ဆရာက ဒါဆိုရင် ဒါပဲ။ အကုန်လုံး သိပါတယ် Essay တွေ၊ ဘာတွေကအစ ဘယ်သူကမှ ကိုယ့်ဘာသာကိုယ် မရေးနိုင်ကြဘူး။ ဒါက ဒီ System ကြီး တခုကြောင့် ဖြစ်တာ။ မျှော်လင့်မိပါတယ်။ အခု အမေစုကလည်း နိုင်ငံရဲ့ခေါင်းဆောင်။ ဒီ System ကြီး တခုလုံးကို ပြောင်းလဲမယ်လို့လည်း တကယ် မျှော်လင့်မိပါတယ်။ တခုက နိုင်ငံကို ပြောင်းလဲစေချင်ရင် ပညာရေးကောင်းမှ ပြောင်းလဲလို့ရတာ။ သမီး Strongly believe ဖြစ်တဲ့ဟာကို ပြောပြတာ။ ပညာရေး မကောင်းလို့ရှိရင် အဆင်မပြေဘူး။ ဘာဖြစ်လို့ သူများနိုင်ငံတွေက သာလဲလို့ ကြည့်ရင် သူများနိုင်ငံတွေက ပညာရေးစနစ်ကောင်းတယ်။ အရမ်း Support လုပ်ပေးတာ။
ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ မခင်ရွှေဇင်ဦး ကို မေးချင်တာက ဒီ အာဆီယံ (၁၀) နိုင်ငံက လူငယ်ခေါင်းဆောင်လေးတွေနဲ့ တွေ့တဲ့အခါမှာ မြန်မာနိုင်ငံအတွက် လူငယ်တွေအကြားမှာ ဘာတွေ ဖြည့်ဆည်းပေးဖို့ လိုအပ်နေတယ်လို့ အတွေးဝင်မိလဲ။
မခင်ရွှေဇင်ဦး ။ ။ အဲဒါကို ပြန်ပြောရမယ်ဆိုရင်တော့ လူငယ်တွေအတွက်ဆိုရင်တော့ Education ပေါ့။ မြန်မာနိုင်ငံက ကြည့်ကြည့်လိုက်တာ သမီးတို့အပါအဝင် ကလေးတွေ အမြင်မကျယ်ကြဘူး ဖြစ်နေတယ်။ အဲဒါက နိုင်ငံနဲ့လဲ ဆိုင်တာပေါ့။ သမီးတို့နိုင်ငံက တအားကို အောက်ရောက်နေတယ်။ အာဆီယံနိုင်ငံ (၁၀) နိုင်ငံကို ရေကြည့်လိုက်ရင် သမီးတို့နိုင်ငံက အနောက်က ရေလို့ရှိရင် (၃) နိုင်ငံလောက်မှာ ရှိနေတယ်။ ကိုယ့်နောက်မှ နှစ်နိုင်ငံလောက်ပဲ ရှိတော့တယ်။ အရမ်းအောက်ကျတာဆိုတော့။ နိုင်ငံက မတိုးတက်တာကြတော့ တခုခုဆိုရင် ဘာမှ မသိဘူး။ အဲဒီလို ဖြစ်နေတာ။
ကိုဉာဏ်ဝင်းအောင် ။ ။ မသိဘူးဆိုတာ သတင်းအချက်အလက်ပေါ် ဆိုင်တာလား။ ဘယ်လိုမျိုးလဲ။
မခင်ရွှေဇင်ဦး ။ ။ ဟုတ်တယ်။ နည်းပညာပိုင်းမှာလည်း အရမ်း အားနည်းတယ်။ အခုနောက်ပိုင်းတော့ ဖုန်းတွေ ပေါသွားတာ ကျေးဇူးတင်ရမလား မသိဘူး။ တော်တော်များများကတော့ သုံးပြီး၊ ဒါပေမဲ့ Facebook တွေ၊ ဘာတွေ သုံးတာကလဲ ကောင်းတဲ့ဖက်က သုံးရင်တော့ ကောင်းတာပေါ့။ Chatting လောက်ဆိုရင်တော့ ဘာမှ ဖြစ်မလာဘူး။ အခု ဒီမှာဆို ဘာတွေသလဲဆိုတော့ ကိုယ်ဟာနဲ့ကိုယ် ကိုယ်ထူကိုယ်ထ လုပ်ရတယ်။ အခု သမီးတို့ ဝါရှင်တန်ဒီစီ ရောက်လာတယ်။ Metro စီးတာ ကိုယ့်ဟာနဲ့ကိုယ် စီးရတယ်။ ဒီမှာ Technology က အရမ်း အသုံးဝင်သွားပြီ။ ဒီနေရာကို ဘယ်လို သွားမလဲ။ ဘယ်လို ရှာမလဲ။ ဘာညာဆိုတော့။ အဲဒီတော့ ဒီပြင် Students တွေအနေနဲ့ သူတို့အတွက် လွယ်ရင်လွယ်မယ်။ သမီးတို့အတွက် ခက်တယ်။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာ။ ဘာဖြစ်လို့ အဲဒီလို ကွာသွားသလဲဆိုတော့ အဓိက ပညာရေးစနစ်ကြောင့်ပဲ။
ကိုဉာဏ်ဝင်းအောင် ။ ။ မစူဇမ်ဝင်းလတ် ပြောပါအုံး။
မခင်ရွှေဇင်ဦး ။ ။ သမီးအနေနဲ့ အမကို ထပ်ဖြည့်ပြောချင်တာက လူတွေအနေနဲ့ ပညာရေးမကောင်းလို့ ကိုယ်ကောင်းစရာ မလိုဘူးဆိုတဲ့ အတွေးမျိုးတော့ လုံးဝမဝင်စေချင်ပါဘူး။ ပညာရေး မကောင်းတာကတော့ ကိုယ့်နိုင်ငံရဲ့ တကဏ္ဍပေါ့။ အမေစုလည်း တက်လာပြီဆိုတော့ အများကြီး မျှော်လင့်မိပါတယ်။ ကျောင်းသူကျောင်းသားဖြစ်တော့ ပိုပြီးမျှော်လင့်မိတာပေါ့။ သမီးအနေနဲ့ ထပ်ပြောချင်တာက ကျောင်းသူကျောင်းသာတွေအနေနဲ့ ကိုယ့်ရဲ့ University, ကိုယ့်ရဲ့ ကျောင်းမှာ ကိုယ့်ရဲ့ စာသင်ခုံ၊ စာသင်ခန်းထဲမှာပဲ သွားပြီး မထိုင်နေဖို့ပါ။ University မှာ ဘာရှိလဲ။ ကျောင်းမှာ ဘာရှိလဲ။ သူများတွေ ဘာလုပ်နေလဲ။ ကိုယ်ဘာလုပ်ပေးရမလဲ။ အဲဒါတွေ တကယ် အသုံးဝင်ပါတယ်။ သမီးအနေနဲ့ အဲဒါတွေ လိုက်လုပ်ခဲ့တဲ့အတွက် အခုမှာ အများနဲ့ အလုပ်လုပ်တဲ့အခါ Teamwork ဆိုတဲ့ အများနဲ့ ဘယ်လို အလုပ်လုပ်ရမလဲဆိုတဲ့ ကိစ္စ တအားအသုံးဝင်လာတယ်။ အဲဒီလိုမျိုး ကျောင်းသူကျောင်းသားတွေအနေနဲ့ ဒါဆိုဒါပဲ မလုပ်ပေးဖို့၊ ကိုယ်တယောက်ထဲက စပြီးတော့ ပြောင်းလဲပေးဖို့။ တကယ်လို့ ဖြစ်နိုင်ရင် ကိုယ့်သူငယ်ချင်းတွေကိုပါ ဆွဲခေါ်ပေါ့။ ငါတို့ကျောင်းမှာ ဒါရှိတယ်။ နင်မပါချင်ဘူးလားပေါ့။ အဲဒီလိုမျိုး Motivation လုပ်ပြီးတော့ ဆွဲခေါ်စေချင်ပါတယ်။ ပညာရေး မကောင်းတာ သမီးတို့အားလုံးလည်း လက်ခံပါတယ်။ ဒါပေမဲ့ ဒါကိုပဲ အပြစ်ပုံချပြီး ကိုယ်က တိုးတက်ရာ၊ တိုးတက်ကြောင်း မရှာတော့ဘူးဆိုရင်တော့ ဒါက မဖြစ်သင့်ဘူးပေါ့။ သမီးအနေနဲ့ အဲဒါလေး ပြောချင်ပါတယ်ရှင့်။
မစူဇမ်ဝင်းလတ် ။ ။ နောက်တခု တွေ့တာလေး ထည့်ပြောချင်လို့။ မြန်မာနိုင်ငံက ကလေးတွေက သင်တဲ့စာတွေ အကုန်လုံးကို လက်တွေ့ဘဝမှာ အသုံးချလို့ မရဘူး ဖြစ်နေတယ်။ သမီးပြောချင်တဲ့ ပညာရေး မကောင်းဘူးဆိုတာ အဲဒါကို ပြောတာ။ လက်တွေ့ ပြန်ပြီး Apply ပြန်လုပ်လို့ မရဘူး။ အဲဒီ သင်လိုက်တဲ့ဟာတွေ အကုန်လုံးက။ အဲဒါလေး တခုပေါ့။
ကိုဉာဏ်ဝင်းအောင် ။ ။ မခင်ရွှေဇင်ဦး နဲ့ မစူဇမ်ဝင်းလတ်တို့ကို ကျနော်တို့ VOA က ကျေးဇူးအများကြီးတင်ပါတယ်။
မစူဇမ်ဝင်းလတ် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ သမီးတို့အနေနဲ့ ဒီကနေတဆင့် ပြောခွင့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
Your browser doesn’t support HTML5