ပြန်လည်ထုတ်လွှင့် -- ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့ ဖက်ဆက်လုပ်ကိုင်နေတဲ့ စကိုင်းတိုင်း၊ စလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေကို မေလ (၅) ရက်နေ့မှာ စတင်မယ်လို့ ကြေညာထားပါတယ်။ ဒီ စီမံကိန်းဟာ ဒေသခံပြည်သူတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို ရင်ဆိုင်နေရပြီး၊ ဒေသခံတွေရဲ့ မကျေနပ်ချက်တွေနဲ့ ပြည်သူ့အကျိုးစီးပွားဆန့်ကျင်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆာင်တဲ့ စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီး ပြင်ဆင်မှု ပြုလုပ်ထားတာပါ။ ဒီအကြောင်းကို လက်ပံတောင်းတောင်ဒေသကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း က သက်ဆိုင်သူများနဲ့ တွေ့ဆုံမေးမြန်း၊ သုံးသပ်တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေဟာ မေးခွန်းထုတ်စရာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒေါ်ခင်စန်းလှိုင် ။ ။ သူတို့ ဆောင်ရွက်ခဲ့တဲ့ အချက်တွေ၊ သူတို့ တင်ပြတဲ့အချက်တွေနဲ့ လက်ရှိ အခြေအနေတွေက အများကြီး ကွာခြားနေတယ်။ အဲဒီအထဲမှာ အဓိကအချက်ကတော့ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေလျော်ကြေးကိစ္စပါ။ လယ်ယာမြေလျော်ကြေးကိစ္စက ဒီကနေ့ ဒီအချိန်အထိ မရှင်းနိုင်ဘူး။ မရှင်းနိုင်တဲ့အခါကြတော့ ကျမတို့ ဒီဒေသမှာရှိတဲ့ လယ်သမားတွေက အခုအချိန်မှာဆို စိုက်ပျိုးလုပ်ကိုင်လို့လဲ မရတော့ဘူး။ လယ်တွေကလည်း ခြံစည်းရိုးခတ်တဲ့အထဲမှာ ပါသွားပြီ။ အဲဒီတော့ ဒီ မိသားစုတွေအနေနဲ့ အလုပ်အကိုင်တွေလည်း ဒီ စီမံကိန်းအတွင်းမှာ လုပ်ကိုင်လို့ မရဘူးဆိုတော့ ဒီဒေသမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို အစီရင်ခံစာမှာပါတဲ့အတိုင်း အကောင်အထည်ဖော်တဲ့ ကော်မတီအနေနဲ့ ဆောင်ရွက်ပေးထားပါတယ်ဆိုတဲ့ အချက်တွေက ဘာမှ ကိုက်ညီမှု မရှိဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဒီ မကျေနပ်မှုတွေအတွက် ဒေသခံလယ်သမားတွေက ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့ကပဲ ကြေးနီစီမံကိန်းရုံးရှေ့ကို သွားပြီး ဆန္ဒပြခဲ့ကြပါတယ်။ တုံရွာဒေသခံ လယ်သူမတဦးဖြစ်တဲ့ မစန္ဒာ က ..
မစန္ဒာ ။ ။ အဓိကတော့ ကျမတို့က သီးနံှလျော်ကြေးအတွက် အစီရင်ခံစာအတိုင်း လုပ်ဆောင်ပေးဖို့ ကော်မတီကို သွားပြီးတော့ တောင်းဆိုတယ်။ ဒါပေမဲ့ သူတို့က လုံထိန်းအင်အားတွေနဲ့ လမ်းကိုပိတ်စို့ပြီးတော့ ကျမတို့ ဒေသခံတွေကို တားဆီးတယ်။ ဖြေရှင်းလည်း မပေးဘူး။ တွေ့ဆုံညှိနှိုင်းခြင်းလည်း မရှိဘူး။ ပြီးတော့ကြတော့ သူတို့ ကုမ္ပဏီရှေ့ကို သွားတဲ့လူမှန်သမျှ၊ ဒေသခံမှန်သမျှကို ပုဒ်မတွေ ထုတ်ပါတယ်။ ဖမ်းဝရမ်းလည်း ထုတ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုတခေါက် ဆန္ဒပြတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီးကာလ ဖြစ်နေပေမယ့် ဆန္ဒပြပွဲတွေမှာ ကြားဝင်ဆောင်ရွက်ပေးမှု တစုံတရာ မရှိသေးဘူးလို့ မစန္ဒာက ပြောပါတယ်။
မစန္ဒာ ။ ။ အခုလောလောဆယ်တော့ ကျမတို့ ဒေသခံတွေ တောင်းဆိုတာတွေကို ကြားဝင်ညှိနှိုင်းတဲ့ အဖွဲ့အစည်းရယ်လို့ မရှိသေးဘူးပေါ့။ အခု နောက်တက်လာတဲ့ အစိုးရအနေနဲ့ ဒေသတင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ပါ ဘာတစုံတရာမှ ကော်မတီနဲ့ ဒေသခံကြားမှာ စေ့စပ်ညှိနှိုင်းပေးတာရယ်လို့ မရှိခဲ့ပါဘူးရှင့်။
ဦးသန်းလွင်ထွန်း ။ ။ နောက်ကော ရှိလာမယ်လို့ ယူဆပါလား။
မစန္ဒာ င် ။ ။ နောက်တော့ ရှိလာမယ်လို့တော့ ယူဆပါတယ်ရှင့်။
ဦးသန်းလွင်ထွန်း ။ ။ ဘယ်လို ပူးပေါင်းဆောင်ရွက်စေချင်လဲ။ ဘယ်လို ရှေ့ဆက်ပြီး ဘယ်လို သွားချင်လဲ။
မစန္ဒာ ။ ။ ရှေ့ဆက်ပြီး ဘယ်လို သွားစေချင်လဲဆိုတော့ အခု ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဥပဒေနဲ့ ဆန့်ကျင်တဲ့အလုပ်တွေပဲ ဖြစ်နေတယ်။ ဒေသခံတွေကို မတရားဖိနှိပ်တယ်။ အနိုင်ကျင့်တယ်ပေါ့။ မြေသိမ်းတယ်။ လူသတ်တယ်။ ဒေသခံတွေကို မတရား ညှဉ်းပန်းနှိပ်စက်နေတယ် … ပုဒ်မတေါထုတ်တယ်။ ရွာတွေဆိုရင်လဲ ၁၄၄ ထုတ်ထားတဲ့ နယ်မြေတွေလည်း ရှိတယ်ပေါ့။ ဒါပေမဲ့ သူတို့အနေနဲ့ကြတော့ ကျမတို့ ဒေသခံတွေက ဒေါ်ခင်ဝင်း ကို သတ်တယ်။ သူတို့ကို တရားစွဲလို့ မရဘူး။ မြေတွေကို မရောင်းဘဲနဲ့ သိမ်းတယ်။ တရားစွဲလို့ မရဘူး။ သီးနံှလျော်ကြေးတောင်းတယ်။ အခုထိ ဖြေရှင်းမပေးသေးဘူးဆိုတော့ နောက်အစိုးရ တက်လာမယ်ဆိုရင်တော့ မှန်ကန်တဲ့ တရားဥပဒေတခု ပေါ်ပေါက်လာပြီး ကျမတို့ဒေသခံတွေရဲ့ တရားမျှတမှု တောင်းဆိုမှုတခုကို လုပ်ဆောင်ပေးမယ်လို့တော့ ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ စီမံကိန်းကြောင့် ဒေသတွင်းမှာ တစုံတရာ တိုးတက်လာတယ်။ အကောင်းမြင် တခုမှ မရှိဘူးလား။
မစန္ဒာ ။ ။ မရှိပါဘူးရှင့်။ ဆုတ်ယုတ်တာတွေပဲ ရှိတယ်။ လက်ရှိ လယ်သိမ်းခံရလို့ စားကျက်မြေတွေ ဆုံးရှုံးတယ်။ လယ်မဲ့ယာမဲ့ ဖြစ်တယ်။ လက်လုပ်လက်စားတွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးတယ်။ ဒေသခံတွေရဲ့ သွေးစည်းညီညွတ်နေတဲ့ စိတ်ဓါတ်တွေကို ပျက်ပြားစေတယ်။ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုကို ခံရပြီးတော့ စိတ်ဆင်းရဲမှု အမျိုးမျိုးကို ခံစားနေရတယ်။ ပြီးတော့ စီမံကိန်းဟာ နေ့မှာ သိပ်မလုပ်ဘူး။ ညမှာ လုပ်တဲ့အတွက် … ညမှာ အလုပ်လုပ်ရပြီး ညကို မအိပ်ရတဲ့အချိန်တွေလည်း များတယ်လို့ ပြောတယ်။ ကျမတို့ဘက်ကလည်း ကြားနေရတာပဲ ဒီ စီမံကိန်းရဲ့စက်သံတွေ။ ပြီးတော့ ဆည်မြောင်းတာတမံတွေ ပိတ်စို့ထားတဲ့အတွက် ချင်းတွင်းမြစ်ရေကြီးတဲ့အခါမှာ ပြီးခဲ့တဲ့နှစ်က သူတို့ဘက်ကလည်း ပိတ်တယ်။ မုံရွာဘက်ကလည်း ပိတ်တယ်။ ကျမတို့ ဒီဒေသက ချင်းတွင်းမြစ်ရေ အခါတိုင်းထက် လွှမ်းမိုးမှုဒဏ်ကို ခံရတယ်။ ဆုံးရှုံးနစ်နာမှုတွေလည်း အများကြီး ဖြစ်ခဲ့တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ အသိပေးထားတာက နိုင်ငံအကျိုး၊ ဒေသအကျိုးဆိုရင် ဘာဆက်လုပ်ဖို့သင့်တယ်ဆိုပြီး ကတိပေးထားတယ်။ အဲဒီတော့ သူ့ရဲ့ ယုံကြည်ချက်အတိုင်း ဒီကိစ္စကို ဆောင်ရွက်နေတယ်လို့ မယူဆဘူးလား။
မစန္ဒာ ။ ။ သူတို့ လုပ်နေတာတွေက အလိမ်အညာတွေကြီးပဲ။ အပေါ်ယံ ရွှေမှုံကျဲတွေပဲ လုပ်နေတယ်။ သဘာဝပတ်ဝန်းကျင်နဲ့လည်း ပတ်သက်ပြီးတော့ အခုလက်ရှိ သူတို့ လုပ်နေတာက ဆိုးကျိုးတွေကြီးပဲ ဖြစ်နေတယ်။ ကျမတို့ ဒီဘက်က မြေတွေဆိုလို့ရှိရင် ပြီးခဲ့တဲ့နှစ်က ချင်းတွင်းမြစ်ရေဝင်လို့ စိုက်ပျိုးရေးမှာ အခက်အခဲဖြစ်တယ်။ တချို့လူတွေဆိုရင် ကွက်လိုက်ဖျက်တယ်။ သီးနံှအထွက်နှုန်းတွေ လျော့တယ်။ ပြီးတော့ စိုက်ပျိုးထားတဲ့ခြံတွေ ပျက်စီးတယ်။ သူတို့အနေနဲ့က စီးမံကိန်းမှာ အစီရင်ခံစာအတိုင်း လုပ်ဆောင်ပါတယ်ဆိုရင် ဒီဟာတွေ ဖြစ်လာမယ့် ပြဿနာတွေ တခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ သူတို့ တကယ် မလုပ်ဆောင်လို့သာ ကျမတို့ ဒေသခံတွေ ဒီလို ဆိုးကျိုးတွေ ခံစားနေရတာ။ ပြီးတော့ ရေတွေ အခုဆိုရင် နောက်နေတယ်။ ရေတွင်းတိုင်း၊ ရေတွင်းတိုင်း ရွှံ့ရေတွေ ချိုးနေရသလိုပေါ့။ အဲဒါတွေကိုလည်း တကယ်တမ်းဆို သူတို့အနေနဲ့ ဖြေရှင်းပေးသင့်တယ်။ ဘာမှ ဖြေရှင်းမပေးဘူး။ ပထမမူလအစ ဆိုးကျိုးပဲ ရှိသေးတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကြံပြုချက် အကောင်အထည်ဖော်ရေး ကော်မတီက ၂၀၁၅ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့တဲ့ ဆောင်ရွက်ချက် အပြီးသတ် အစီရင်ခံစာမှာတော့ စီမံကိန်း ကနဦးကာလမှာ ပိုပြီးသိမ်းထားမိတဲ့ လယ်ယာမြေတွေ ပြန်ပေးခြင်း၊ စီမံကိန်းအတွက် လိုအပ်ချက်အရ သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေအတွက် လျော့ကြေးငွေတွေကို ပေါက်ဈေးအတိုင်း ပြန်လည်ပေးအပ်ခြင်း၊ သီးနံှလျော့ကြေးတွေ ပေးအပ်ခြင်း စတာတွေအတွက် ကျပ်သိန်းပေါင်း (၇) သန်းကျော် သုံးစွဲပြီးဖြစ်တယ်လို့ ပါရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လိုအပ်တာတွေကို စီစစ်ဆောင်ရွက်ခဲ့တဲ့အပြင် ဒေသခံတွေ အထူးစိုးရိမ်နေတဲ့ သာသနိက အဆောက်အအုံတွေ ပြန်လည်ဆောက်လုပ်ပေးတာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသခံလယ်သမားတွေအတွက် နည်းပညာတွေ၊ ခေတ်မီစိုက်ပျိုးရေး လေ့လာခရီးစဉ်တွေ၊ ပံ့ပိုးမှုတွေ လုပ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ တုံရွာက ကိုမင်းမင်းကတော့
ကိုမင်းမင်း ။ ။ အဲဒါတွေက လုပ်ငန်းဖော်ဆောင်ရေးကော်မတီရဲ့ ဟန်ပြလုပ်သက်သက်တွေပါ။ ပွင့်ပွင့်လင်းလင်း ပြောရဲတယ်။ ဘာဖြစ်လို့လဲဆိုလိုရှိရင် ဥပမာ ကွန်ပြူတာသင်တန်းတက်တယ်။ ကွန်ပြူတာ ပြင်တဲ့ဟာက (၃) လ (၅) လ တက်ရတဲ့ သင်တန်းကို သူတို့က (၁) အတွင်း ပေးတယ်။ (၁) အတွင်း ပေးပြီးတော့ ဖွင့်ပွဲပိတ်ပွဲတွေ လုပ်တယ်။ တွေ့ဆုံပွဲတွေ လုပ်တယ်။ သင်ပေးတာက (၁၅) ရက်၊ ရက် (၂၀) သင်တယ်။ လက်မှတ်ချပေးတယ်။ အဲဒီ ကလေးတစ်ယောက်က အပြင်မှာ ဘာမှ လုပ်စားလို့ မရဘူး။ နောက်တခါ အကိုပြောတဲ့ စိုက်ပျိုးရေးသင်တန်းတွေ လက်တွေ့ နေပြည်တော်ကို ခေါ်သွားတာတွေ၊ နောက်တခါ ရေဆင်းခေါ်သွားတာတွေ ကြားရတယ်။ ဒါကလဲ ဆုံးရှုံးတယ့် မြေယာဆုံးရှုံးတယ့် လူတွေလည်း မဟုတ်ပါဘူး။ သင့်တော်တဲ့လူကို ခေါ်သွားတာပေါ့။ အခြားလူပဲ ခေါ်သွားတယ်။ နောက်တခါ တချက်ပြောချင်တာက အဆိုးဆုံးပေါ့ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီက မြေယာဆုံးရှုံးတဲ့ လူတွေနဲ့ ဒေသခံတွေနဲ့ (၃) နှစ်တာ ကာလမှာ တကြိမ်ပဲ တွေ့ဖူးသေးတယ်။ အဲဒီမှာလဲ ဒေသခံက ပြောခွင့်ဆိုခွင့် မရဘူး။ သူတို့ပြောတာကို နားထောင်ပြီး ပြန်ခဲ့တယ်။ အဲဒါ အဆိုးဆုံးပဲ။
ဦးသန်းလွင်ထွန်း ။ ။ လယ်ယာမဲ့ ဒေသခံတွေအနေနဲ့ အခက်အခဲတွေ အများကြီး ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ကိုမင်းမင်း ။ ။ သူတို့မှာက တော်တော်လေး ခက်ခဲသွားပြီ။ ခက်ခဲသွားပြီဆိုတာက နဂိုတုန်းကဆိုရင် ဧက (၇၈၀၀) ထဲမှာ တောင်သူတွေက လုပ်တယ်။ တောင်သူတဦးတယောက်ကိုဆိုရင် ဒီတောင်သူကို မှီခိုနေတဲ့ လယ်ယာလုပ်သား နောက်လိုက်သူတွေ ရှိတယ်။ အဲဒီလူတွေကလည်း ဒီအထဲမှာ ဝင်လုပ်ကြရတယ်။ အခုကြတော့ တောင်သူကိုယ်တိုင်ကလည်း မြေယာဆုံးရှုံးသွားပြီ။ လယ်ယာအလုပ်သမားတွေလည်း အလုပ်မဲ့သွားပြီ။ အလုပ်မဲ့တော့ တချို့ဆိုရင် မြို့တွေမှာ တက်ပြီးတော့ အငှားတွေ လိုက်ကြတာပေါ့။ တချို့ဆိုရင်လဲ နိုင်ငံခြားထွက်အောင်လို့ ထွက်နိုင်အောင် ကြံနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူဦးရေနဲ့ ကျန်တဲ့မြေလေးနဲ့ မမျှတော့ဘူး။ အဲဒီလို အခက်အခဲတွေတော့ အများကြီး ရှိတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ရွှေ့ပြောင်းပေးရမယ့် ကျေးရွာစာရင်းမှာပါတဲ့ ဇီးတောရွာ၊ ချမ်းမြဝတီကျောင်းဆရာတော် ဦးအာလောက ကလည်း …
ဆရာတော် ။ ။ တန်ရာတန်ကြေး ပေးတာတော့ ဒီအထဲမှာ တော်တော်များများက ပါသွားပြီလေ။ သူတို့ပေးထားတဲ့ဟာတွေကိုလည်း တော်တော်များများက ဒီမှာ မယူကြတာတွေလဲ တော်တော်ရှိတယ်ပေါ့။ ဒါကလဲ တန်ရာတန်ကြေး ကာလပေါက်ဈေး မရောက်တဲ့အတွက် တော်တော်များများက ကြေးနီစီမံကိန်းကြီးကို ပြောရမယ်ဆိုရင် လုံးဝလက်မခံတဲ့အတွက် မယူကြတဲ့အပိုင်းတွေ အများကြီး ရှိတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ဝမ်ပေါင်ကုမ္ပဏီရဲ့ သက်ဆိုင်ရာ တာဝန်ရှိ အရာရှိတွေနဲ့ တွေ့ဆုံမေးမြန်းခွင့်၊ ကြေးနီစိမံကိန်းဆိုက် (site) ထဲကို ဝင်ရောက်ပြီးတော့ ကြည့်ရှုခွင့် VOA ကနေ တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။
အလားတူပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါခဲ့တဲ့ ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်လည်း ဝင်ရောက်စစ်ဆေးခွင့် မရခဲ့ပါဘူး။
ဒေါ်ခင်စန်းလှိုင် ။ ။ ကျမကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဝမ်ပေါင်ကုမ္ပဏီကို သွားမေးတယ်။ ကျမ ဒီထဲကို ဝင်လုပ်နေတဲ့ အလုပ်တွေကို ဝင်ကြည့်ချင်ပါတယ်ဆိုတာကို ကျမကို ခွင့်မပြုဘူး။ ထွက်မတွေ့ဘူး။ တကယ် သူတို့ ဟိုဟာဖြစ်တယ်ဆိုရင် ကျမတို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့၊ ဒီ စီမံကိန်းကြီးနဲ့ ကျမတို့ တစိုက်မတ်မတ် ပြည်သူလူထုနဲ့အတူ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ဒီနေရာတွေကို ကျမ ကြည့်ခွင့်ရှိတယ်။ ကြည့်လည်းကြည့်သင့်တယ်။ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျမ မျက်မြင် ပြန်ရှင်းပြချင်တယ်။ အခု ဒီဒေသအတွင်းမှာ ဘယ်သူမှ မဝင်ရဘူး။ ဘာတွေလုပ်နေမှန်းလဲ ကျမ မမြင်ရဘူး။ ကျမတို့ မြင်ရတာက သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတယ်။ အကုန်လုံးရှိတဲ့ မြေစာတွေကို အကုန်လုံး တောင်ပေါ်ကနေ အောက်ကိုသွန်ချနေတယ်။ အဲဒီတော့ တနေ့ထက်တနေ့က ပြောင်းလဲပြောင်းလဲသွားတဲ့ ရှုခင်းတွေထဲမှာ ပြည်သူလူထုတွေအနေနဲ့က ဘာမှ အကျိုးမရှိဘူး။ သူတို့အနေနဲ့က စီးပွားဖြစ် ထုတ်တော့မယ်။ တနှစ်ကို သန်း (၂၀၀) လို့ ပြောပါတယ်။ ဒေါ်လာသန်း (၂၀၀) ဆိုတာ အင်မတန်မှ များပြားတဲ့ ဝင်ငွေကို ဒေသခံပြည်သူလူထုအတွက် ဘာလုပ်ပေးမှာလဲ။ နိုင်ငံတော်ကော ဘယ်လောက် အတိုင်းအတာအထိ ရမလဲ။ ရတဲ့ငွေကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာကို အခုအချိန်အထိ ကျမတို့ ဘာမှ မသိရသေးဘူး။
ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ ရရှိခဲ့တဲ့ မှတ်တမ်းရုပ်ပုံတွေအရလည်း ကြေးနီစီမံကိန်းကြီးဟာ တကယ်တမ်းကြတော့ ရပ်ဆိုင်းထားခဲ့တာ မဟုတ်ဘဲ တောင်တွေကိုဖြိုချ၊ သတ္တုရိုင်းမြေစာပုံတွေ၊ ဒုဌာရေဆင်းမယ့် ကန်ကြီးတွေအဆင့်ဆင့် တူးဖော်ပြီး လက်တွေ့ထုတ်လုပ်ရေး လုပ်ငန်းအဆင့်ပဲ ကျန်တော့တာကို တွေ့ရပါတယ်။ အနီးအနားက အငြင်းပွားနေတဲ့ စီမံကိန်းမြေယာတွေကိုလည်း ခြံစည်းရိုးနဲ့ တံတိုင်းတွေခတ် လူကျွဲနွားတွေ မဝင်နိုင်အောင် တူးမြောင်းကြီးတွေ တူးဖော်ထားပြီး တားထားတာကိုလည်း တွေ့ရပါတယ်။ ဖယ်ရှားပေးရမယ့် ကျေးရွာတွေထဲက ထွက်ခွါမသွားဘဲ တင်းခံနေတဲ့ လယ်သမားအများစုရှိရာ ဆည်တည်ရွာအနီး သပိတ်စခန်းက လယ်သူမကြီးဒေါ်ရီဝင်း ကတော့ …
ဒေါ်ရီဝင်း ။ ။ ကျုပ်တို့အနေနဲ့က ဘာဖြစ်လို့ အခု အကိုကြီး မေးသလို ရွာသစ်ကို မပြောင်းတာလဲ၊ မြေမရောင်းတာလဲ မေးလို့ရှိရင် မြေကိုလည်း မရောင်းနိုင်ဘူး။ ဘာဖြစ်လို့ မရောင်းနိုင်တာလဲဆိုရင် မြေက ကိုယ့်ဘိုးဘွားစဉ်ဆက်ကတည်းက လုပ်စားလာတဲ့ လယ်ယာမြေတွေ။ ကျုပ်တို့ ဟို အရင်းရှေးရှေးကတည်းက အဘိုးအဘွားတွေ လက်ထဲကတည်းက သားစဉ်မြေးဆက်တွေ အဆင့်ဆင့် ပေးသွားတာတွေ။ ဒီမြေတွေက။ အဆင့်ဆင့် ပေးသွားတာဆိုတော့ ကျုပ်တို့လက်ထက်ကျမှ ဒီမြေကြီးကို ရောင်းလိုက်လို့ရှိရင် ငွေရလာမယ်။ အဲဒီ ငွေက ကျုပ်တို့ တောင်သူလယ်သမားတွေက ဘာမှ လုပ်ကိုင်မစားတတ်ဘူး။ သူများလို အတိုးအပွားဖြစ်အောင်လို့လဲ လုပ်မစားတတ်ဘူး။ ဒီငွေရှိရေး ဘာမှ မလုပ်တတ်၊ မကိုင်တတ်ဘဲနဲ့ အလုပ်လဲမရှိ၊ အကိုင်လဲမရှိ ဒီငွေကို ထိုင်ပြီးဖြုန်းလိုက်လို့ရှိရင် ငွေသန်း (၂၀) ဟာ တနှစ်တောင်မှ ကုန်အောင်မသုံးရဘူး။ အဲဒါဆိုတော့ အဲဒီငွေရှိရင် ဘာမှ လုပ်မစားတတ်လို့ မြေကို မြေအစားများရမလား ရနိုးနဲ့ ထိုင်စောင့်ပြီး တောင်းနေတာ။ မြေကို ရမလားလို့။
ဦးသန်းလွင်ထွန်း ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်ခဲ့တဲ့ ၂၀၁၀ ကတည်းက ဒေသခံတွေအနေနဲ့ မကျေမနပ် ဆန္ဒပြခဲ့ရာမှာ အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေလည်း ရှိပါတယ်။ စီမံကိန်းနယ်မြေတွေအတွင်း ဝင်ရောက်ပြီး ထွန်တုံးတိုက်ပွဲတွေ၊ သပိတ်စခန်းတွေ လုပ်ခဲ့တာမို့ ၂၀၁၂ ခုနှစ် ကုန်ခံနီးမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေရော၊ ဝင်ရောက်ပူးပေါင်းခဲ့တဲ့ ဘုန်းတော်ကြီးတွေပါ အများအပြား မီးလောင်ဗုံး လောင်ကျွမ်းမှုတွေ ခံခဲ့ရတာမို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ခဲ့ရတဲ့ အနေအထား ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ခဲ့အပြီး၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းမြေခြံခတ်မှုတွေကို ဆန့်ကျင်ဆန္ဒပြမှုတွေ ထပ်ဖြစ်ခဲ့ရာမှာ ပစ်ခတ်နှိမ်နှင်းမှုတွေကြောင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မိုးကြိုးပြင်ရွာက လယ်သူမကြီးဒေါ်ခင်ဝင်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီသေဆုံးမှု ပြဿနာကိုတောင် ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူးလို့ မိုးကြိုးပြင်ရွာသား ကိုဝင်းကျော် က ပြောပါတယ်။
ကိုဝင်းကျော် ။ ။ ကျနော်တို့ လယ်မြေ မရောင်းတာက တနှစ်တခါ ထွက်လာတဲ့ သီးနံှနဲ့ ကျနော်တို့ သားသမီးလည်း ကျောင်းပို့ပေးနိုင်တယ်။ ကျနော်တို့ ဘဝရှေ့ရေး စားဝတ်နေရေး ပြေလည်တယ်။ အဲဒီတော့ အခု သူတို့ပေးတဲ့ (၁၈) သိန်း ဆိုလို့ရှိရင် အပြီးအပိုင် စွန့်လွှတ်ခြင်းဆိုတော့ ကျနော်တို့မှာ ဘာမှ ခံစားပိုင်ခွင့် မရှိတော့ဘူး။ ကျနော်တို့ သားသမီးတွေလည်း နောင်တချိန်မှာ အမွေးပေးစရာ ဘာမှမရှိတော့ဘူး။ အဲဒါကြောင့် ကျနော်တို့က မရောင်းနိုင်ဘူး။ သူတို့ မဖြစ်မနေ လုပ်မှာဆိုရင် တနေ့ သီးနံှထွက်နှုန်းနဲ့ မြေကိုအငှားဂရမ်ထွက်ပြီးမှသာ ငှားနိုင်ပါတယ်။ မရောင်းနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အငှားဆိုရင် သူတို့လုပ်ပြီးတဲ့အချိန်မှာ နှစ် (၃၀) ဆိုရင် နှစ် (၃၀) စာအပြီ။ နှစ် (၃၀) ပြည့်ရင် နိုင်ငံတကာစံချိန်အမှီနဲ့အတူ ကျနော်တို့ ပြန်လုပ်စားလို့ရအောင် သူတို့ ပြန်တဲ့အချိန်မှာ ကျနော်တို့ လယ်ယာမြေ ထွန်ခွင့်ရအောင် ပြန်ပြီးတော့ မြေကောင်းအောင် ပြန်လုပ်ပေး။
ဦးသန်းလွင်ထွန်း ။ ။ အခု ဒီကိစ္စတွေကို ပြန်ပြီးတော့ တင်ပြဖို့ကော ရှိလား။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလည်း တက်လာပြီ။ အစိုးရသစ် ဖြစ်လာပြီဆိုတော့ အဲဒါတွေကို ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။
ကိုဝင်းကျော် ။ ။ ဘာဆက်လုပ်မလဲဆိုတော့ အခု ကျနော်ပြောတဲ့အတိုင်းပဲ အငှားဂရမ်နဲ့ ကျနော်တို့က တင်ပြမယ်။ သူတို့ အငှားဂရမ်နဲ့ လုပ်ပေးမယ်ဆိုခဲ့လို့ရှိရင် ကျနော်တို့က အေးအေးဆေးဆေး ညှိပြီးတော့ ကျနော်တို့က လက်ခံမယ်။ အခုလို အပြတ်သဘော ပုံစံမျိုးကြီးနဲ့ဆိုရင် ကျနော်တို့ သားစဉ်မြေးဆက်မှာ လုပ်စားမရသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လဲ ကျနော်တို့က ဒီအငှားဂရမ်နဲ့ မဟုတ်ဘဲနဲ့ အပြတ်ပုံစံကြီး လုပ်လာရင်တော့ ကျနော်တို့က ဆက်လက်တိုက်ရအုံးမှာ။
ဦးသန်းလွင်ထွန်း ။ ။ အခု ဒီပြဿနာတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်နေတဲ့ အစိုးရအနေနဲ့ မကြာခင်မှာပဲ ရင်ဆိုင်ကြုံတွေ့ရမယ့်၊ ဖြေရှင်းပေးရမယ့် ပြဿနာတွေ ဖြစ်နေပါတယ်။